မဇ္ဈိမနိကာယ်

၂— မဟာသီဟနာဒသုတ်

၁၄၆။ အကျွန်ုပ်သည် ဤသို့ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဝေသာလီပြည်၏အပြင် ဝေသာလီပြည်၏ အနောက်မျက်နှာအရပ်တွင်ရှိသော အပရပူရတောအုပ်၌ သီတင်းသုံးနေတော်မူ၏။ ထိုစဉ်အခါ၌ ဤသာသနာတော်မှဖဲသွား၍ မကြာသေးသော လိစ္ဆဝီမင်းသား သုနက္ခတ်သည် ဝေသာလီပြည် ပရိသတ်အလယ်၌ ဤသို့သောစကားကို ပြောဆို၏—

“ရဟန်းဂေါတမအား လူတို့၏ (ကုသိုလ်ကမ္မပထ) တရားထက် သာလွန်သော အရိယာ ဖြစ်ရန်စွမ်းနိုင်သော ဉာဏ်အမြင်ထူး မရှိ၊ ရဟန်း ဂေါတမသည်ကြံစည် ယူဆလျက် စူးစမ်း လေ့လာကာအလိုလို ထင်မြင်လာသော တရားကို ဟောကြား၏။ ထိုရဟန်း ဂေါတမ ဟောကြား ထားသောတရားသည် ထိုသိုဟောတိုင်း ပြုကျင့်သူအား ဝဋ်ဆင်းရဲကုန်ခြင်း အကျိုးငှါ ကောင်းစွာ ထုတ်ဆောင်၏” ဟု (ပြောဆို၏)။

ထိုအခါ နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်ကာ ဝေသာလီပြည်သို့ဆွမ်းခံဝင်တော်မူသော အသျှင်သာရိပုတြာသည် ဝေသာလီပရိသတ် အလယ်၌—

“ရဟန်းဂေါတမအား လူတို့၏ (ကုသိုလ်ကမ္မပထ) တရားထက် သာလွန်သော အရိယာဖြစ်ရန်စွမ်းနိုင်သော ဉာဏ်အမြင်ထူး မရှိ၊ ရဟန်း ဂေါတမသည်ကြံစည် ယူဆလျက် စူးစမ်းလေ့လာကာအလိုလို ထင်မြင်လာသော တရားကို ဟောကြား၏။ ထိုရဟန်းဂေါတမ ဟောကြားထားသောတရားသည် ထိုသို့ ဟောတိုင်း ပြုကျင့်သူအား ဝဋ်ဆင်းရဲကုန်ခြင်း အကျိုးငှါ ကောင်းစွာထုတ်ဆောင်၏” ဟု ပြောဆိုနေသော လိစ္ဆဝီမင်းသား သုနက္ခတ်၏ စကားကို ကြားလေ၏။

ထို့နောက် အသျှင်သာရိပုတြာသည် ဝေသာလီပြည်၌ ဆွမ်းခံလှည့်လည်၍ ဆွမ်းခံရာမှ ဖဲခွါလျက့်ဆွမ်းစားပြီးနောက် မြတ်စွာဘုရားရှိတော်မူရာသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုး၍တစ်ခုသော အရပ်၌ ထိုင်ပြီးလျှင် မြတ်စွာဘုရားအား—

“အသျှင်ဘုရား ဤသာသနာတော်မှ ဖဲခွါသွား၍ မကြာသေးသော လိစ္ဆဝီမင်းသား သုနက္ခတ် သည်ဝေသသလီပရိသတ်အလယ်၌ ‘ရဟန်းဂေါတမအား လူတို့၏ (ကုသိုလ်ကမ္မပထ) တရားထက်သာလွန်သော အရိယာဖြစ်ရန် စွမ်းနိုင်သော ဉာဏ်အမြင်ထူး မရှိ၊ ရဟန်းဂေါတမသည် ကြံစည်ယူဆလျက် စူးစမ်းလေ့လာကာ အလိုလို ထင်မြင်လာသော တရားကို ဟောကြား၏၊ ထိုရဟန်း ဂေါတမဟောထားသော တရားသည် ထိုသို့ ဟောတိုင်း ပြုကျင့်သူအား ဝဋ်ဆင်းရဲကုန်ခြင်း အကျိုးငှါ ကောင်းစွာထုတ်ဆောင်၏’ဟူ၍ ပြောဆိုပါသည်” ဟု (လျှောက်၏)။

၁၄၇။ သာရိပုတြာ (မဂ်ဖိုလ်မှ) အချည်းနှီးသော ယောကျာ်းဖြစ်သော သုနက္ခတ်သည် အမျက်ထွက်လေ့ရှိ၏၊ ထိုသုနက္ခတ်သည် ဤစကားကို အမျက်ထွက်ခြင်းကြောင့် ပြောဆို၏၊ သာရိပုတြာ (မဂ်ဖိုလ် မှ) အချည်းနှီးသော ယောကျာ်းဖြစ်သော သုနက္ခတ်သည် “ကျေးဇူးမဲ့ကို ပြောဆိုမည်” ဟု (ရည်ရွယ် လျက်) ငါဘုရား၏ ကျေးဇူးကိုသာလျှင် ပြောဆို၏။ သာရိပုတြာ “ရဟန်းဂေါတမဟောထားသော တရားသည် ထိုသို့ဟောတိုင်း ပြုကျင့်သူအား ဝဋ်ဆင်းရဲကုန်ခြင်းအကျိုးငှါ ကောင်းစွာထုတ်ဆောင်၏” ဟု ပြောဆိုသော သူသည် ငါဘုရား၏ ကျေးဇူးကိုသာ ပြောဆိုပေ၏။

သာရိပုတြာ (မဂ်ဖိုလ်မှ) အချည်းနှီးသော ယောကျာ်းဖြစ်သော သုနက္ခတ်အား “ထိုမြတ်စွာဘုရား သည်ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း အရဟံ မည်တော်မူ၏၊ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း သမ္မာသမ္ဗုဒ္ဓမည်တော်မူ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း ဝိဇ္ဇာစရဏသမ္ပန္နမည်တော်မူ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း သုဂတမည်တော် မူ၏၊ လောကကို သိတော်မူသော အကြောင်းကြောင့်လည်း လောကဝိဒူ မည်တော်မူ၏၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ် ဖြစ်တော်မူသော အကြောင်းကြောင့်လည်း အနုတ္တရောပုရိသဒမ္မသာရထိ မည်တော်မူ၏၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်းသတ္ထာ ဒေဝမနုဿာနံ မည် တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသောအကြောင်းကြောင့်လည်း ဗုဒ္ဓ မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်းဘဂဝါ မည်တော်မူ၏” ဟူ၍ ငါဘုရားအပေါ်၌ တရားသို့ အစဉ်လျှောက်၍ သိတတ်သော ဉာဏ်မျှလည်းမဖြစ်ရှာပလေ။

သာရိပုတြာ (မဂ်ဖိုလ်မှ) အချည်းနှီးသော ယောကျာ်းဖြစ်သော သုနက္ခတ်အား “ထိုမြတ်စွာဘုရား သည်များပြားသော တန်ခိုးဖန်ဆင်းခြင်းကိုပြီးစေ၏၊ တစ်ယောက်တည်း ဖြစ်လျက်လည်း အများဖြစ်သွားစေနိုင်၏၊ အများဖြစ်လျက်လည်း တစ်ယောက်တည်း ဖြစ်လာစေနိုင်၏၊ ကိုယ်ထင်ရှားဖြစ်စေနိုင်၏၊ ကိုယ်ပျောက်စေနိုင်၏၊ နံရံတစ်ဖက် တံတိုင်းတစ်ဖက် တောင်တစ်ဖက်သို့ မထိမငြိဘဲ ကောင်းကင်၌ကဲ့သို့သွားတော်မူနိုင်၏၊ မြေ၌လည်း ငုပ်ခြင်း ပေါ်ခြင်းကို ရေ၌ကဲ့သို့ ပြုတော်မူနိုင်၏၊ ရေ၌လည်း မကွဲစေဘဲမြေ၌ကဲ့သို့ သွားနိုင်၏။ ကောင်းကင်၌လည်း ထက်ဝယ်ဖွဲ့ခွေလျက် အတောင်ရှိသော ငှက်ကဲ့သို့ သွားနိုင်၏၊ ဤသို့ တန်ခိုးကြီးကုန်သော ဤသို့ အာနုဘော်ကြီးကုန်သော ဤလနေတို့ကိုလည်း လက်ဖြင့် သုံးသပ်နိုင်၏၊ ဆုပ်ကိုင်နိုင်၏၊ ဗြဟ္မာ့ပြည်တိုင်အောင်လည်း ကိုယ်ကို (မိမိ) အလိုအတိုင်း ဖြစ်စေနိုင်၏ ဟူ၍ငါဘုရားအပေါ်၌ တရားသို့ အစဉ်လျှောက်၍ သိတတ်သော ဉာဏ်မျှလည်း မဖြစ်ရှာပလေ။

သာရိပုတြာ (မဂ်ဖိုလ်မှ) အချည်းနှီးသော ယောကျာ်းဖြစ်သော သုနက္ခတ်အား “ထိုမြတ်စွာဘုရား သည်အထူးသဖြင့် စင်ကြယ်သော လူတို့၏ နားထက် သာလွန်သော နတ်တို့၏ နားနှင့်တူသော ‘ဒိဗ္ဗသောတ’ဉာဏ်ဖြင့် နတ်၌လည်း ဖြစ်ကုန်သော လူ၌လည်း ဖြစ်ကုန်သော ဝေးသည်လည်း ဖြစ်ကုန့်သော နီးသည်လည်း ဖြစ်ကုန်သော နှစ်မျိုးသော အသံတို့ကို ကြားနိုင်၏” ဟူ၍ ငါဘုရားအပေါ်၌ တရားသို့ အစဉ်လျှောက်၍ သိတတ်သော ဉာဏ်မျှလည်း မဖြစ်ရှာပလေ။

သာရိပုတြာ (မဂ်ဖိုလ်မှ) အချည်းနှီးသော ယောကျာ်းဖြစ်သော သုနက္ခတ်အား “ထိုမြတ်စွာဘုရား သည်တစ်ပါးသောသတ္တဝါ တစ်ပါးသောပုဂ္ဂိုလ်တို့၏ စိတ်ကို မိမိစိတ်ဖြင့် ပိုင်းခြား၍ သိတော်မူ၏၊ တပ်မက်ခြင်း ‘ရာဂ’နှင့်တကွသော စိတ်ကိုလည်း တပ်မက်ခြင်း ‘ရာဂ’ နှင့်တကွသော စိတ်ဟု သိ၏၊ တပ်မက်ခြင်း ‘ရာဂ’ ကင်းသော စိတ်ကိုလည်း တပ်မက်ခြင်း ‘ရာဂ’ ကင်းသောစိတ်ဟု သိ၏၊ အမျက်ထွက်ခြင်း ‘ဒေါသ’ နှင့်တကွသော စိတ်ကိုလည်း အမျက်ထွက်ခြင်း ‘ဒေါသ’ နှင့်တကွသော စိတ်ဟု သိ၏၊ အမျက်ထွက်ခြင်း ‘ဒေါသ’ ကင်းသော စိတ်ကိုလည်း အမျက်ထွက်ခြင်း ‘ဒေါသ’ ကင်းသောစိတ်ဟုသိ၏၊ တွေဝေခြင်း ‘မောဟ’ နှင့်တကွသော စိတ်ကိုလည်း တွေဝေခြင်း ‘မောဟ’ နှင့်တကွသော စိတ်ဟုသိ၏၊ တွေဝေခြင်း ‘မောဟ’ ကင်းသော စိတ်ကိုလည်း တွေဝေခြင်း ‘မောဟ’ကင်းသော စိတ်ဟု သိ၏၊ ကျုံ့သော ‘သံခိတ္တ’ စိတ်ကိုလည်း ကျုံ့သော ‘သံခိတ္တ’ စိတ်ဟု သိ၏၊ ပျံ့သော ‘ဝိက္ခိတ္တ’ စိတ်ကိုလည်းပျံ့သော ‘ဝိက္ခိတ္တ’ စိတ်ဟု သိ၏၊ မြတ်သည်၏ အဖြစ်သို့ ရောက်သော ‘မဟဂ္ဂုတ်’ စိတ်ကိုလည်းမြတ်သည်၏ အဖြစ်သို့ ရောက်သော ‘မဟဂ္ဂုတ်’ စိတ်ဟု သိ၏၊ မြတ်သည်၏ အဖြစ်သို့ မရောက်သော ‘အမဟဂ္ဂုတ်’ စိတ်ကိုလည်း မြတ်သည်၏ အဖြစ်သို့ မရောက်သော ‘အမဟဂ္ဂုတ်’ စိတ်ဟု သိ၏၊ သာလွန်သော တရားရှိသော ‘သဥတ္တရ’စိတ်ကိုလည်း သာလွန်သော တရားရှိသော ‘သဥတ္တရ’ စိတ်ဟုသိ၏၊ သာလွန်သော တရား မရှိသော ‘အနုတ္တရ’ စိတ်ကိုလည်း သာလွန်သော တရားမရှိသော ‘အနုတ္တရ’ စိတ်ဟု သိ၏။ တည်ကြည် သော ‘သမာဟိတ’ စိတ်ကိုလည်း တည်ကြည်သော ‘သမာဟိတ’ စိတ်ဟု သိ၏၊ မတည်ကြည်သော ‘အသမာဟိတ’ စိတ်ကိုလည်း မတည်ကြည်သော ‘အသမာဟိတ’ စိတ်ဟု သိ၏။ လွတ်မြောက်သော ‘ဝိမုတ္တ’ စိတ်ကိုလည်း လွတ်မြောက်သော ‘ဝိမုတ္တ’ စိတ်ဟု သိ၏၊ မလွတ်မြောက်သော ‘အဝိမုတ္တ’ စိတ်ကိုလည်း မလွတ်မြောက်သော ‘အဝိမုတ္တ’စိတ်ဟု သိ၏” ဟူ၍ ငါဘုရားအပေါ်၌ တရားသို့ အစဉ်လျှောက်၍ သိ တတ်သော ဉာဏ်မျှလည်းမဖြစ်ရှာပလေ။

