အင်္ဂုတ္တရနိကာယ်
၆-မဟာဝဂ်
၄-အာသဝသုတ်
၅၈။ ရဟန်းတို့ တရားခြောက်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် (အရပ်ဝေးမှ) ဆောင်လာ၍သော်လည်း ပေးလှူပူဇော်ရန် ထိုက်တန်၏၊ ဧည့်သည်တို့ အလို့ငှါ စီမံထားသော ဝတ္ထုကိုသော်လည်းပေးလှူပူဇော်ရန် ထိုက်တန်၏၊ တမလွန်အတွက် ရည်မျှော်သော အလှူကို ခံထိုက်၏၊ လက်အုပ်ချီခြင်းငှါထိုက်၏၊ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်၏။
အဘယ်ခြောက်မျိုးတို့နည်းဟူမူ —
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည်စောင့်စည်းမှုဖြင့် ပယ်ရမည့် အာသဝေါတရားတို့ကိုစောင့်စည်းမှုဖြင့် ပယ်အပ်ကုန်၏၊ မှီဝဲမှုဖြင့် ပယ်ရမည့် အာသဝေါတရားတို့ကို မှီဝဲမှုဖြင့် ပယ်အပ်ကုန်၏၊ သည်းခံမှုဖြင့် ပယ်ရမည့် အာသဝေါတရားတို့ကို သည်းခံမှုဖြင့် ပယ်အပ်ကုန်၏၊ ရှောင်ကြဉ်မှုဖြင့် ပယ်ရမည့် အာသဝေါတရားတို့ကို ရှောင်ကြဉ်မှုဖြင့် ပယ်အပ်ကုန်၏၊ ပယ်ဖျောက်မှုဖြင့် ပယ်ရမည့် အာသဝေါတရားတို့ကို ပယ်ဖျောက်မှုဖြင့် ပယ်အပ်ကုန်၏၊ ပွါးများမှုဖြင့် ပယ်ရမည့် အာသဝေါတရားတို့ကို ပွါးများမှုဖြင့် ပယ်အပ်ကုန်၏။
ရဟန်းတို့စောင့်စည်းမှုဖြင့် ပယ်ရမည့် အာသဝေါတရားတို့ဟူသည် အဘယ်တို့နည်း။
ရဟန်းတို့ ဤ (သာသနာတော်)၌ ရဟန်းသည် အသင့်အားဖြင့် ဆင်ခြင်၍ စက္ခုန္ဒြေကိုစောင့်စည်းမှုဖြင့်စောင့်စည်းလျက် နေ၏၊ ရဟန်းတို့ ယင်းစက္ခုန္ဒြေစောင့်စည်းမှုကို မစောင့်စည်းဘဲနေသောထိုရဟန်းအား အာသဝေါတရားနှင့် ပင်ပန်းကြောင်း (ကိလေသာ) အပူမီးတို့သည် ဖြစ်ကုန်ရာ၏၊ စက္ခုန္ဒြေစောင့်စည်းမှုကိုစောင့်စည်းနေသော ထိုရဟန်းအား ဤအကြောင်းဖြင့် ထိုအာသဝေါတရားနှင့် ပင်ပန်းကြောင်း (ကိလေသာ) အပူမီးတို့သည် မဖြစ်နိုင်ကုန်။