မြတ်စွာဘုရား၏ အားတော်ဆယ်ပါး

၁၄၈။ သာရိပုတြာ မြတ်စွာဘုရား၏ အားတော်တို့သည် ဆယ်ပါးတို့တည်း၊ မြတ်စွာဘုရားသည်ယင်းအားတော်တို့နှင့် ပြည့်စုံသည်ဖြစ်၍ မြင့်မြတ်ကြောင်းကို ဝန်ခံ၏၊ ပရိသတ်တို့၌ ရဲဝံ့သော စကားကိုမြွက်ဆို၏၊ မြတ်သော တရားစကြာကို လည်စေ၏။

အားတော်ဆယ်ပါးတို့ဟူသည် အဘယ်တို့နည်း ဟူမူ—

သာရိပုတြာ ဤလောက၌ မြတ်စွာဘုရားသည် အကြောင်းဟုတ်သည်ကိုလည်း အကြောင်းဟုတ်သောအားဖြင့်, အကြောင်းမဟုတ်သည်ကိုလည်း အကြောင်းမဟုတ်သောအားဖြင့်ဟုတ်တိုင်းမှန်စွာ ခွဲခြား၍သိ၏၊ သာရိပုတြာ ယင်းသို့ အကြောင်းဟုတ်သည်ကိုလည်း အကြောင်းဟုတ်သောအားဖြင့်, အကြောင်းမဟုတ်သည်ကိုလည်း အကြောင်းမဟုတ်သောအားဖြင့်ဟုတ်တိုင်းမှန်စွာ မြတ်စွာဘုရား၏ ခွဲခြား၍ သိခြင်းသည်လည်း မြတ်စွာဘုရား၏ အားမည်၏၊ ယင်းအားကို စွဲ၍ မြတ်စွာဘုရားသည် မြင့်မြတ်ကြောင်းကိုဝန်ခံ၏၊ ပရိသတ်တို့၌ ရဲဝံ့သော စကားကို မြွက်ဆို၏၊ မြတ်သော တရားစကြာကို လည်စေ၏။ (၁)

သာရိပုတြာ ထို့ပြင်လည်း မြတ်စွာဘုရားသည် အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်သည့် ဆောက်တည်၍ပြုအပ်သော ကံတို့၏ အကျိုးကို အထောက်အပံ့အားဖြင့် အကြောင်းအားဖြင့်ဟုတ်တိုင်းမှန်စွာ ခွဲခြား၍သိ၏။ သာရိပုတြာ ယင်းသို့ အတိတ်အနာဂတ် ပစ္စုပ္ပန်ဖြစ်သည့် ဆောက်တည်၍ ပြုအပ်သော ကံတို့၏အကျိုးကို အထောက် အပံ့အားဖြင့် အကြောင်းအားဖြင့်ဟုတ်တိုင်းမှန်စွာ မြတ်စွာဘုရား၏ ခွဲခြား၍သိခြင်းသည်လည်း မြတ်စွာဘုရား၏ အားမည်၏၊ ယင်းအားကို စွဲ၍ မြတ်စွာဘုရားသည့်မြင့်မြတ်ကြောင်း ကို ဝန်ခံ၏၊ ပရိသတ်တို့၌ ရဲဝံ့သော စကားကို မြွက်ဆို၏၊ မြတ်သော တရားစကြာကိုလည်စေ၏။ (၂)

သာရိပုတြာ ထို့ပြင်လည်း မြတ်စွာဘုရားသည် အလုံးစုံသော ဂတိငါးတန်နှင့် နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ကိုဟုတ်တိုင်းမှန်စွာ ခွဲခြား၍ သိ၏၊ သာရိပုတြာ ယင်းသို့ အလုံးစုံ သောဂတိငါးတန်နှင့် နိဗ္ဗာန်သို့ ရောက်ကြောင်းအကျင့်ကိုဟုတ်တိုင်းမှန်စွာ မြတ်စွာဘုရား၏ ခွဲခြား၍သိခြင်းသည်လည်း မြတ်စွာဘုရား၏ အားမည်၏၊ ယင်းအားကို စွဲ၍ မြတ်စွာဘုရားသည်မြင့်မြတ်ကြောင်းကို ဝန်ခံ၏၊ ပရိသတ်တို့၌ ရဲဝံ့သော စကားကို မြွက်ဆို၏၊ မြတ်သော တရားစကြာကိုလည်စေ၏။ (၃)

သာရိပုတြာ ထို့ပြင်လည်း မြတ်စွာဘုရားသည် များပြားသောဓာတ် အမျိုးမျိုးသော ဓာတ်တို့ရှိသောလောကကိုဟုတ်တိုင်းမှန်စွာ ခွဲခြား၍ သိ၏။ သာရိပုတြာ ယင်းသို့ များပြားသော ဓာတ် အမျိုးမျိုးသော ဓာတ်တို့ရှိသော လောကကိုဟုတ်တိုင်းမှန်စွာ မြတ်စွာဘုရား၏ ခွဲခြား၍ သိခြင်းသည်လည်းမြတ်စွာဘုရား၏ အားမည်၏၊ ယင်းအားကို စွဲ၍ မြတ်စွာဘုရားသည် မြင့်မြတ်ကြောင်းကို ဝန်ခံ၏၊ ပရိသတ်တို့ ၌ ရဲဝံ့သော စကားကို မြွက်ဆို၏၊ မြတ်သော တရားစကြာကို လည်စေ၏။ (၄)

သာရိပုတြာ ထို့ပြင်လည်း မြတ်စွာဘုရားသည် သတ္တဝါတို့၏ စိတ်ထား အမျိုးမျိုးကိုဟုတ်တိုင်း မှန်စွာခွဲခြား၍ သိ၏၊ သာရိပုတြာ ယင်းသို့ သတ္တဝါတို့၏ စိတ်ထားအမျိုးမျိုးကိုဟုတ်တိုင်းမှန်စွာမြတ်စွာဘုရား၏ ခွဲခြား၍ သိခြင်းသည်လည်း မြတ်စွာဘုရား၏ အားမည်၏၊ ယင်းအားကို စွဲ၍ မြတ်စွာဘုရားသည် မြင့်မြတ်ကြောင်းကို ဝန်ခံ၏၊ ပရိသတ်တို့ ၌ ရဲဝံ့သော စကားကို မြွက်ဆို၏၊ မြတ်သောတရားစကြာကို လည်စေ၏။ (၅)

သာရိပုတြာ ထို့ပြင်လည်း မြတ်စွာဘုရားသည် အယုတ် အမြတ်ဖြစ်သော ပုဂ္ဂိုလ်သတ္တဝါတို့၏ဣန္ဒြေအနု အရင့်ကိုဟုတ်တိုင်းမှန်စွာ ခွဲခြား၍ သိ၏။ သာရိပုတြာ ယင်းသို့ အယုတ် အမြတ်ဖြစ်သောပုဂ္ဂိုလ်သတ္တဝါတို့၏ ဣန္ဒြေအနု အရင့်ကိုဟုတ်တိုင်းမှန်စွာ မြတ်စွာဘုရား၏ ခွဲခြား၍ သိခြင်းသည်လည်းမြတ်စွာဘုရား၏ အားမည်၏၊ ယင်းအားကို စွဲ၍ မြတ်စွာဘုရားသည် မြင့်မြတ်ကြောင်းကို ဝန်ခံ၏၊ ပရိသတ်တို့၌ ရဲဝံ့သော စကားကို မြွက်ဆို၏၊ မြတ်သော တရားစကြာကို လည်စေ၏။ (၆)

သာရိပုတြာ ထို့ပြင်လည်း မြတ်စွာဘုရားသည် ဈာန် ဝိမောက္ခ သမာဓိ သမာပတ်တို့၏ ညစ်ညူးကြောင်း ဖြူစင်ကြောင်း ထမြောက်ကြောင်းကိုဟုတ်တိုင်းမှန်စွာ ခွဲခြား၍ သိ၏။ သာရိပုတြာ ယင်းသို့ဈာန် ဝိမောက္ခ သမာဓိ သမာပတ်တို့၏ ညစ်ညူးကြောင်း ဖြူစင်ကြောင်း ထမြောက်ကြောင်းကိုဟုတ်တိုင်းမှန်စွာ မြတ်စွာဘုရား၏ ခွဲခြား၍ သိခြင်းသည်လည်း မြတ်စွာဘုရား၏ အားမည်၏၊ ယင်းအားကိုစွဲ၍မြတ်စွာဘုရားသည် မြင့်မြတ်ကြောင်းကို ဝန်ခံ၏၊ ပရိသတ်တို့၌ ရဲဝံ့သော စကားကို မြွက်ဆို၏၊ မြတ်သော တရားစကြာကို လည်စေ၏။ (၇)

သာရိပုတြာ ထို့ပြင်လည်း မြတ်စွာဘုရားသည် များပြားသော ရှေး၌ဖြစ်ဖူးသော ဘဝကို အောက်မေ့နိုင်၏။ ဤသည်ကား အဘယ်နည်း။ တစ်ဘဝကိုလည်းကောင်း၊ နှစ်ဘဝတို့ကိုလည်းကောင်း၊ သုံးဘဝတို့ကိုလည်းကောင်း၊ လေးဘဝတို့ကိုလည်းကောင်း၊ ငါးဘဝတို့ကိုလည်းကောင်း၊ ဆယ်ဘဝတို့ကိုလည်းကောင်း၊ ဘဝနှစ်ဆယ်တို့ကိုလည်းကောင်း၊ ဘဝသုံးဆယ်တို့ကိုလည်းကောင်း၊ ဘဝလေးဆယ်တို့ကိုလည်းကောင်း၊ ဘဝငါးဆယ်တို့ကိုလည်းကောင်း၊ ဘဝတစ်ရာကိုလည်းကောင်း၊ ဘဝတစ်ထောင်ကိုလည်းကောင်း၊ ဘဝတစ်သိန်းကိုလည်းကောင်း၊ များပြားသော ပျက်ကပ်တို့ကိုလည်းကောင်း၊ များပြားသော ဖြစ်ကပ်တို့ကိုလည်းကောင်း၊ များပြားသော ပျက်ကပ် ဖြစ်ကပ်တို့ကိုလည်းကောင်း ဤမည်သောဘဝ၌ “(ငါသည်) ဤသို့သော အမည်ရှိခဲ့၏၊ ဤသို့သော အနွယ်ရှိခဲ့၏၊ ဤသို့သော အဆင်းရှိခဲ့၏၊ ဤသို့သော အစာရှိခဲ့၏၊ ဤသို့သော ချမ်းသာဆင်းရဲကို ခံစားခဲ့၏၊ ဤသို့သော အသက်အပိုင်းအခြားရှိခဲ့၏၊ ထိုငါသည် ထို့ဘဝမှ သေခဲ့၍ ဤမည်သော ဘဝ၌ ဖြစ်ပြန်၏၊ ထိုဘဝ၌လည်း ဤသို့သော အမည်ရှိခဲ့၏၊ ဤသို့သောအနွယ်ရှိခဲ့၏၊ ဤသို့သော အဆင်းရှိခဲ့၏၊ ဤသို့သော အစာရှိခဲ့၏၊ ဤသို့သော ချမ်းသာဆင်းရဲကိုခံစားခဲ့၏၊ ဤသို့သော အသက်အပိုင်းအခြားရှိခဲ့၏၊ ထိုငါသည် ထိုဘဝမှ သေခဲ့၍ ဤဘဝ၌ ဖြစ်ပြန်၏” ဟု ဤသို့သော အခြင်းအရာနှင့်တကွ ညွှန်ပြဖွယ် (အမည်အနွယ်) နှင့် တကွ များပြားသော ရှေး၌ဖြစ်ဖူးသော ဘဝကို အောက်မေ့နိုင်၏။ပ။ သာရိပုတြာ ယင်းသို့ မြတ်စွာဘုရား၏ များပြားသောရှေး၌ဖြစ်ဖူးသော ဘဝကို အောက်မေ့နိုင်ခြင်းသည်လည်း မြတ်စွာဘုရား၏ အားမည်၏၊ ယင်းအားကိုစွဲ၍ မြတ်စွာဘုရားသည် မြင့်မြတ်ကြောင်းကို ဝန်ခံ၏၊ ပရိသတ်တို့၌ ရဲဝံ့သော စကားကို မြွက်ဆို၏၊ မြတ်သော တရားစကြာကို လည်စေ၏။ (၈)

သာရိပုတြာ ထို့ပြင်လည်း မြတ်စွာဘုရားသည် အထူးသဖြင့် စင်ကြယ်သော လူတို့၏မျက်စိထက်သာလွန်သော နတ်မျက်စိနှင့်တူသော ‘ဒိဗ္ဗစက္ခု’ ဉာဏ်ဖြင့် သေဆဲသတ္တဝါ ဖြစ်ပေါ်ဆဲသတ္တဝါ ယုတ်သောသတ္တဝါ မြတ်သောသတ္တဝါ အဆင်းလှသောသတ္တဝါ အဆင်းမလှသောသတ္တဝါ ကောင်းသော လားရာရှိသောသတ္တဝါ မကောင်းသော လားရာရှိသောသတ္တဝါတို့ကို မြင်နိုင်၏၊ ကံအားလျော်စွာ ဖြစ်ပေါ်သောသတ္တဝါတို့ကို သိနိုင်၏၊ “အချင်းတို့ ဤသတ္တဝါတို့သည် ကိုယ်ဖြင့်ပြုသော မကောင်းသော အကျင့် ‘ကာယ ဒုစရိုက်’ နှင့် ပြည့်စုံကုန်၏၊ နှုတ်ဖြင့်ပြုသော မကောင်းသော အကျင့် ‘ဝစီဒုစရိုက်’ နှင့်ပြည့်စုံကုန်၏၊ စိတ် ဖြင့်ပြုသော မကောင်းသော အကျင့် ‘မနောဒုစရိုက်’ နှင့် ပြည့်စုံကုန်၏၊ အရိယာတို့ကို စွပ်စွဲကုန်၏၊ မှားသော အယူရှိကုန်၏၊ မှားသော အယူဖြင့် ပြုသောကံ ရှိကုန်၏၊ ထို (သတ္တဝါ)တို့သည် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသောလားရာ ပျက်စီး၍ ကျရောက်ရာ ဖြစ်သော ငရဲ၌ ဖြစ်ပေါ်ကုန်၏။ အချင်းတို့ ဤသတ္တဝါတို့သည်ကားကိုယ်ဖြင့်ပြုသော ကောင်းသော အကျင့် ‘ကာယသုစရိုက်’ နှင့် ပြည့်စုံကုန်၏၊ နှုတ်ဖြင့်ပြုသောကောင်းသော အကျင့် ‘ဝစီသုစရိုက်’ နှင့် ပြည့်စုံကုန်၏၊ စိတ်ဖြင့်ပြုသောကောင်းသောအကျင့် ‘မနောသုစရိုက်’ နှင့် ပြည့်စုံကုန်၏၊ အရိယာတို့ကို မစွပ်စွဲကုန်၊ မှန်သောအယူရှိကုန်၏၊ မှန်သော အယူဖြင့် ပြုသောကံ ရှိကုန်၏၊ ထို (သတ္တဝါ)တို့သည် ခန္ဓာကိုယ်ပျက်စီး၍သေပြီးသည်မှ နောက်၌ ကောင်းသော လားရာ နတ်ပြည်၌ ဖြစ်ပေါ်ကုန်၏” ဟု ဤသို့လျှင် အထူးသဖြင့်စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သော နတ်မျက်စိနှင့် တူသော ‘ဒိဗ္ဗစက္ခု’ ဉာဏ်ဖြင့်သေဆဲသတ္တဝါ ဖြစ်ပေါ်ဆဲသတ္တဝါ ယုတ်သော သတ္တဝါ မြတ်သော သတ္တဝါ အဆင်း လှသော သတ္တဝါအဆင်းမလှသော သတ္တဝါ ကောင်းသော လားရာရှိသော သတ္တဝါ မကောင်းသော လားရာရှိသောသတ္တဝါတို့ကို မြင်၏၊ ကံအားလျော်စွာ ဖြစ်သော သတ္တဝါတို့ကို သိ၏။ပ။

သာရိပုတြာ ယင်းသို့ မြတ်စွာဘုရား၏ အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက်သာလွန်သော နတ်မျက်စိနှင့် တူသော ‘ဒိဗ္ဗစက္ခု’ ဉာဏ်ဖြင့် သိနိုင်ခြင်းသည်လည်း မြတ်စွာဘုရား၏အားမည်၏၊ ယင်းအားကို စွဲ၍ မြတ်စွာဘုရားသည် မြင့်မြတ်ကြောင်းကို ဝန်ခံ၏၊ ပရိသတ်တို့၌ ရဲဝံ့သောစကားကို မြွက်ဆို၏၊ မြတ်သော တရားစကြာကို လည်စေ၏။ (၉)

သာရိပုတြာ ထို့ပြင်လည်း မြတ်စွာဘုရားသည် အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါတရားကင်းသော လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့် လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကိုယခုဘဝ၌ပင်လျှင် ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုလျက် ရောက်၍ နေတော်မူ၏။ သာရိပုတြာ ယင်းသို့ မြတ်စွာဘုရား၏ အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့်အာသဝေါတရားကင်းသော လွတ် မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့် လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကို ယခုဘဝ၌ပင်လျှင် ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုလျက်ရောက်၍ နေတော်မူခြင်းသည်လည်း မြတ်စွာဘုရား၏ အားမည်၏၊ ယင်းအားကို စွဲ၍့မြတ်စွာဘုရားသည် မြင့်မြတ်ကြောင်းကို ဝန်ခံ၏၊ ပရိသတ်တို့၌ ရဲဝံ့သော စကားကို မြွက်ဆို၏၊ မြတ်သော တရားစကြာကို လည်စေ၏။ (၁ဝ)

သာရိပုတြာ မြတ်စွာဘုရား၏ အားတို့သည် ဤဆယ်ပါးတို့တည်း။ မြတ်စွာဘုရားသည် ယင်းအားတို့နှင့် ပြည့်စုံသည်ဖြစ်၍ မြင့်မြတ်ကြောင်းကို ဝန်ခံ၏၊ ပရိသတ်တို့၌ ရဲဝံ့သော စကားကို မြွက်ဆို၏၊ မြတ်သော တရားစကြာကို လည်စေ၏။

၁၄၉။ သာရိပုတြာ ဤသို့ သိမြင်သော ငါ့ကို “ရဟန်းဂေါတမအား လူတို့၏ (ကုသိုလ်ကမ္မပထ) တရားဆယ်ပါးထက် သာလွန်သော အရိယာဖြစ်ရန် စွမ်းနိုင်သော ဉာဏ်အမြင်ထူးမရှိ၊ ရဟန်းဂေါတမ သည်ကြံစည်ယူဆလျက် စူးစမ်းလေ့လာကာ အလိုလိုထင်မြင်လာသော တရားကို ဟောကြား၏” ဟုပြောဆိုသော သူသည် ထိုစကားကို မပယ်သော် ထိုစိတ်ထားကို မပယ်သော် ထိုအယူကို မစွန့်သော်ဆောင်ယူလာသော ဝန်ထုပ်ကို ပစ်ချလိုက်သကဲ့သို့ ငရဲ၌ အချခံရလတ္တံ့။ သာရိပုတြာ သီလ သမာဓိပညာနှင့် ပြည့်စုံသော (အရဟတ္တမဂ္ဂဋ္ဌ) ရဟန်းသည် ယခုဘဝ၌ပင် အရဟတ္တဖိုလ်သို့ ရောက်ရာသကဲ့သို့ဤအတူ ထိုစကားကို မပယ်သော် ထိုစိတ် ထားကို မပယ်သော် ထိုအယူကို မစွန့်သော် ဆောင်ယူလာသော ဝန်ထုပ်ကို ပစ်ချလိုက်သကဲ့သို့ ငရဲ၌ အချခံရလတ္တံ့ဟူသော ဤဥပမာကို ငါဟော၏။

မြတ်စွာဘုရား၏ ရဲရင့်ခြင်း (ဝေသာရဇ္ဇ) ဉာဏ်တော်လေးပါး

၁၅ဝ။ သာရိပုတြာ မြတ်စွာဘုရား၏ ရဲရင့်ကြောင်းဖြစ်သော ဉာဏ်တို့သည် လေးပါးတို့တည်း။ မြတ်စွာဘုရားသည် ယင်းရဲရင့်ကြောင်းဖြစ်သော ဉာဏ်တို့နှင့် ပြည့်စုံသည်ဖြစ်၍ မြင့်မြတ်ကြောင်းကိုဝန်ခံ၏၊ ပရိသတ်တို့၌ ရဲဝံ့သော စကားကို မြွက်ဆို၏။ မြတ်သော တရားစကြာကို လည်စေ၏။

အဘယ်လေးပါးတို့နည်းဟူမူ —

“(အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိ၏ဟု ဝန်ခံသော သင်သည် ဤတရားတို့ကိုထိုးထွင်း၍ မသိသေး” ဟု ငါ့ကို ရဟန်းဖြစ်စေ၊ ပုဏ္ဏားဖြစ်စေ၊ နတ်ဖြစ်စေ၊ မာရ်နတ်ဖြစ်စေ၊ ဗြဟ္မာဖြစ်စေမည်သူမဆို ထိုအရာ၌ အကြောင်းယုတ္တိနှင့်တကွ စောဒနာမည့် အရိပ်နိမိတ်ကို လောက၌ ငါမမြင်၊ သာရိပုတြာ ငါသည် ဤအရိပ်နိမိတ်ကို မမြင်သောကြောင့် ချမ်းသာခြင်း ဘေးမရှိခြင်း ရဲရင့်ခြင်းသို့ရောက်လျက် နေ၏။ (၁)

“အာသဝေါတရားများ ကုန်ပြီဟု ဝန်ခံသော သင့်အား ဤအာသဝေါတရားတို့သည် မကုန်သေး ကုန်” ဟုငါ့ကို ရဟန်းဖြစ်စေ၊ ပုဏ္ဏားဖြစ်စေ၊ နတ်ဖြစ်စေ၊ မာရ်နတ်ဖြစ်စေ၊ ဗြဟ္မာဖြစ်စေ၊ မည်သူမဆို ထို အရာ၌အကြောင်း ယုတ္တိနှင့်တကွ စောဒနာမည့် အရိပ်နိမိတ်ကို လောက၌ ငါမမြင်၊ သာရိပုတြာ ငါသည်ဤအရိပ်နိမိတ်ကို မမြင်သောကြောင့် ချမ်းသာခြင်း ဘေးမရှိခြင်း ရဲရင့်ခြင်းသို့ ရောက်လျက် နေ၏။ (၂)

“(မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုတတ်ကုန်၏ဟု သင်ဟောကြားထားသော တရားတို့သည် မှီဝဲလွန်ကျူးသူအား အန္တရာယ်ပြုရန် မစွမ်းနိုင်” ဟု ငါ့ကို ရဟန်းဖြစ်စေ ပုဏ္ဏားဖြစ်စေ၊ နတ်ဖြစ်စေ၊ မာရ်နတ်ဖြစ်စေ၊ ဗြဟ္မာဖြစ်စေ မည်သူ မဆို ထိုအရာ၌ အကြောင်းယုတ္တိနှင့်တကွ စောဒနာမည့် အရိပ်နိမိတ်ကိုလောက၌ ငါမမြင်၊ သာရိပုတြာ ငါသည် ဤအရိပ်နိမိတ်ကို မမြင်သောကြောင့် ချမ်းသာခြင်းဘေးမရှိခြင်း ရဲရင့်ခြင်းသို့ ရောက်လျက် နေ၏။ (၃)

“ဝဋ်ဆင်းရဲကုန်ခြင်းငှါ သင်ဟောကြားထားသောတရားသည် ဟောတိုင်းကျင့်သူအား ဝဋ်ဆင်းရဲကုန်ခြင်းအကျိုးငှါ ကောင်းစွာ မထုတ်ဆောင်နိုင်” ဟု ငါ့ကို ရဟန်းဖြစ်စေ၊ ပုဏ္ဏားဖြစ်စေ၊ နတ်ဖြစ်စေ၊ မာရ်နတ်ဖြစ်စေ၊ ဗြဟ္မာဖြစ်စေ မည်သူမဆို ထိုအရာ၌ အကြောင်းယုတ္တိနှင့်တကွ စောဒနာမည့် အရိပ်နိမိတ်ကို လောက၌ ငါမမြင်။ သာရိပုတြာ ငါသည် ဤအရိပ်နိမိတ်ကို မမြင်သောကြောင့် ချမ်းသာခြင်း ဘေးမရှိခြင်း ရဲရင့်ခြင်းသို့ ရောက်လျက် နေ၏။ (၄)

သာရိပုတြာ မြတ်စွာဘုရား၏ ရဲရင့်ကြောင်းဖြစ်သော ဉာဏ်တို့သည် ဤလေးပါးတို့တည်း။ မြတ်စွာ့ဘုရားသည် ယင်းရဲရင့်ကြောင်းဖြစ်သော ဉာဏ်တို့နှင့် ပြည့်စုံသည်ဖြစ်၍ မြင့်မြတ်ကြောင်းကို ဝန်ခံ၏၊ ပရိသတ်တို့၌ ရဲဝံ့သော စကားကို မြွက်ဆို၏၊ မြတ်သော တရားစကြာကို လည်စေ၏။

သာရိပုတြာ ဤသို့ သိမြင်သော ငါ့ကို “ရဟန်းဂေါတမအား လူတို့၏ (ကုသိုလ်ကမ္မပထ) တရား ထက်သာလွန်သော အရိယာဖြစ်ရန် စွမ်းနိုင်သော ဉာဏ်အမြင်ထူး မရှိ၊ ရဟန်းဂေါတမသည်ကြံစည်ယူဆလျက် စူးစမ်းလေ့လာကာ အလိုလို ထင်မြင်လာသော တရားကို ဟောကြား၏” ဟု ပြောဆိုသောသူသည် ထိုစကားကို မပယ်သော် ထိုစိတ်ထားကို မပယ်သော် ထိုအယူကို မစွန့်သော် ဆောင်ယူလာသောဝန်ထုပ်ကို ပစ်ချလိုက် သကဲ့သို့ ငရဲ၌ အချခံရလတ္တံ့။

သာရိပုတြာ သီလ သမာဓိ ပညာနှင့် ပြည့်စုံသော (အရဟတ္တမဂ္ဂဋ္ဌ) ရဟန်းသည် ယခုဘဝ၌ပင်အရဟတ္တဖိုလ်သို့ ရောက်ရာသကဲ့သို့ ဤအတူ ထိုစကားကို မပယ်သော် ထိုစိတ်ထားကို မပယ်သော်ထိုအယူကို မစွန့်သော် ဆောင်ယူလာသော ဝန်ထုပ်ကို ပစ်ချလိုက်သကဲ့သို့ ငရဲ၌ အချခံရလတ္တံ့ဟူသော ဤဥပမာကို ငါဟော၏။

ပရိသတ်ရှစ်မျိုး

၁၅၁။ သာရိပုတြာ ပရိသတ်တို့သည် ရှစ်မျိုးတို့တည်း။ အဘယ်ရှစ်မျိုးတို့နည်းဟူမူ— မင်းပရိသတ်၊ ပုဏ္ဏားပရိသတ်၊ သူကြွယ်ပရိသတ်၊ ရဟန်းပရိသတ်၊ စာတုမဟာရာဇ်နတ်ပရိသတ်၊ တာဝတိံသာနတ်ပရိသတ်၊ မာရ်နတ်ပရိသတ်၊ ဗြဟ္မာပရိသတ်တို့တည်း။ သာရိပုတြာ ပရိသတ်တို့သည် ဤရှစ်မျိုးတို့ပင်တည်း။

သာရိပုတြာ ဤဝေသာရဇ္ဇဉာဏ်လေးပါးတို့နှင့် ပြည့်စုံသော မြတ်စွာဘုရားသည် ဤပရိသတ် ရှစ်မျိုးသို့ချဉ်းကပ်သက်ဝင်၏။

သာရိပုတြာ ငါသည် အရာမက များပြားသော မင်းပရိသတ်သို့ ချဉ်းကပ်ဖူးသည်ကိုလည်းကောင်း၊ ထိုပရိသတ်တို့၌ အညီအညွှတ်နေထိုင်ဖူးသည်ကိုလည်းကောင်း၊ စကားပြောဆိုဖူးသည်ကိုလည်းကောင်း၊ တရားဆွေးနွေးဖူးသည်ကိုလည်းကောင်း အမှတ်ရ၏၊ ထိုပရိသတ်၌ ငါ့အား ကြောက်ခြင်းရွံ့ခြင်းသို့ သက်ဝင်ဖြစ်ပေါ်မည့် အရိပ်နိမိတ်ကို ငါမမြင်၊ သာရိပုတြာ ငါသည် ဤအရိပ်နိမိတ်ကို မမြင်သောကြောင့် ချမ်းသာခြင်း ဘေးမရှိခြင်း ရဲရင့်ခြင်းသို့ ရောက်လျက် နေ၏။