အသင့်အားဖြင့် ဆင်ခြင်၍ သောတိန္ဒြေ။ပ။ ဃာနိန္ဒြေ။ ဇိဝှိန္ဒြေ။ ကာယိန္ဒြေ။ မနိန္ဒြေကိုစောင့်စည်းမှုဖြင့်စောင့်စည်းလျက် နေ၏၊ ရဟန်းတို့ ယင်းမနိန္ဒြေစောင့်စည်းမှုကို မစောင့်စည်းဘဲနေသော ထိုရဟန်းအား အာသဝေါတရားနှင့် ပင်ပန်းကြောင်း (ကိလေသာ) အပူမီးတို့သည် ဖြစ်ကုန်ရာ၏၊ မနိန္ဒြေစောင့်စည်းမှုကိုစောင့်စည်းနေသော ရဟန်းအား ဤအကြောင်းဖြင့် ထိုအာသဝေါတရားနှင့် ပင်ပန်းကြောင်း (ကိလေသာ) အပူမီးတို့သည် မဖြစ်နိုင်ကုန်၊ ရဟန်းတို့ ဤအာသဝေါတရားတို့ကိုစောင့်စည်းမှုဖြင့် ပယ်ရမည့် အာသဝေါတရားတို့ဟူ၍ ဆိုရကုန်၏။
ရဟန်းတို့ မှီဝဲမှုဖြင့် ပယ်ရမည့် အာသဝေါတရားတို့ဟူသည် အဘယ်တို့နည်း။
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် အသင့်အားဖြင့် ဆင်ခြင်၍ သင်္ကန်းကို မှီဝဲ၏၊ အအေး ကိုပယ်ဖျောက်ရန်မျှသာ အပူကို ပယ်ဖျောက်ရန်မျှသာ မှက် ခြင် လေ နေပူ မြွေ ကင်း သန်း တို့၏အတွေ့တို့ကို ပယ်ဖျောက်ရန်မျှသာ အရှက်ကို ဖျက်ဆီးတတ်သော ကိုယ်အင်္ဂါကို ဖုံးလွှမ်းရန်မျှသာ (သင်္ကန်းကို မှီဝဲ၏)။
အသင့်အားဖြင့် ဆင်ခြင်၍ ဆွမ်းကို မှီဝဲ၏၊ မြူးထူးရန် မာန်ယစ်ရန် တန်ဆာဆင်ရန် အရေအဆင်း့ဖွံ့ဖြိုးတိုးပွါးရန် (ဆွမ်းကို မှီဝဲသည်) မဟုတ်၊ ဤကိုယ်တည်တံ့ရန်သာ မျှတရန်သာ ဆာလောင်မွတ်သိပ်၍ပင်ပန်းခြင်းကို ပယ်ဖျောက်ရန်သာ မြတ်သော အကျင့်ကို ချီးမြှောက်ရန်သာ ဆွမ်းကို မှီဝဲ၏၊ ဤသို့မှီဝဲခြင်းဖြင့် ဝေဒနာဟောင်းကိုလည်း ပယ်ဖျောက်အံ့၊ ဝေဒနာသစ်ကိုလည်း မဖြစ်စေအံ့၊ ငါ့အားမျှတခြင်း အပြစ်မရှိခြင်းနှင့် ချမ်းသာစွာနေရခြင်းသည် ဖြစ်ပေလိမ့်မည်ဟု (ဆွမ်းကို မှီဝဲ၏)။
အသင့်အားဖြင့် ဆင်ခြင်၍ ကျောင်းအိပ်ရာနေရာကို မှီဝဲ၏၊ အအေးကို ပယ်ဖျောက်ရန်မျှသာ အပူကိုပယ်ဖျောက်ရန်မျှသာ မှက် ခြင် လေ နေပူ မြွေ ကင်းသန်း တို့၏ အတွေ့တို့ကို ပယ်ဖျောက်ရန်မျှသာရာသီဥတု ဘေးရန်ကို ပယ်ဖျောက်၍ ကိန်းအောင်းမွေ့လျော်ရန်မျှသာ (ကျောင်းအိပ်ရာနေရာကို မှီဝဲ၏)။
အသင့်အားဖြင့် ဆင်ခြင်၍ သူနာ၏ အထောက်အပံ့ ဆေးပစ္စည်း အသုံးအဆောင်ကို မှီဝဲ၏၊ ဖြစ်ပေါ်လာသည့် ကျင်နာခံခက် နှိပ်စက်တတ်သော ရောဂါဝေဒနာတို့ကို ပယ်ဖျောက်ရန်မျှသာ ဆင်းရဲဒုက္ခကင်းပျောက်ရန်မျှသာ (ဆေးကို မှီဝဲ၏)။