သာရိပုတြာ ငါသည် အရာမက များပြားသော ပုဏ္ဏားပရိသတ်သို့။ပ။ သူကြွယ်ပရိသတ်သို့။ပ။ ရဟန်းပရိသတ်သို့။ပ။ စာတုမဟာရာဇ်နတ်ပရိသတ်သို့။ပ။ တာဝတိံသာနတ်ပရိသတ်သို့။ပ။ မာရ်နတ်ပရိသတ်သို့။ပ။ ဗြဟ္မာပရိသတ်သို့ ချဉ်းကပ်ဖူးသည်ကိုလည်းကောင်း၊ ထိုပရိတ်သတ်၌ အညီအညွတ်နေထိုင်ဖူးသည်ကိုလည်းကောင်း၊ စကားပြောဆိုဖူးသည်ကိုလည်းကောင်း၊ တရားဆွေးနွေးဖူးသည်ကိုလည်းကောင်း အမှတ်ရ၏၊ ထိုပရိသတ်၌ ငါ့အား ကြောက်ခြင်းရွံ့ခြင်းသို့ သက်ဝင်ဖြစ်ပေါ်မည့် အရိပ်နိမိတ်ကိုငါမမြင်၊ သာရိပုတြာ ငါသည် ဤအရိပ်နိမိတ်ကို မမြင်သောကြောင့် ချမ်းသာခြင်း ဘေးမရှိခြင်း ရဲရင့်ခြင်းသို့ ရောက်လျက် နေ၏။

သာရိပုတြာ ဤသို့ သိမြင်သော ငါ့ကို “ရဟန်းဂေါတမအား လူတို့၏ (ကုသိုလ်ကမ္မပထ) တရားဆယ်ပါးထက် သာလွန်သော အရိယာဖြစ်ရန် စွမ်းနိုင်သော ဉာဏ်အမြင်ထူးမရှိ၊ ရဟန်းဂေါတမသည်ကြံစည်ယူဆလျက် စူးစမ်းလေ့လာကာ အလိုလိုထင်မြင်လာသော တရားကို ဟောကြား၏” ဟု ပြောဆိုသောသူသည် ထိုစကားကို မပယ်သော် ထိုစိတ်ထားကို မပယ်သော် ထိုအယူကို မစွန့်သော် ဆောင်ယူလာသောဝန်ထုပ်ကို ပစ်ချလိုက် သကဲ့သို့ ငရဲ၌ အချခံရလတ္တံ့။ သာရိပုတြာ သီလ သမာဓိ ပညာနှင့် ပြည့်စုံသော (အရဟတ္တမဂ္ဂဋ္ဌ) ရဟန်းသည် ယခုဘဝ၌ပင် အရဟတ္တဖိုလ်သို့ ရောက်ရာသကဲ့သို့ ဤအတူ ထိုစကားကိုမပယ်သော် ထိုစိတ်ထားကို မပယ်သော် ထိုအယူကို မစွန့်သော် ဆောင်ယူလာသော ဝန်ထုပ်ကို ပစ်ချလိုက်သကဲ့သို့ ငရဲ၌ အချခံရလတ္တံ့ ဟူသော ဤဥပမာကို ငါဟော၏။

သတ္တဝါလေးမျိုး

၁၅၂။ သာရိပုတြာ သတ္တဝါတို့သည် လေးမျိုးတို့တည်း။ အဘယ် လေးမျိုးတို့နည်းဟူမူ— ဥ၌ဖြစ်သောသတ္တဝါ၊ သားအိမ်၌ဖြစ်သောသတ္တဝါ၊ အညှိ၌ဖြစ်သောသတ္တဝါ၊ ကိုယ်ထင်ရှားဖြစ်ပေါ်သောသတ္တဝါတို့ တည်း။

သာရိပုတြာ ဥ၌ဖြစ်သော သတ္တဝါဟူသည် အဘယ်နည်း။ သာရိပုတြာ ဥခွံကို ခွဲထွက်၍ ဖြစ်ပေါ်လာသော ဤသတ္တဝါကို ဥ၌ဖြစ်သောသတ္တဝါဟူ၍ ဆိုရ၏။

သာရိပုတြာ သားအိမ်၌ဖြစ်သော သတ္တဝါဟူသည် အဘယ်နည်း။ သာရိပုတြာ သားအိမ်ကို ခွဲထွက် ၍ဖြစ်ပေါ်လာသောသတ္တဝါကို သားအိမ်၌ဖြစ်သောသတ္တဝါဟူ၍ ဆိုရ၏။

သာရိပုတြာ အညှိ၌ဖြစ်သော သတ္တဝါဟူသည် အဘယ်နည်း။ သာရိပုတြာ ငါးပုပ် အသေကောင်ပုပ်မုယောမုန့်ပုပ် အညစ်အကြေးစွန့်ပစ်ရာအရပ် အညစ်အကြေးစီးဆင်းရာအရပ်တို့၌ ဖြစ်ပေါ်လာသောသတ္တဝါကို အညှိ၌ဖြစ်သော သတ္တဝါဟူ၍ ဆိုရ၏။

သာရိပုတြာ ကိုယ်ထင်ရှားဖြစ်သော သတ္တဝါဟူသည် အဘယ်နည်း။ နတ် ငရဲသား အချို့သောလူအချိုသော ဝိနိပါတိကအသူရာကို ကိုယ်ထင်ရှားပြစ်သော သတ္တဝါဟူ၍ ဆိုရ၏။ သာရိပုတြာ သတ္တဝါတို့သည် ဤလေးမျိုးတို့တည်း။

သာရိပုတြာ ဤသို့ သိမြင်သော ငါ့ကို “ရဟန်းဂေါတမအား လူတို့၏ (ကုသိုလ်ကမ္မပထ) တရားဆယ်ပါးထက် သာလွန်သော အရိယာဖြစ်ရန် စွမ်းနိုင်သော ဉာဏ်အမြင်ထူးမရှိ၊ ရဟန်းဂေါတမသည်ကြံစည်ယူဆလျက် စူးစမ်းလေ့လာကာ အလိုလို ထင်မြင်လာသော တရားကို ဟောကြား၏” ဟုပြောဆိုသော သူသည် ထိုစကားကို မပယ်သော် ထိုစိတ်ထားကို မပယ်သော် ထိုအယူကို မစွန့်သော်ဆောင်ယူလာသော ဝန်ထုပ်ကို ပစ်ချလိုက်သကဲ့သို့ ငရဲ၌ အချခံရလတ္တံ့။

သာရိပုတြာ သီလ သမာဓိ ပညာနှင့် ပြည့်စုံသော (အရဟတ္တမဂ္ဂဋ္ဌ) ရဟန်းသည် ယခုဘဝ၌ပင်အရဟတ္တဖိုလ်သို့ ရောက်ရာသကဲ့သို့၊ ဤအတူပင် ထိုစကားကို မပယ်သော် ထိုစိတ်ထားကို မပယ်သော်ထိုအယူကို မစွန့်သော် ဆောင်ယူလာသော ဝန်ထုပ်ကို ပစ်ချလိုက်သကဲ့သို့ ငရဲ၌ အချခံရလတ္တံ့ဟူသောဤဥပမာကို ငါ ဟော၏။

ဂတိငါးမျိုး

၁၅၃။ သာရိပုတြာ လားရာ ‘ဂတိ’တို့သည် ငါးပါးတို့တည်း။ အဘယ်ငါးပါးတို့နည်းဟူမူ— ငရဲဘုံ၊ တိရစ္ဆာန်ဘုံ၊ ပြိတ္တာဘုံ၊ လူ့ဘုံ၊ နတ်ဘုံတို့တည်း။

သာရိပုတြာ ငါသည် ငရဲဘုံကိုလည်းကောင်း ငရဲဘုံသို့ရောက်ကြောင်း လမ်းကိုလည်းကောင်း ငရဲဘုံ သို့ရောက်ကြောင်း အကျင့်ကိုလည်းကောင်း ခွဲခြား၍ သိ၏၊ အကြင် အကျင့်ကို ကျင့်သော သူသည်ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသူတို့လားရာ ပျက်စီး၍ကျရောက်ရာ ငရဲသို့ ရောက်ရ၏၊ ထိုအကျင့်ကိုလည်း ခွဲခြား၍ သိ၏။

သာရိပုတြာ ငါသည် တိရစ္ဆာန်ဘုံကိုလည်းကောင်း တိရစ္ဆာန်ဘုံသို့ရောက်ကြောင်း လမ်းကိုလည်းကောင်း တိရစ္ဆာန်ဘုံသို့ ရောက်ကြောင်း အကျင့်ကိုလည်းကောင်း ခွဲခြား၍ သိ၏၊ အကြင် အကျင့်ကိုကျင့်သော သူသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ တိရစ္ဆာန်ဘုံသို့ ရောက်၏၊ ထိုအကျင့်ကိုလည်း ခွဲခြား၍ သိ၏။

သာရိပုတြာ ငါသည်ပြိတ္တာဘုံကိုလည်းကောင်းပြိတ္တာဘုံသို့ရောက်ကြောင်း လမ်းကိုလည်းကောင်းပြိတ္တာဘုံသို့ ရောက်ကြောင်းအကျင့်ကိုလည်းကောင်း ခွဲခြား၍ သိ၏၊ အကြင်အကျင့်ကို ကျင့်သောသူသည် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်၌ပြိတ္တာဘုံသို့ ရောက်၏၊ ထိုအကျင့်ကိုလည်းခွဲခြား၍ သိ၏။

သာရိပုတြာ ငါသည် လူ့ဘုံကိုလည်းကောင်း၊ လူ့ဘုံသို့ရောက်ကြောင်း လမ်းကိုလည်းကောင်း၊ လူ့ဘုံသို့ရောက်ကြောင်းအကျင့်ကိုလည်းကောင်း ခွဲခြား၍ သိ၏၊ အကြင်အကျင့်ကို ကျင့်သောသူသည်ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ လူ့ဘုံ၌ ဖြစ်၏၊ ထိုအကျင့်ကိုလည်း ခွဲခြား၍ သိ၏။

သာရိပုတြာ ငါသည် နတ်ဘုံကိုလည်းကောင်း၊ နတ်ဘုံသို့ရောက်ကြောင်း လမ်းကိုလည်းကောင်း၊ နတ်ဘုံသို့ ရောက်ကြောင်း အကျင့်ကိုလည်းကောင်း ခွဲခြား၍ သိ၏၊ အကြင်အကျင့်ကို ကျင့်သောသူသည် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသူတို့ လားရာ နတ်ဘုံသို့ ရောက်ရ၏၊ ထို အကျင့်ကိုလည်း ခွဲခြား၍ သိ၏။

သာရိပုတြာ ငါသည် နိဗ္ဗာန်ကိုလည်းကောင်း၊ နိဗ္ဗာန်သို့ရောက်ကြောင်း လမ်းကိုလည်းကောင်း၊ နိဗ္ဗာန်သို့ရောက်ကြောင်း အကျင့်ကိုလည်းကောင်း ခွဲခြား၍ သိ၏၊ အကြင် အကျင့်ကို ကျင့်သော သူသည်အာသဝေါ တရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါကင်းသော လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့် လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကို ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေ၏၊ ထိုအကျင့်ကိုလည်း ခွဲခြား၍ သိ၏။

၁၅၄။ သာရိပုတြာ ဤလောက၌ ငါသည် အချို့သော ပုဂ္ဂိုလ်ကို “ဤပုဂ္ဂိုလ်သည် ခန္ဓာကိုယ် ပျက်စီး၍သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသူတို့လားရာ ပျက်စီး၍ ကျရောက်ရာ ငရဲသို့ရောက်မည့် အကျင့်အတိုင်း ကျင့်၏၊ ထိုအတိုင်းလည်း အားထုတ်၏၊ ထိုလမ်းသို့လည်း တက်၏” ဟုစိတ်ဖြင့် စိတ်ကို ပိုင်းခြား၍ သိ၏။ နောက်အခါ၌ ထိုသူကိုပင် အထူးသဖြင့် စင်ကြယ်သော လူတို့၏မျက်စိထက် သာလွန်သော နတ်မျက်စိနှင့် တူသော ‘ဒိဗ္ဗစက္ခု’ ဉာဏ်ဖြင့် ကိုယ်ခန္ဓာပျက်စီး၍သေပြီးသည်မှ နောက်၌ ချမ်းသာ ကင်းသော မကောင်းသူတို့လားရာ ပျက်စီး၍ကျရောက်ရာ ငရဲသို့ရောက်ကာ စင်စစ် ဆင်းရဲလှစွာ ထက်မြက်ကြမ်းတမ်းသည့် ဝေဒနာကို ခံစားနေသည်ကို မြင်ရ၏။

သာရိပုတြာ ဥပမာအားဖြင့် နေပူတို့ဖြင့် ပူလောင်နှိပ်စက်ခံရ၍ အစာရေစာ ဆာလောင်မွတ်သိပ် သဖြင့်ပင်ပန်းနွမ်းနယ်နေသော ယောကျာ်းသည် တစ်ကြောင်းတည်းသော ခရီးဖြင့် မီးကျီးတို့ဖြင့် ပြည့်သောတသူ (ငါးတောင်) ထက် ကျော်လွန်သည့် အခိုးအလျှံကင်းသော မီးကျီးတွင်းသို့ ရည်ညွှန်း၍ လာရာ၏၊ ထိုသူကို မျက်စိအမြင်ရှိသော ယောကျာ်းသည် မြင်၍ “ဤအသျှင်ယောကျာ်းသည် ဤမီးကျီး တွင်းသို့သာလျှင် ရောက်လာမည့် လမ်းအတိုင်း သွား၏၊ ထိုအတိုင်းလည်း အားထုတ်၏၊ ထိုလမ်းသို့လည်းတက်၏” ဟု ပြောဆိုရာ၏။ နောက်အခါ၌ ထိုသူကိုပင် ထိုမီးကျီးတွင်း၌ ကျလျက် စင်စစ် ဆင်းရဲလှစွာထက်မြက်ကြမ်းတမ်းသည့် ဝေဒနာ ခံစားနေရသည်ကို မြင်ရာ၏။

သာရိပုတြာ ဤ ဥပမာအတူပင် ဤလောက၌ အချို့ပုဂ္ဂိုလ်ကို “ဤပုဂ္ဂိုလ်သည် ကိုယ်ခန္ဓာပျက်စီး၍သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသူတို့လားရာ ပျက်စီး၍ ကျရောက်ရာ ငရဲသို့ရောက်မည့် အကျင့်အတိုင်း ကျင့်၏၊ ထိုအတိုင်းလည်း အားထုတ်၏၊ ထိုလမ်းသို့လည်း တက်၏” ဟုစိတ်ဖြင့် စိတ်ကို ပိုင်းခြား၍ သိ၏။ နောက်အခါ၌ ထိုသူကိုပင် အထူးသဖြင့် စင်ကြယ်သော လူတို့၏မျက်စိထက် သာလွန်သော နတ်မျက်စိနှင့် တူသော ‘ဒိဗ္ဗစက္ခု’ ဉာဏ်ဖြင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသူတို့လားရာ ပျက်စီး၍ ကျရောက်ရာ ငရဲသို့ ရောက်ကာစင်စစ် ဆင်းရဲလှစွာ ထက်မြက် ကြမ်းတမ်းသည့် ဝေဒနာကို ခံစားနေသည်ကို မြင်ရ၏။ (၁)

သာရိပုတြာ ဤလောက၌ ငါသည် အချို့သော ပုဂ္ဂိုလ်ကို “ဤပုဂ္ဂိုလ်သည် ကိုယ်ခန္ဓာပျက်စီး၍သေပြီးသည်မှ နောက်၌ တိရစ္ဆာန်ဘုံသို့ ရောက်မည့်အကျင့်အတိုင်း ကျင့်၏၊ ထိုအတိုင်းလည်း အားထုတ်၏၊ ထိုလမ်းသို့လည်း တက်၏” ဟု စိတ်ဖြင့် စိတ်ကို ပိုင်းခြား၍ သိ၏။ နောက်အခါ၌ ထိုသူကိုပင်အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သော နတ်မျက်စိနှင့် တူသော ‘ဒိဗ္ဗစက္ခု’ဉာဏ်ဖြင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ တိရစ္ဆာန်ဘုံသို့ ရောက်ကာ ဆင်းရဲလှစွာ ထက့်မြက်ကြမ်းတမ်းသည့် ဝေဒနာကို ခံစားနေသည်ကို မြင်ရ၏။

သာရိပုတြာ ဥပမာအားဖြင့် နွေနေပူတို့ဖြင့် ပူလောင်နှိပ်စက်ခံရ၍ အစာရေစာ ဆာလောင်မွတ်သိပ်သဖြင့် ပင်ပန်းနွမ်းနယ်နေသော ယောကျာ်းသည် တစ်ကြောင်းတည်းသော လမ်းခရီးဖြင့် မစင်ဖြင့် ပြည့်သော တသူ (ငါးတောင်) ထက် ကျော်လွန်သည့် မစင်တွင်းကိုသာလျှင် ရည်ညွှန်း၍ လာရာ၏၊ ထိုသူကိုမျက်စိအမြင်ရှိသော ယေကျာ်းသည် မြင်၍ “ဤအသျှင် ယောကျာ်းသည် မစင်တွင်းသို့သာလျှင် ရောက်မည့်လမ်းအတိုင်း သွား၏၊ ထိုအတိုင်းလည်း အားထုတ်၏၊ ထိုလမ်းသို့လည်း တက်၏” ဟုပြောဆိုရာ၏။ နောက်အခါ၌ ထိုသူကိုပင် ထိုမစင်တွင်း၌ ကျလျက် ဆင်းရဲလှစွာထက်မြက်ကြမ်းတမ်းသည့် ဝေဒနာ ခံစားနေရသည်ကို မြင်ရ၏။

သာရိပုတြာ ဤဥပမာအတူပင် ငါသည် ဤလောက၌ အချို့သော ပုဂ္ဂိုလ်ကို “ဤပုဂ္ဂိုလ်သည်ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ တိရစ္ဆာန်ဘုံသို့ ရောက်မည့် အကျင့်အတိုင်း ကျင့်၏၊ ထိုအတိုင်းလည်း အားထုတ်၏၊ ထိုလမ်းသို့လည်း တက်၏” ဟု စိတ်ဖြင့် စိတ်ကို ပိုင်းခြား၍ သိ၏။ နောက် အခါ၌ ထိုသူကိုပင် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သောနတ်မျက်စိနှင့် တူသော ‘ဒိဗ္ဗစက္ခု’ ဉာဏ်ဖြင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ တိရစ္ဆာန်ဘုံသို့ရောက်ကာ ဆင်းရဲလှစွာ ထက်မြက်ကြမ်းတမ်းသည့် ဝေဒနာကို ခံစားနေသည်ကို မြင်ရ၏။ (၂)

သာရိပုတြာ ငါသည် အချို့သောပုဂ္ဂိုလ်ကို “ဤပုဂ္ဂိုလ်သည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ပြိတ္တာဘုံသို့ ရောက်မည့်အကျင့်အတိုင်း ကျင့်၏၊ ထိုအတိုင်းလည်း အားထုတ်၏၊ ထိုလမ်းသို့လည်းတက်၏” ဟု စိတ်ဖြင့် စိတ်ကို ပိုင်းခြား၍ သိ၏။ နောက်အခါ၌ ထိုသူကိုပင် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သော နတ်မျက်စိနှင့် တူသော ‘ဒိဗ္ဗစက္ခု’ ဉာဏ်ဖြင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ပြိတ္တာဘုံသို့ ရောက်ကာ ဆင်းရဲများသည့် ဝေဒနာကို ခံစားနေသည်ကိုမြင်ရ၏။

သာရိပုတြာ ဥပမာအားဖြင့် နွေနေပူတို့ဖြင့် ပူလောင်နှိပ်စက်ခံရ၍ အစာရေစာ ဆာလောင်မွတ်သိပ်သဖြင့် ပင်ပန်းနွမ်းနယ်နေသော ယောကျာ်းသည် တစ်ကြောင်းတည်းသော လမ်းခရီးဖြင့် မညီမညွတ်သောမြေအဖို့၌ အခက်အရွက်နည်းပါးသဖြင့် အရိပ်ကျဲသော သစ်ပင်ကိုသာလျှင် ရည်ညွှန်း၍ လာရာ၏။ ထိုသူကို မျက်စိအမြင်ရှိသော ယေကျာ်းသည် မြင်၍ “ဤအသျှင် ယောကျာ်းသည် ဤသစ်ပင်သို့သာလျှင်ရောက်လာမည့် လမ်းအတိုင်း သွား၏၊ ထိုအတိုင်းလည်း အားထုတ်၏၊ ထိုလမ်းသို့လည်း တက်၏” ဟုပြောဆိုရာ၏။ နောက်အခါ၌ ထိုသူကိုပင် ထိုသစ်ပင်၏ အရိပ်၌ ထိုင်လျက်လည်းကောင်း အိပ်လျက်လည်းကောင်း ဆင်းရဲများသည့် ဝေဒနာကို ခံစားနေသည်ကို မြင်ရာ၏။

သာရိပုတြာ ဤဥပမာအတူပင် ငါသည် ဤ လောက၌ အချို့သော ပုဂ္ဂိုလ်ကို ဤပုဂ္ဂိုလ်သည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ပြိတ္တာဘုံသို့ ရောက်မည့်အကျင့်အတိုင်း ကျင့်၏၊ ထိုအတိုင်းလည်းအားထုတ် ်၏၊ ထိုလမ်းသို့လည်း တက်၏” ဟု စိတ်ဖြင့် စိတ်ကို ပိုင်းခြား၍ သိ၏။ နောက်အခါ၌ထိုသူကိုပင် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သော နတ်မျက်စိနှင့်တူသော ‘ဒိဗ္ဗစက္ခု’ဉာဏ်ဖြင့် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်၌ပြိတ္တာဘုံသို့ ရောက်ကာ ဆင်းရဲများသည့်ဝေဒနာကို ခံစားနေသည်ကို မြင်ရ၏။ (၃)

သာရိပုတြာ ဤလောက၌ ငါသည် အချို့သော ပုဂ္ဂိုလ်ကို “ဤပုဂ္ဂိုလ်သည် ကိုယ်ခန္ဓာပျက်စီး၍သေပြီးသည်မှ နောက်၌ လူတို့ဘုံ၌ဖြစ်မည့် အကျင့်အတိုင်း ကျင့်၏၊ ထိုအတိုင်းလည်း အားထုတ်၏၊ ထိုလမ်းသို့လည်း တက်၏” ဟု စိတ်ဖြင့် စိတ်ကို ပိုင်းခြား၍ သိ၏။ နောက်အခါ၌ ထိုသူကိုပင် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သော နတ်မျက်စိနှင့် တူသော ‘ဒိဗ္ဗစက္ခု’ ဉာဏ်ဖြင့်ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ လူတို့ဘုံ၌ဖြစ်ကာ ချမ်းသာများသည့် ဝေဒနာခံစားနေသည်ကို့မြင်ရ၏။

သာရိပုတြာ ဥပမာအားဖြင့် နွေနေပူတို့ဖြင့် ပူလောင်နှိပ်စက်ခံရ၍ အစာရေစာ ဆာလောင်မွတ်သိပ်သဖြင့် ပင်ပန်းနွမ်းနယ်နေသော ယောကျာ်းသည် တစ်ကြောင်းတည်းသော လမ်းခရီးဖြင့် ညီညွတ်သောမြေအဖို့၌ ပေါက်သည့် အရွက်စိပ်သဖြင့် အရိပ်ကောင်းသော သစ်ပင်ကိုသာလျှင် ရည်ညွှန်း၍ လာရာ၏။ ထိုသူကို မျက်စိအမြင်ရှိသော ယေကျာ်းသည် မြင်၍ “ဤအသျှင် ယောကျာ်းသည် ဤသစ်ပင်သို့သာလျှင်ရောက်မည့်လမ်းအတိုင်း သွား၏၊ ထိုအတိုင်းလည်း အားထုတ်၏၊ ထိုလမ်းသို့လည်း တက်၏” ဟု ပြောဆိုရာ၏။ နောက်အခါ၌ ထိုသူကိုပင် ထိုသစ်ပင်၏ အရိပ်၌ ထိုင်လျက်လည်းကောင်း၊ အိပ်လျက်လည်းကောင်း ချမ်းသာများသည့် ဝေဒနာကို ခံစားနေရသည်ကို မြင်ရာ၏။

သာရိပုတြာ ဤဥပမာအတူပင် ငါသည် ဤလောက၌ အချို့သော ပုဂ္ဂိုလ်ကို “ဤပုဂ္ဂိုလ်သည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ လူတို့ဘုံ၌ဖြစ်မည့် အကျင့်အတိုင်း ကျင့်၏၊ ထိုအတိုင်းလည်းအားထုတ်၏၊ ထိုလမ်းသို့လည်း တက်၏” ဟု စိတ်ဖြင့် စိတ်ကို ပိုင်းခြား၍သိ၏။ နောက်အခါ၌ထိုသူကိုပင် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သော နတ်မျက်စိနှင့် တူသော ‘ဒိဗ္ဗစက္ခု’ဉာဏ်ဖြင့် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်၌ လူတို့ဘုံ၌ဖြစ်ကာ ချမ်းသာများသည့်ဝေဒနာ ခံစားနေသည်ကို မြင်ရ၏။ (၄)

သာရိပုတြာ ဤလောက၌ ငါသည် အချို့သော ပုဂ္ဂိုလ်ကို “ဤပုဂ္ဂိုလ်သည် ကိုယ်ခန္ဓာပျက်စီး၍သေပြီးသည်မှ နောက်၌ ကောင်းသူတို့လားရာ နတ်ဘုံသို့ရောက်မည့် အကျင့်အတိုင်း ကျင့်၏၊ ထိုအတိုင်းလည်း အားထုတ်၏၊ ထိုလမ်းသို့လည်း တက်၏” ဟု စိတ်ဖြင့် စိတ်ကို ပိုင်းခြား၍ သိ၏။ နောက်အခါ၌ ထိုသူကိုပင် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သော နတ်မျက်စိနှင့်တူသော ‘ဒိဗ္ဗစက္ခု’ဉာဏ်ဖြင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသူတို့လားရာ နတ်ဘုံသို့ရောက် ကာ စင်စစ် ချမ်းသာသည့် သုခဝေဒနာကို ခံစားနေသည်ကို မြင်ရ၏။

သာရိပုတြာ ဥပမာအားဖြင့် ပြာသာဒ်တစ်ခု ရှိရာ၏၊ ထိုပြာသာဒ်၌ အတွင်းအပြင် ဆေးသုတ်ထားပြီးလျှင် လေမိုးလုံခြုံလျက် တံခါးမ, လေသာပြတင်းတို့ကို ပိတ်ထားအပ်သည့် အထွတ်တပ်သော ခန်းမဆောင် ရှိရာ၏၊ ထိုခန်းမဆောင်၌ မွေးရှည်ကော်ဇောကြီး၊ ဆန်းကြယ်သော သားမွေးအခင်း၊ ဖြူသောသားမွေးအခင်း၊ ပန်းပြောက်ခြယ်ထားသော သားမွေးအခင်း၊ ကောင်းမွန်သော ဝံပိုင့်ရေအခင်း၊ မျက်နှာကြက်နှင့်တကွ နီမြန်းသော ခြေအုံး၊ ခေါင်းအုံးတို့ဖြင့် ခင်းကျင်းထားအပ်သည့် ပလ္လင်လည်း ရှိရာ၏၊ ထိုအခါ နွေနေပူတို့ဖြင့် ပူလောင်နှိပ်စက်ခံရ၍ အစာရေစာ ဆာလောင်မွတ်သိပ်သဖြင့် ပင်ပန်းနွမ်းနယ်နေသော ယောကျာ်းသည် တစ်ကြောင်းတည်းသော ခရီးဖြင့် ပလ္လင်နှင့်တကွ ခန်းမဆောင်ရှိနေသော ထိုပြာသာဒ်ကိုသာလျှင် ရည်ညွှန်း၍ လာရာ၏၊ ထိုသူကို မျက်စိအမြင်ရှိသော ယောကျာ်းသည် မြင်၍ “ဤအသျှင်ယောကျာ်းသည် ဤပြာသာဒ်သို့သာလျှင် ရောက်လာမည့် လမ်းအတိုင်း သွား၏၊ ထိုအတိုင်းလည်းအားထုတ်၏၊ ထိုလမ်းသို့လည်း တက်၏” ဟု ပြောဆိုရာ၏။ နောက်အခါ၌ ထိုသူကိုပင် ထိုပြာသာဒ်ထိုအထွတ်တပ်သော ခန်းမဆောင် ထိုပလ္လင်၌ ထိုင်လျက်လည်းကောင်း၊ အိပ်လျက်လည်းကောင်း စင်စစ်ချမ်းသာသည့် သုခဝေဒနာကို ခံစားနေရသည်ကို မြင်ရာ၏။