ရဟန်းတို့ ယင်းပစ္စည်းလေးပါးကို (ဆင်ခြင်၍) မသုံးဆောင် မမှီဝဲသော ထိုရဟန်းအား အာသဝေါတရားနှင့် ပင်ပန်းကြောင်း (ကိလေသာ) အပူမီးတို့သည် ဖြစ်ကုန်ရာ၏၊ (ဆင်ခြင်၏) မှီဝဲသော ထိုရဟန်းအား ဤအကြောင်းဖြင့် ထိုအာသဝေါတရားနှင့် ပင်ပန်းကြောင်း (ကိလေသာ) အပူမီးတို့သည် မဖြစ်နိုင်ကုန်၊ ရဟန်းတို့ ဤအာသဝေါတရားတို့ကို မှီဝဲမှုဖြင့် ပယ်ရမည့် အာသဝေါတရားတို့ဟူ၍ ဆိုရကုန်၏၊
ရဟန်းတို့ သည်းခံမှုဖြင့် ပယ်ရမည့် အာသဝေါတရားတို့ဟူသည် အဘယ်တို့နည်း။
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် အသင့်အားဖြင့် ဆင်ခြင်၍ အချမ်း အပူ ဆာလောင်ခြင်းမွတ်သိပ်ခြင်း မှက် ခြင် လေ နေပူ မြွေ ကင်းသန်းတို့၏ အတွေ့ကိုလည်းကောင်း၊ မကောင်းသဖြင့်ဆိုအပ်ကုန် မကောင်းသဖြင့် ကျရောက်လာကုန်သော စကားတို့ကိုလည်းကောင်း၊ ဖြစ်ပေါ်လာကုန်သောကိုယ်၌ ဖြစ်ကုန်သော ပြင်းထန် ကြမ်းကြုတ် ခါးစပ် ကျင်နာ မသာယာဖွယ် မနှစ်သက်ဖွယ်ဖြစ်ကုန်သော သေလောက်သော ဆင်းရဲဝေဒနာတို့ကိုလည်းကောင်း သည်းခံနိုင်သော သဘောရှိ၏၊ ရဟန်းတို့ ယင်း ဆင်းရဲဒုက္ခကို သည်းမခံနိုင်သော ထိုရဟန်းအား အာသဝေါတရားနှင့် ပင်ပန်းကြောင်း (ကိလေသာ) အပူမီးတို့သည် ဖြစ်ကုန်ရာ၏၊ သည်းခံနိုင်သော ထိုရဟန်းအား ဤအကြောင်းဖြင့်ထိုအာသဝေါတရားနှင့် ပင်ပန်းကြောင်း (ကိလေသာ) အပူမီးတို့သည် မဖြစ်နိုင်ကုန်၊ ရဟန်းတို့ဤအာသဝေါတရားတို့ကို သည်းခံမှုဖြင့် ပယ်ရမည့် အာသဝေါတရားတို့ဟူ၍ ဆိုရကုန်၏။
ရဟန်းတို့ ရှောင်ကြဉ်မှုဖြင့် ပယ်ရမည့် အာသဝေါတရားတို့ဟူသည် အဘယ်တို့နည်း။
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် အသင့်အားဖြင့် ဆင်ခြင်၍ ဆင်ကြမ်း မြင်းကြမ်း နွားကြမ်းခွေးကြမ်းကို ရှောင်ကြဉ်၏၊ မြွေ သစ်ငုတ် ဆူးရှိရာအရပ် ချောက်ကမ်းပါး အညစ်အကြေး စွန့်ရာတန်စီးတွင်း အညစ်အကြေးစီးဆင်းရာ တန်စီးမြောင်းကို ရှောင်ကြဉ်၏၊ အကြင်သို့သဘောရှိသောမသင့်သော နေရာမျိုး၌ နေသောရဟန်း၊ မသင့်သော ကျက်စားရာမျိုး၌ ကျက်စားသောရဟန်း၊ ယုတ်မာသော မိတ်ဆွေကို ပေါင်းသင်း ဆည်းကပ်သော ရဟန်းကို ပညာရှိ သီတင်းသုံးဖော်တို့က မကောင်းသောအရာဌာနတို့၌ တွေးတောကုန်ရာ၏။ ထိုရဟန်းသည် ထိုမသင့်သော နေရာမျိုး၊ မသင့်သော ကျက်စားရာမျိုး၊ မိတ်ဆွေယုတ်မျိုးတို့ကို အသင့်အားဖြင့် ဆင်ခြင်၍ ရှောင်ကြဉ်၏။ ရဟန်းတို့ ယင်းမသင့်သောအရာကို မရှောင်ကြဉ်သော ထိုရဟန်းအား အာသဝေါတရားနှင့် ပင်ပန်းကြောင်း (ကိလေသာ) အပူမီးတို့သည် ဖြစ်ကုန်ရာ၏၊ ရှောင်ကြဉ်သော ထိုရဟန်းအား ဤအကြောင်းဖြင့် ထိုအာသဝေါတရားနှင့် ပင်ပန်းကြောင်း (ကိလေသာ) အပူမီးတို့သည် မဖြစ်နိုင်ကုန်၊ ရဟန်းတို့ ဤအာသဝေါတရားတို့ကို ရှောင်ကြဉ်မှုဖြင့် ပယ်ရမည့် အာသဝေါတရားတို့ဟူ၍ ဆိုရကုန်၏။
ရဟန်းတို့ ပယ်ဖျောက်မှုဖြင့် ပယ်ရမည့် အာသဝေါတရားတို့ဟူသည် အဘယ်တို့နည်း။
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် အသင့်အားဖြင့် ဆင်ခြင်၍ ဖြစ်ပေါ်လာသော ကာမ့ဂုဏ်ကြံစည်မှု ‘ကာမဝိတက်’ ကို လက်မခံ ပယ်စွန့်၏၊ ဖျောက်ဖျက်၏၊ ကင်းအောင်ပြု၏၊ နောက်ထပ်မဖြစ်ခြင်းသို့ ရောက်စေ၏၊ ဖြစ်ပေါ်လာသော သူတစ်ပါးတို့ ပျက်စီးကြောင်း ကြံစည်မှု ‘ဗျာပါဒ’ ဝိတက်ကို။ပ။ ဖြစ်ပေါ်လာသော သူတစ်ပါးကို ညှင်းဆဲကြောင်း ကြံစည်မှု ‘ဝိဟိံသဝိတက်’ကို။ပ။ ဖြစ်ပေါ်လာတိုင်း ဖြစ်ပေါ်လာတိုင်းကုန်သော ယုတ်ညံ့သော အကုသိုလ်တရားတို့ကို လက်မခံ ပယ်စွန့်၏၊ ဖျောက်ဖျက်၏၊ ကင်းအောင်ပြု၏၊ နောက်ထပ်မဖြစ်ခြင်းသို့ ရောက်စေ၏၊ ရဟန်းတို့ ယင်းအကုသိုလ်တရားကိုမဖျောက်ဖျက်သော ထိုရဟန်းအား အာသဝေါတရားနှင့် ပင်ပန်းကြောင်း (ကိလေသာ) အပူမီးတို့သည်ဖြစ်ကုန်ရာ၏၊ ဖျောက်ဖျက်သော ထိုရဟန်းအား ဤအကြောင်းဖြင့် ထိုအာသဝေါတရားနှင့် ပင်ပန်းကြောင်း (ကိလေသာ) အပူမီးတို့သည် မဖြစ်နိုင်ကုန်။ ရဟန်းတို့ ဤအာသဝေါတရားတို့ကို ပယ်ဖျောက်မှုဖြင့် ပယ်ရမည့် အာသဝေါတရားတို့ဟူ၍ ဆိုရကုန်၏။
ရဟန်းတို့ ပွါးများမှုဖြင့် ပယ်ရမည့် အာသဝေါတရားတို့ဟူသည် အဘယ်တို့နည်း။