သာရိပုတြာ ဤဥပမာအတူပင် ငါသည် ဤ လောက၌ အချို့သော ပုဂ္ဂိုလ်ကို “ဤပုဂ္ဂိုလ်သည်ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသူတို့လားရောက်ရာ နတ်ဘုံသို့ရောက်မည့် အကျင့်အတိုင်း ကျင့်၏၊ ထိုအတိုင်းလည်း အားထုတ်၏၊ ထိုလမ်းသို့လည်း တက်၏” ဟု စိတ်ဖြင့် စိတ်ကိုပိုင်းခြား၍ သိ၏။ နောက်အခါ၌ ထိုသူကိုပင် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သော နတ်မျက်စိနှင့် တူသော ‘ဒိဗ္ဗစက္ခု’ဉာဏ်ဖြင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ကောင်းသူတို့လားရာ နတ်ဘုံသို့ ရောက်ကာ စင်စစ် ချမ်းသာသည့် သုခဝေဒနာကို ခံစားနေသည်ကို့မြင်ရ၏။ (၅)

သာရိပုတြာ ဤလောက၌ ငါသည် အချို့သောပုဂ္ဂိုလ်ကို “ဤပုဂ္ဂိုလ်သည် အာသဝေါတရားတို့၏ကုန်ခြင်းကြောင့် အာသဝေါကင်းသော လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့် လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကို ယခုဘဝ၌ပင်လျှင် ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုလျက် ရောက်၍နေမည့် အကျင့်အတိုင်း ကျင့်၏၊ ထိုအတိုင်းလည်း အားထုတ်၏၊ ထိုလမ်းသို့လည်း တက်၏” ဟုစိတ်ဖြင့် စိတ်ကို ပိုင်းခြား၍ သိ၏။ နောက်အခါ၌ အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့်အာသဝေါကင်းသော လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့် လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကို ယခု ဘဝ၌ပင်လျှင် ထူးသော ဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုလျက် ရောက်၍နေကာ စင်စစ်ချမ်းသာသည့် သုခဝေဒနာကို ခံစားနေသည်ကို မြင်ရ၏။

သာရိပုတြာ ဥပမာအားဖြင့် ကြည်လင်ချိုအေး ဖြူဖွေးသောရေနှင့် ကောင်းသောရေဆိပ်ရှိသဖြင့်မွေ့လျော်ဖွယ်ဖြစ်သော ရေကန်သည် ရှိရာ၏၊ ထိုရေကန်၏အနီး၌လည်း ကြီးမားသည့် တောအုပ်ရှိရာ၏၊ ထိုအခါ နွေနေပူတို့ဖြင့် ပူလောင်နှိပ်စက်ခံရ၍ အစာရေစာ ဆာလောင်မွတ်သိပ်သဖြင့် ပင်ပန်းနွမ်းနယ်နေသော ယောကျာ်းသည် တစ်ကြောင်းတည်းသော လမ်းခရီးဖြင့် ထိုရေကန်သို့သာလျှင် ရည်ညွှန်း၍လာရာ၏၊ ထိုသူကို မျက်စိအမြင်ရှိသော ယောကျာ်းသည် မြင်၍ “ဤအသျှင်ယောကျာ်းသည် ဤရေကန်သို့သာ ရောက်မည့်လမ်းအတိုင်း သွား၏၊ ထိုအတိုင်းလည်း အားထုတ်၏၊ ထိုလမ်းသို့လည်းတက်၏” ဟု ပြောဆိုရာ၏။ နောက်အခါ၌ ထိုသူကိုပင် ထိုရေကန်သို့ ဆင်းသက် ချိုးသောက်၍ပူလောင်ခြင်း ပင်ပန်းခြင်း အိုက်စပ်ခြင်းအားလုံးကိုငြိမ်းအေးစေပြီးလျှင် ပြန်တက်၍ ထိုတောအုပ်၌ထိုင်လျက်လည်းကောင်း၊ အိပ်လျက်လည်းကောင်း စင်စစ် ချမ်းသာသော သုခဝေဒနာကိုခံစားနေရသည်ကို မြင်ရာ၏။

သာရိပုတြာ ဤဥပမာအတူပင် ငါသည် ဤလောက၌ အချို့သော ပုဂ္ဂိုလ်ကို “ဤပုဂ္ဂိုလ်သည် အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါကင်းသော လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့်လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကို ယခုဘဝ၌ပင်လျှင် ထူးသော ဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက်ပြုလျက် ရောက်၍နေမည့် အကျင့်အတိုင်း ကျင့်၏၊ ထိုအတိုင်းလည်း အားထုတ်၏၊ ထိုလမ်းသို့လည်းတက်၏” ဟု စိတ်ဖြင့် စိတ်ကို ပိုင်းခြား၍ သိ၏။ နောက်အခါ၌ ထိုသူကိုပင် အာသဝေါတရားတို့၏ကုန်ခြင်းကြောင့် အာသဝေါကင်းသော လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့် လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကို ယခုဘဝ၌ပင်လျှင် ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုလျက် ရောက်၍နေကာ စင်စစ် ချမ်းသာသော သုခဝေဒနာကို ခံစားနေသည်ကို မြင်ရ၏။ သာရိပုတြာ လားရောက်ရာဂတိတို့သည် ဤငါးပါးတို့ပင်တည်း။

သာရိပုတြာ ဤသို့ သိမြင်သော ငါ့ကို “ရဟန်းဂေါတမအား လူတို့၏ (ကုသိုလ်ကမ္မပထ) တရား ထက်သာလွန်သော အရိယာဖြစ်ရန် စွမ်းနိုင်သော ဉာဏ်အမြင်ထူး မရှိ၊ ရဟန်းဂေါတမသည်ကြံစည်ယူဆလျက် စူးစမ်းလေ့လာကာ အလိုလို ထင်မြင်လာသော တရားကို ဟောကြား၏” ဟု ပြောဆိုသောသူသည် ထိုစကားကို မပယ်သော် ထိုစိတ်ထားကို မပယ်သော် ထိုအယူကို မစွန့်သော် ဆောင်ယူလာသောဝန်ထုပ်ကို ပစ်ချလိုက်သကဲ့သို့ ငရဲ၌ အချခံရလတ္တံ့။ သာရိပုတြာ ဥပမာအားဖြင့် သီလ သမာဓိ ပညာနှင့်ပြည့်စုံသော (အရဟတ္တမဂ္ဂဋ္ဌ) ရဟန်းသည် ယခုဘဝ၌ပင် အရဟတ္တဖိုလ်သို့ ရောက်ရာသကဲ့သို့၊ ဤအတူပင် ထိုစကားကို မပယ်သော် ထိုစိတ်ထားကို မပယ်သော် ထိုအယူကို မစွန့်သော်ဆောင်ယူလာသော ဝန်ထုပ် ကို ပစ်ချလိုက်သကဲ့သို့ ငရဲ၌ အချခံရလတ္တံ့ ဟူသော ဤဥပမာကို ငါဟော၏။

အင်္ဂါလေးပါးနှင့် ပြည့်စုံသော မြတ်သော အကျင့်

၁၅၅။ သာရိပုတြာ ငါသည် အင်္ဂါလေးပါးနှင့် ပြည့်စုံသော မြတ်သော အကျင့်ကို ကျင့်ဖူးသည်ကိုအမှတ်ရ၏။ ခြိုးခြံသော အကျင့်ရှိ၏၊ အခြားသူတို့ထက် လွန်ကဲသည့် ခြိုးခြံသော အကျင့်ရှိ၏၊ ခေါင်း့ပါးသော အကျင့်ရှိ၏၊ အခြားသူတို့ထက် လွန်ကဲသည့် ခေါင်းပါးသော အကျင့်ရှိ၏၊ စက်ဆုပ်တတ်သောအကျင့်ရှိ၏။ အခြားသူတို့ထက် လွန်ကဲသည့် စက်ဆုပ်တတ်သော အကျင့်ရှိ၏။ ဆိတ်ငြိမ်သော အကျင့်ရှိ၏၊ အခြားသူတို့ထက် လွန်ကဲသည့် ဆိတ်ငြိမ်သော အကျင့်ရှိ၏။

သာရိပုတြာ ထိုအင်္ဂါလေးပါးနှင့် ပြည့်စုံသော မြတ်သောအကျင့်၌ ဤဆိုလတ္တံ့သည်ကား ငါ၏ ခြိုးခြံသော အကျင့်ပေတည်း။

အဝတ်မဝတ်ဘဲ နေ၏၊ လွတ်လပ်စွာ ကျင့်၏၁၊ လက်ဖြင့် မစင်ကို သုတ်၏၊ အသျှင်လာလော့ဆိုသူ၏ ဆွမ်းကို မခံ၊ အသျှင်ရပ်လော့ဆိုသူ၏ ဆွမ်းကို မခံ၊ မိမိမကပ်ရောက်မီ ယူဆောင်လာသောဆွမ်းကို မခံ၊ ရည်စူး၍ပြုသော ဆွမ်းကိုမခံ ပင့်ဖိတ်ဆွမ်းကို မခံ၊ အိုးဝမှကော်၍လောင်းသော ဆွမ်းကိုမခံ၊ တောင်းဝမှကော်၍ လောင်းသော ဆွမ်းကို မခံ၊ တံခါးခုံခြား၍ လောင်းသော ဆွမ်းကို မခံ၊ တုတ်ခြား၍ လောင်းသော ဆွမ်းကို မခံ၊ ကျည်ပွေ့ခြား၍ လောင်းသော ဆွမ်းကို မခံ၊ နှစ်ယောက်စားစဉ် ထ၍ လောင်းသော ဆွမ်းကို မခံ၊ ကိုယ်ဝန်ဆောင် မိန်းမ၏ ဆွမ်းကို မခံ၊ နို့တိုက်ဆဲမိန်းမ၏ ဆွမ်းကို မခံ၊ ယောကျာ်းနှင့် နှီးနှောနေသော မိန်းမ၏ ဆွမ်းကို မခံ၊ ဆော်သြ၍စုဆောင်းလောင်းသော ဆွမ်းကို မခံ၊ ခွေးမျှော်ရာမှ ဆွမ်းကို မခံ၊ ယင်အုံရာမှဆွမ်းကို မခံ၊ ငါး မစား၊ အမဲ မစား၊ သေမသောက်၊ အရက်မသောက်၊ ဖွဲ၌မြှုပ်သော ဆေးရည်ကို မသောက်၊ တစ်အိမ်၌သာဆွမ်းခံ၏၊ တစ်လုတ်သာ စား၏၊ နှစ်အိမ်၌သာ ဆွမ်းခံ၏၊ နှစ်လုတ်သာ စား၏။ပ။ ခုနစ်အိမ်၌သာဆွမ်းခံ၏၊ ခုနစ်လုတ်သာ စား၏၊ ဆွမ်းလောင်းခွက်ငယ် တစ်ခုစာဖြင့်လည်း ရောင့်ရဲ၏၊ ဆွမ်းလောင်းခွက်ငယ် နှစ်ခုစာတို့ဖြင့်လည်း ရောင့် ရဲ၏။ပ။ ဆွမ်းလောင်းခွက်ငယ် ခုနစ်ခုစာတို့ဖြင့်လည်းရောင့်ရဲ၏။ တစ်ရက်ခြားလည်း အစာစား၏၊ နှစ်ရက်ခြားလည်း အစာစား၏။ပ။ ခုနစ်ရက်ခြားလည်း အစာစား၏။ ဤနည်းဖြင့် လခွဲတစ်ကြိမ်တိုင်အောင်လည်း ဤသို့သဘောရှိသော ရက်ပိုင်းခြား၍ အစာစားခြင်း အကျင့်ကို ကျင့်လျက် နေ၏။

ထိုငါသည် ဟင်းရွက်ကိုသော်လည်း စားနေ၏၊ ပြောင်းဆန်၂ ကိုသော်လည်း စားနေ၏၊ ကျိတ်သီးဆန်၃ကိုသော်လည်း စားနေ၏၊ သားရေဖတ်အစအနကိုသော်လည်း စားနေ၏၊ မှော်ကိုသော်လည်း စားနေ၏၊ ဖွဲနု၄ ကိုသော်လည်း စားနေ၏၊ ထမင်းရေ၅ ကိုသော်လည်း စားနေ၏၊ နှမ်းမှုန့်ညက် ကိုသော်လည်းစားနေ၏၊ မြက်ကိုသော်လည်း စားနေ၏၊ နွားချေးကိုသော်လည်း စားနေ၏၊ တောသစ်မြစ် သစ်သီးကိုစားလျက် မျှတ၏၊ ကြွေကျသော သစ်သီးကို စားလျက် မျှတ၏။

ထိုငါသည် ပိုက်ဆံလျော်အဝတ်တို့ကိုသော်လည်း ဝတ်၏၊ ပိုက်ဆံလျှော်နှင့် ရောနှောရက်သောအဝတ်တို့ကိုသော်လည်း ဝတ်၏၊ သူသေကောင်မှ အဝတ်တို့ကိုသော်လည်း ဝတ်၏၊ ပံ့သကူအဝတ်တို့ကိုသော်လည်း ဝတ်၏၊ သစ်ခေါက်အဝတ်တို့ကိုသော်လည်း ဝတ်၏၊ သစ်နက်ရေကိုသော်လည်း ဝတ်၏၊ သစ်နက်ရေမျှင် အဝတ်ကိုသော်လည်း ဝတ်၏၊ သမန်းမြက်အဝတ်ကိုသော်လည်း ဝတ်၏၊ လျှော်တေအဝတ် ကိုသော်လည်း ဝတ်၏၊ ပျဉ်ချပ် အဝတ်ကိုသော်လည်း ဝတ်၏၊ ဆံခြည်ကမ္ဗလာကိုသော်လည်း ဝတ်၏၊ သားမြီးကမ္ဗလာကိုသော်လည်း ဝတ်၏၊ ခင်ပုပ်ငှက်တောင်အဝတ်ကိုသော်လည်း ဝတ်၏၊ ဆံမုတ်ဆိတ်ကို သော်လည်း နုတ်၏၊ ဆံမုတ်ဆိတ်နုတ်ခြင်းအမှုကိုသော်လည်း ပြုနေ၏၊ ထိုင်ရန် နေရာကို ပယ်၍ ရပ် လျက်သော်လည်းနေ၏၊ ဆောင့်ကြောင့်သော်လည်း ထိုင်၏၊ ဆောင့်ကြောင့်ထိုင်ခြင်းအမှုကိုသော်လည်း အားထုတ်၏၊ ဆူးအခင်းအပေါ်၌သော်လည်း နေ၏၊ ဆူးအခင်းပေါ်၌သော်လည်း အိပ်၏၊ ညနေချမ်းလျှင်သုံးကြိမ်မြောက် ရေသို့ သက်ဆင်းခြင်းအမှုကိုသော်လည်း အားထုတ်၏၊ ဤသို့လျှင်ဤသို့သဘောရှိသော ကိုယ်ကို လွန်မင်းစွာ ပူပန်စေသောအကျင့်ကို မပြတ်အားထုတ်လျက် နေ၏၊ ။ သာရိပုတြာ ဤကား ငါ၏ ခြိုးခြံသော အကျင့်ပေတည်း။

၁၅၆။ သာရိပုတြာ ထိုအင်္ဂါလေးပါးနှင့် ပြည့်စုံသော မြတ်သောအကျင့်မြတ်၌ ဤဆိုလတ္တံ့သည်ကား ငါ၏ခေါင်းပါးသော အကျင့်ပေတည်း။

နှစ်ပေါင်းများစွာဖြစ်နေသော မြူမှုန်အညစ်အကြေးသည် ကိုယ်၌ စုဝေးလျက် အပွေးတက်သကဲ့သို့ဖြစ်၏။ သာရိပုတြာ ဥပမာအားဖြင့် နှစ်ပေါင်းများစွာက ဖြစ်နေသော တည်ပင်ငုတ်သည် စုဝေးလျက်အပွေးတက်သကဲ့သို့ ဤအတူပင် ငါ၏ ကိုယ်၌ နှစ်ပေါင်းများစွာက ဖြစ်နေသော မြူမှုန်အညစ်အကြေးသည် စုဝေးလျက် အပွေးတက်သကဲ့သို့ ဖြစ်၏။ သာရိပုတြာ ထိုငါ့အား ငါသည် ဤမြူမှုန်အညစ်အကြေးကို လက်ဖြင့် ပွတ်သပ်ရမူ၊ သို့မဟုတ် တစ်ခြားသူတို့က လက်ဖြင့် ပွတ်သပ်ပေးကြကုန်မူကောင်း လေစွဟု ဤသို့သော စိတ်အကြံမျှပင် မဖြစ်ပေါ်ခဲ့ပေ။ သာရိပုတြာ ဤကား ငါ၏ခေါင်းပါးသောအကျင့် ပေတည်း။ (၁)

သာရိပုတြာ ထိုအင်္ဂါလေးပါးနှင့် ပြည့်စုံသည့် မြတ်သောအကျင့်၌ ဤဆိုလတ္တံ့သည်ကား ငါ၏စက်ဆုပ်တတ်သော အကျင့်ပေတည်း။

သာရိပုတြာ ထိုငါသည် ရေပေါက်မျှ၌သော်လည်း ငါ့အား သနားခြင်းကရုဏာ ဖြစ်ပေါ်ခဲ့၏၊ “ငါသည်မညီမညွတ်အရပ်၌ တည်ကုန်သော (ရေပေါက်တည်းဟူသော) သတ္တဝါငယ်တို့ကို သတ်ဖြတ်ခြင်းသို့မရောက်ပါစေလင့်” ဟု နှလုံးသွင်းကာ သတိရှိလျက် ရှေ့သို့ တက်၏၊ သတိရှိလျက်သာ နောက်သို့ဆုတ်၏၊ သာရိပုတြာ ဤကား ငါ၏ စက်ဆုပ်တတ်သော အကျင့်ပေတည်း။ (၂)

သာရိပုတြာ ထိုအင်္ဂါလေးပါးနှင့် ပြည့်စုံသည့် မြတ်သောအကျင့်၌ ဤဆိုလတ္တံ့သည်ကား ငါ၏ဆိတ်ငြိမ်သော အကျင့်ပေတည်း။

သာရိပုတြာ ထိုငါသည် အမှတ်မရှိ တစ်ခုခုသော တောတွင်းသို့ သက်ဝင်၍ နေ၏၊ ။ အကြင်အခါငါသည် နွားကျောင်းသားကိုလည်းကောင်း သား (သိုး ဆိတ်စသည်) ကျောင်းသားကိုလည်းကောင်း၊ မြက်ထမ်းသမားကိုလည်းကောင်း၊ ထင်းခွေသမားကိုလည်းကောင်း၊ တောအမှုလုပ်ကိုလည်းကောင်း တွေ့မြင်၏၊ ထိုအခါ ငါသည် တစ်တောမှ တစ်တောသို့ တစ်ချုံမှ တစ်ချုံသို့ တစ်ချိုင့်မှ တစ်ချိုင့်သို့ တစ်ကုန်းမှတစ်ကုန်းသို့ သွား၏။ ထိုသို့ သွားခြင်းသည် အဘယ့်ကြောင့်နည်း၊ ထိုသူတို့သည် ငါ့ကို မတွေ့မြင်ကြပါစေကုန်လင့်၊ ငါသည်လည်း ထိုသူတို့ကို မတွေ့မြင်ရပါစေလင့်ဟု နှလုံးသွင်းထားသောကြောင့်တည်း။

သာရိပုတြာ ဥပမာအားဖြင့် တော၌ ပေါက်ပွားသော သားကောင် (သားသမင်) သည် လူတို့ကို မြင်လျှင်တစ်တောမှ တစ်တောသို့ တစ်ချုံမှ တစ်ချုံသို့ တစ်ချိုင့်မှ တစ်ချိုင့်သို့ တစ်ကုန်းမှ တစ်ကုန်းသို့သွားသကဲ့သို့ သာရိပုတြာ ဤအတူပင် အကြင်အခါ ငါသည် နွားကျောင်းသားကိုလည်းကောင်း၊ သား (သိုးဆိတ်စသည်) ကျောင်းသားကိုလည်းကောင်း၊ မြက်ထမ်းသမားကိုလည်းကောင်း၊ ထင်းခွေသမားကိုလည်းကောင်း၊ တောအမှုလုပ်ကိုလည်းကောင်း တွေ့မြင်၏၊ ထိုအခါ ငါသည် တစ်တောမှ တစ်တောသို့တစ်ချုံမှ တစ်ချုံသို့ တစ်ချိုင့်မှ တစ်ချိုင့်သို့ တစ်ကုန်းမှ တစ်ကုန်းသို့ သွား၏။ ထိုသို့ သွားခြင်းသည်အဘယ့်ကြောင့်နည်း၊ ထိုသူတို့သည် ငါ့ကို မတွေ့မြင်ကြပါစေကုန်လင့်၊ ငါသည်လည်း ထိုသူတို့ကိုမတွေ့ မြင်ရပါစေလင့်ဟု နှလုံးသွင်းထားသောကြောင့်တည်း။ သာရိပုတြာ ဤကား ငါ၏ ဆိတ်ငြိမ်သောအကျင့် ပေတည်း။ (၃)

သာရိပုတြာ ထိုငါသည် နွားတို့ ထွက်သွားကြကုန်၍ နွားကျောင်းသားတို့မှ ကင်းကုန်သော နွားခြံတို့သို့လေးဘက်ထောက်သွားကာ ချဉ်းကပ်၍ နို့စို့နွားငယ်တို့၏ နွားချေးတို့ကို စားမျိုခဲ့၏။ သာရိပုတြာမိမိကျင်ငယ် ကျင်ကြီးမကုန်သေးသမျှ မိမိကျင်ငယ် ကျင်ကြီးကိုသာ ငါစားမျိုခဲ့၏၊ သာရိပုတြာ ဤကားငါ၏ စားရိုးမဟုတ်သော အစာကို စားခြင်းအကျင့်ပေတည်း။ (၄)

၁၅၇။ သာရိပုတြာ ထိုငါသည် ကြောက်မက်ဖွယ် တောအုပ်တစ်ခုသို့ သက်ဝင်၍ နေ၏။ သာရိပုတြာကြောက်မက်ဖွယ်တောအုပ်၏ ကြောက်မက်ဖွယ် အခြင်းအရာကား မည်သူမဆို ရာဂမကင်း သေးသူသည့်ထိုတောအုပ်သို့ ဝင်အံ့၊ များသောအားဖြင့် ကြက်သီးမွေးညင်းထကုန်၏။ သာရိပုတြာ ငါသည် ဆီးနှင်းကျချိန် အေးမြသည့် ဆောင်းဥတု ကြားရှစ်ရက်တို့တွင် ညဉ့်အခါ လွင်တီးခေါင် ‘လဟာပြင်’ ၌ နေ၍နေ့အခါ တောအုပ်၌ နေ၏။ နွေဥတု နောက်ဆုံးလတွင် နေ့အခါ လွင်တီးခေါင်၌ နေ၍ ညအခါတောအုပ် ၌ နေ၏။ သာရိပုတြာ စင်စစ် ရှေးက မကြားဖူးသည့် အထူးအံ့သြဖွယ်ကောင်းသောဤဂါထာသည် ငါ့အား ထင်လာ၏။

“ရဟန်းသည် တစ်ကိုယ်တည်း ကြောက်မက်ဖွယ်တောကြီး၌ အဝတ်မဆီးဘဲ မီးသို့လည်း မကပ်ဘဲအလွန်အပူခံ၍လည်းကောင်း၊ အလွန်အအေးခံ၍လည်း ကောင်း နိဗ္ဗာန်ကို ကြိုးစားရှာမှီး နေ၏” ဟု (ထင်လာ၏)။

သာရိပုတြာ ထိုငါသည် သူသေအရိုးတို့ကို ခေါင်းအုံး၍ သုသာန်၌ အိပ်၏။ သာရိပုတြာ နွားကျောင်းသား သူငယ်တို့သည် ငါ့ထံသို့ ချဉ်းကပ်ကြကုန်၍ တံတွေးဖြင့်လည်း ထွေးကြကုန်၏၊ ကျင်ငယ်ဖြင့်လည်း ပန်းကြကုန်၏၊ မြေမှုန့်ဖြင့်လည်း။ ကဲချကြကုန်၏၊ နားပေါက်တို့၌လည်း တုတ်ချောင်းကို ထိုးသွင်းကြကုန်၏။ သာရိပုတြာ ငါသည် ထိုသူတို့၌ စိတ်ပြစ်မှားမိသည်ကိုမျှ အမှတ်မရ။ သာရိပုတြာဤကား ငါ၏ လျစ်လျူရှုနေမှု အကျင့်ပေတည်း။

၁၅၈။ သာရိပုတြာ အစာအာဟာရဖြင့် စင်ကြယ်နိုင်၏ဟု ဤသို့ ပြောဆိုကြ ဤသို့ အယူရှိကြကုန်သော သမဏ ဗြာဟ္မဏအချို့တို့သည် ရှိကြကုန်၏။ ထိုသူတို့သည် ဆီးသီးတို့ဖြင့် မျှတကြကုန်၏ဟုပြောဆိုကြကုန်၏၊ ထိုသူတို့သည် ဆီးသီးကိုလည်း စားကြကုန်၏၊ ဆီးသီးမှုန့်ကိုလည်း စားကြကုန်၏၊ ဆီးသီးဖျော်ရည်ကိုလည်း သောက်ကြကုန်၏၊ ဆီးသီးဖြင့် အထူးပြုထားသည့်အရာ အမျိုးမျိုးကိုလည်းသုံးဆောင်ကြကုန်၏။ သာရိပုတြာ ငါကား ဆီးသီးတစ်လုံးသာဖြစ်သော အစာအာဟာရကို စားမျိုသည်ကိုအမှတ်ရ၏။ သာရိပုတြာ “ထိုစဉ်အခါက ဆီးသီးသည် ကြီးမားလေသလော” ဟု သင့်အား စိတ်အကြံဖြစ်ကောင်းဖြစ်ရာ၏။ သာရိပုတြာ ဤသို့ မမှတ်သင့်၊ ယခုအခါ၌ကဲ့သို့ပင် ထိုစဉ်အခါ၌လည်း ဆီးသီးသည် ဤပမာဏမျှပင် ဖြစ်ခဲ့၏။ သာရိပုတြာ ဆီးသီးတစ်လုံးသာဖြစ်သော အစာအာဟာရကို စားမျိုသော ထိုငါ၏ ကိုယ်သည် အလွန်ပိန်ကြုံခြင်းသို့ ရောက်ခဲ့၏၊ ထိုအစာအာဟာရ နည်းပါးမှုကြောင့်ပင်ကစွန်းနွယ်၏ အဆစ်တို့ကဲ့သို့လည်းကောင်း၊ နွယ်ပုပ် နွယ်ငန်း၏ အဆစ်တို့ကဲ့သို့လည်းကောင်း ငါ၏အင်္ဂါကြီးငယ်တို့သည် ဖြစ်ပေါ်ကုန်၏။ ကုလားအုတ်ခြေရာကဲ့သို့ ငါ၏ တင်ပါးဆုံသားသည် ဖြစ်ပေါ်နေ၏။ ပုတီးကုံးကဲ့သို့ ငါ၏ ကျောက်ကုန်းရိုးသည် အမြင့်အနိမ့် ဖြစ်ပေါ်နေ၏။ ဇရပ်ဆွေး၏အခြင်တို့သည် ဖရိုဖရဲ အထက်တင် အောက်ကျ ပျက်စီးနေကုန်သကဲ့သို့ ငါ၏ နံရိုးတို့သည် ဖရိုဖရဲအထက်တင် အောက် ကျဖြစ်နေကုန်၏။ နက်သော ရေတွင်း၌ နက်ရှိုင်း၍ အောက်သို့ ဝင်နေသောရေဝန်းကို မြင်ရသကဲ့သို့ ငါ၏ မျက်တွင်းတို့၌ ထိုအစာအာဟာရ နည်းပါးမှုကြောင့်ပင် နက်ရှိုင်း၍အောက်သို့ ဝင်နေသော မျက်လုံးဝန်းတို့ကို မြင်ရ၏။ ထိုအစာအာဟာရ နည်းပါးမှုကြောင့်ပင်အစိမ်းနုနုဆွတ်ခူးထားသော ဘူးခါး သီးသည် လေနေပူကြောင့် ရှုံ့တွညှိုးချောက်နေသကဲ့သို့ ငါ၏ဦးခေါင်းရေသည် ရှုံ့တွညှိုးချောက်နေ၏။