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် အသင့်အားဖြင့် ဆင်ခြင်၍ ဆိတ်ငြိမ်မှု ‘ဝိဝေက’၌ မှီသော၊ တပ်မက်ခြင်းကင်းမှု ‘ဝိရာဂ’၌ မှီသော၊ ချုပ်ငြိမ်းမှု ‘နိရောဓ’၌ မှီသော၊ ကိလေသာကို ပယ်စွန့်မှု’ပရိစ္စာဂဝေါဿဂ္ဂ’၊ နိဗ္ဗာန်သို့ အာရုံပြုသောအားဖြင့် ပြေးဝင်မှု ‘ပက္ခန္ဒနဝေါဿဂ္ဂ’ ကို ရင့်ကျက်စေတတ်သော အောက်မေ့မှု ‘သတိသမ္ဗောဇ္ဈင်’ ကို ပွါးများ၏၊ အသင့်အားဖြင့် ဆင်ခြင်၍ တရားတို့ကိုစိစစ် သိမြင်မှုပညာ ‘ဓမ္မဝိစယ သမ္ဗောဇ္ဈင်’ကို ပွါးများ၏။ အားထုတ်မှု ‘ဝီရိယသမ္ဗောဇ္ဈင်’ ကို ပွါးများ၏၊ နှစ်သိမ့်မှု ‘ပီတိသမ္ဗောဇ္ဈင်’ကို ပွါးများ၏၊ ငြိမ်းအေးမှု ‘ပဿဒ္ဓိသမ္ဗောဇ္ဈင်’ ကို ပွါးများ၏၊ တည်ငြိမ်မှု ‘သမာဓိသမ္ဗောဇ္ဈင်’ ကို ပွါးများ၏။ ဆိတ်ငြိမ်ခြင်း ‘ဝိဝေက’၌ မှီသော၊ တပ်မက်ခြင်းကင်းမှု ‘ဝိရာဂ’၌ မှီသော၊ ချုပ်ငြိမ်းမှု ‘နိရောဓ’၌ မှီသော၊ ကိလေသာကို ပယ်စွန့်မှု ‘ပရိစ္စာဂဝေါဿဂ္ဂ’၊ နိဗ္ဗာန်သို့ အာရုံပြုသောအားဖြင့် ပြေးဝင်မှု ‘ပက္ခန္ဒနဝေါဿဂ္ဂ’ ကို ရင့်ကျက်စေတတ်သော လျစ်လျူရှုမှု ‘ဥပေက္ခာသမ္ဗောဇ္ဈဉ်’ ကို ပွါးများ၏၊ ရဟန်းတို့ ယင်းဗောဇ္ဈင်ခုနစ်ပါးကိုဟုတ်တိုင်းမှန်စွာ မပွါးများသောထိုရဟန်းအား အာသဝေါတရားနှင့် ပင်ပန်းကြောင်း (ကိလေသာ) အပူမီးတို့သည် ဖြစ်ကုန်ရာ၏၊ ပွါးများသော ထို ရဟန်းအား အာသဝေါတရားနှင့် ပင်ပန်းကြောင်း (ကိလေသာ) အပူမီးတို့သည်မဖြစ်နိုင်ကုန်။ ရဟန်းတို့ ဤအာသဝေါတရားတို့ကို ပွါးများမှုဖြင့် ပယ်ရမည့် အာသဝေါတရားတို့ဟူ၍ဆိုရကုန်၏။
ရဟန်းတို့ ဤတရားခြောက်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် (အရပ်ဝေးမှ) ဆောင်လာ၍သော်လည်း ပေးလှူပူဇော်ရန် ထိုက်တန်၏၊ ဧည့်သည်တို့ အလို့ငှါ စီမံထားသော ဝတ္ထုကိုသော်လည်းပေးလှူပူဇော်ရန် ထိုက်တန်၏၊ တမလွန်အတွက် ရည်မျှော်သော အလှူကို ခံထိုက်၏၊ လက်အုပ်ချီခြင်းငှါထိုက်၏၊ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေ ဖြစ်၏ဟု (မိန့်တော်မူ၏)။
စတုတ္ထသုတ်။