သာရိပုတြာ ထိုငါသည် ဝမ်းရေကို သုံးသပ်အံ့ဟု သုံးသပ်သော် ကျောက်ကုန်းရိုးကိုသာလျှင် ကိုင်မိ၏။ ကျောက်ကုန်းရိုးကို သုံးသပ်အံ့ဟု သုံးသပ်သော် ဝမ်းရေကိုသာလျှင် ကိုင်မိ၏။ သာရိပုတြာ ထိုအစာအာဟာရ နည်းပါးမှုကြောင့်ပင် ငါ၏ ဝမ်းရေသည် ကျောက်ကုန်းရိုးသို့ ကပ်သည်အထိ ဖြစ်ပေါ်နေ၏။ သာရိပုတြာ ထိုငါသည် ကျင်ကြီးကိုလည်းကောင်း၊ ကျင်ငယ်ကိုလည်းကောင်း စွန့်အံ့ဟု ထသွားသော်ထိုနေရာ၌ပင် မှောက်ခုံလဲကျ၏။ သာရိပုတြာ ထိုငါသည် ကိုယ်ကို သက်သာစေလို၍ လက်ဖြင့် ကိုယ်တို့ကို ပွတ်သပ်၏၊ လက်ဖြင့် ကိုယ်တို့ကို ပွတ်သပ်သော် အမြစ်ဆွေးနေသော အမွေးတို့သည် ထိုအစာအာဟာရ နည်းပါးမှုကြောင့်ပင် ကိုယ်မှ ကျွတ်ကျကုန်၏။

၁၅၉။ သာရိပုတြာ အစာအာဟာရဖြင့် စင်ကြယ်နိုင်၏ဟု ဤသို့ပြောဆိုကြ ဤသို့အယူရှိကြကုန် သောသမဏဗြာဟ္မဏအချို့တို့သည် ရှိကြကုန်၏။ ထိုသူတို့သည် ပဲနောက်တို့ဖြင့် မျှတကြကုန်အံ့။ပ။ နှမ်းတို့ဖြင့် မျှတကြကုန်အံ့။ပ။ ဆန်တို့ဖြင့် မျှတကြကုန်အံ့ဟု ပြောဆိုကြကုန်၏။ ထိုသူတို့သည် ဆန်ကိုလည်း စားကြကုန်၏၊ ဆန်မှုန့်ကိုလည်း စားကြကုန်၏၊ ဆန်ဆေးရေကိုလည်း သောက်ကြကုန်၏၊ ဆန်ဖြင့် အထူးပြုထားသည့်အရာ အမျိုးမျိုးတို့ကိုလည်း သုံးဆောင်ကြကုန်၏။ သာရိပုတြာ ငါသည် ဆန်တစ်စေ့မျှသာဖြစ်သော အစာအာဟာရ စားမျိုသည်ကို အမှတ်ရ၏။ သာရိပုတြာ သင့်အား “ထိုစဉ်အခါကဆန်သည် ကြီးမားလေသလော” ဟု စိတ်အကြံ ဖြစ်ကောင်းဖြစ်ရာ၏။ သာရိပုတြာ ဤသို့ မမှတ်သင့်၊ ယခုအခါ၌ကဲ့သို့ပင် ထိုစဉ်အခါ၌လည်း ဆန်သည် ဤပမာဏမျှပင် ဖြစ်ခဲ့၏။ သာရိပုတြာ ဆန်တစ်စေ့သာဖြစ်သော အစာအာဟာရကို စားမျိုခဲ့သော ထိုငါ၏ ကိုယ်သည် အလွန်ပိန်ကြုံခြင်းသို့ ရောက်ခဲ့၏၊ ထိုအစာအာဟာရနည်းပါးမှုကြောင့်ပင် ကစွန်းနွယ်၏ အဆစ်တို့ကဲ့သို့လည်းကောင်း၊ နွယ်ပုပ်နွယ်ငန်း၏အဆစ်ကဲ့သို့လည်းကောင်း ငါ၏ အင်္ဂါကြီးငယ်တို့သည် ဖြစ်ပေါ်နေကုန်၏။ ကုလားအုတ်ခြေရာကဲ့သို့ ငါ၏တင်ပါးဆုံသားသည် ဖြစ်ပေါ်နေ၏။ ပုတီးကုံးကဲ့သို့ ငါ၏ ကျောက်ကုန်းရိုးသည် အမြင့်အနိမ့် ဖြစ်ပေါ်နေ၏။ ဇရပ်ဆွေး၏ အခြင်တို့သည် ဖရိုဖရဲ အထက်တင် အောက်ကျ ပျက်စီးနေကုန်သကဲ့သို့ ငါ၏ နံရိုးတို့သည် ဖရိုဖရဲ အထက်တင်အောက်ကျ ဖြစ်နေကုန်၏။ နက်သော ရေတွင်း၌ နက်ရှိုင်း၍ အောက်သို့ဝင်နေသော ရေအဝန်းကို မြင်ရသကဲ့သို့ ငါ၏ မျက်တွင်းတို့၌ နက်ရှိုင်း၍ အောက်သို့ ဝင်နေသော မျက်လုံးဝန်းတို့ကို မြင်ရ၏။ ထိုအစာအာဟာရ နည်းပါးမှုကြောင့်ပင် အစိမ်းနုနု ဆွတ်ခူးထားသော ဘူးခါးသီးသည် လေနေပူကြောင့် ရှုံ့တွညှိုးချောက်နေသကဲ့သို့ ငါ၏ ဦးခေါင်းရေသည် ရှုံ့တွညှိုးချောက်နေ၏။

သာရိပုတြာ ထိုငါသည် ဝမ်းရေကို သုံးသပ်အံ့ဟု သုံးသပ်သော် ကျောက်ကုန်းရိုးကိုသာလျှင် ကိုင် မိ၏။ ကျောက်ကုန်းရိုးကို သုံးသပ်အံ့ဟု သုံးသပ်သော် ဝမ်းရေကိုသာလျှင် ကိုင်မိ၏။ သာရိပုတြာ ထိုအစာအာဟာရ နည်းပါးမှုကြောင့်ပင် ငါ၏ ဝမ်းရေသည် ကျောက်ကုန်းရိုးသို့ ကပ်သည်အထိ ဖြစ်ပေါ်နေ၏။ သာရိပုတြာ ထိုငါသည် ကျင်ကြီးကိုလည်းကောင်း၊ ကျင်ငယ်ကိုလည်းကောင်း စွန့်အံ့ဟုထသွားသော် ထိုနေရာ၌ပင် မှောက်ခုံလဲကျ၏။ သာရိပုတြာ ထိုငါသည် ကိုယ်ကို သက်သာစေလို၍လက်ဖြင့် ကိုယ်ကို ပွတ်သပ်၏။ လက်ဖြင့် ကိုယ်တို့ကို ပွတ်သပ်သော် အမြစ်ဆွေးနေသောအမွေးတို့သည် ထိုအစာအာဟာရ နည်းပါးမှုကြောင့်ပင် ကိုယ်မှ ကျွတ်ကျကုန်၏။

သာရိပုတြာ ထိုငါသည် ထိုလုံ့လ ထိုအကျင့် ထိုခဲခဲယဉ်းယဉ်းပြုကျင့်ခြင်းဖြင့် လူတို့၏ (ကုသိုလ်ကမ္မပထ) တရားထက် သာလွန်သော အရိယာဖြစ်ရန် စွမ်းနိုင်သော ဉာဏ်အမြင်ထူးကို မရခဲ့။ ထိုသို့မရခြင်းသည် အဘယ်ကြောင့်နည်း၊ ထိုအတိုင်း ကျင့်သောသူအား ဝဋ်ဆင်းရဲကုန်ခြင်းအကျိုးငှါ ကောင်းစွာထုတ်ဆောင်နိုင်သော အရိယာပညာကို မရခဲ့သောကြောင့်တည်း။

၁၆ဝ။ သာရိပုတြာ “(များစွာ) ကျင်လည်ခြင်းဖြင့် စင်ကြယ်၏” ဟု ဤသို့ ပြောဆိုကြ ဤသို့ အယူရှိကြကုန်သော သမဏဗြာဟ္မဏ အချို့တို့သည် ရှိကြကုန်၏။ သာရိပုတြာ သုဒ္ဓါဝါသဗြဟ္မာတို့ကို ချန်ထား၍ ရှည်ကြာလှစွာသော ဤသံသရာအဓွန့်မှစ၍ ငါမကျင်လည်ဖူးသော သံသရာကို လွယ်ကူစွာ မရနိုင်။ သာရိပုတြာ ငါသည် သုဒ္ဓါဝါသဗြဟ္မာ့ဘုံ၌ ကျင်လည်ငြားအံ့၊ ဤ (လူ့) လောကသို့ တစ်ဖန် မရောက်လာရာ။

သာရိပုတြာ “(များစွာ) ဖြစ်ခြင်းဖြင့် စင်ကြယ်၏” ဟု ဤသို့ ပြောဆိုကြ ဤသို့ အယူရှိကြကုန်သောသမဏဗြာဟ္မဏ အချို့တို့သည် ရှိကြကုန်၏။ သာရိပုတြာ သုဒ္ဓါဝါသဗြဟ္မာတို့ကို ချန်ထား၍ ရှည်ကြာလှစွာသော ဤသံသရာအဓွန့်၌ ငါမဖြစ်ဖူးသော ဖြစ်ရာဘဝကို လွယ်ကူစွာ မရနိုင်။ သာရိပုတြာ ငါသည်သုဒ္ဓါဝါသဗြဟ္မာ့ဘုံ၌ ဖြစ်ငြားအံ့၊ ဤ (လူ့) လောကသို့ တစ်ဖန် မရောက်လာရာ။

သာရိပုတြာ “(များစွာ) နေခြင်းဖြင့် စင်ကြယ်၏” ဟု ဤသို့ ပြောဆိုကြ ဤသို့ အယူရှိ်ကြကုန်သော သမဏဗြာဟ္မဏ အချို့တို့သည် ရှိကြကုန်၏။ သာရိပုတြာ သုဒ္ဓါဝါသဗြဟ္မာတို့ကို ချန်ထား၍ ရှည်ကြာလှစွာသော ဤသံသရာအဓွန့်၌ ငါမနေဖူးသော နေရာကို လွယ်ကူစွာ မရနိုင်။ သာရိပုတြာ ငါသည်သုဒ္ဓါဝါသဗြဟ္မာ့ဘုံ၌ နေငြားအံ့၊ ဤ (လူ့) လောကသို့ တစ်ဖန် မရောက်လာရာ။

သာရိပုတြာ “ယဇ်ပူဇော်ခြင်းဖြင့် စင်ကြယ်၏” ဟု ဤသို့ပြောဆိုကြ ဤသို့အယူရှိကြကုန်သောသမဏဗြာဟ္မဏအချို့တို့သည် ရှိကြကုန်၏။ သာရိပုတြာ ရှည်ကြာလှစွာသော ဤသံသရာအဓွန့်၌ ငါမပူဇော်ဖူးသော ယဇ်ကို လွယ်ကူစွာ မရနိုင်။ ထိုယဇ်ကိုလည်း အဘိသိက်ခံ ရေမြေ့ရှင်မင်းဖြစ်၍လည်းကောင်း၊ ဥစ္စာများစွာရှိသော ပုဏ္ဏားဖြစ်၍လည်းကောင်း ပူဇော်ခဲ့၏။

သာရိပုတြာ “မီးလုပ်ကျွေးခြင်းဖြင့် စင်ကြယ်၏” ဟု ဤသို့ ပြောဆိုကြ ဤသို့အယူရှိကြကုန်သောသမဏဗြာဟ္မဏအချို့တို့သည် ရှိကြကုန်၏။ သာရိပုတြာ ရှည်ကြာလှစွာသော ဤသံသရာအဓွန့်၌ ငါမလုပ်ကျွေးဖူးသော မီးကို လွယ်ကူစွာ မရနိုင်။ ထိုမီးကိုလည်း အဘိသိက်ခံ ရေမြေ့ရှင်မင်း ဖြစ်၍လည်းကောင်း၊ ဥစ္စာများစွာရှိသော ပုဏ္ဏားဖြစ်၍လည်းကောင်း လုပ်ကျွေးခဲ့၏။

၁၆၁။ သာရိပုတြာ “ဤအသျှင်ယောကျာ်းသည် ပျိုမျစ်နုနယ်၍ မည်းနက်သောဆံပင်ရှိသည့် ပဌမအရွယ်ငယ်စဉ်အခါ၌သာ အကြောင်းအကျိုးကို မြော်မြင်နိုင်သည့် ကောင်းမြတ်သော ပညာနှင့်ပြည့်စုံ၍၊ ရက်ချုပ်အားဖြင့် အသက်ရှစ်ဆယ် ကိုးဆယ် တစ်ရာရှိ၍၊ အိုမင်းကြီးမြင့် အရွယ်ရင့်ကာ ဆင့်ဆင့်လွန်မြောက် နောက်ဆုံးအရွယ်သို့ ရောက်သော အခါ၌ကား အကြောင်း အကျိုးကို မြော်မြင်နိုင်သည့် ပညာမှယုတ်လျော့၏” ဟု ဤသို့ပြောဆိုကြ ဤသို့အယူရှိကြကုန်သော သမဏဗြာဟ္မဏအချို့တို့သည် ရှိကြကုန်၏။ သာရိပုတြာ ဤသို့ မမှတ်သင့်၊ သာရိပုတြာ ငါဘုရားသည်ကား ယခုအခါ၌ အသက်ရှစ်ဆယ်ရှိ၍အိုမင်းကြီးမြင့် အရွယ်ရင့်ကာ ဆင့်ဆင့်လွန်မြောက် နောက်ဆုံးအရွယ်သို့ ရောက်၏။ သာရိပုတြာ ဤသာသနာတော်၌ အနှစ်တစ်ရာအသက်ရှည်ကုန်လျက် အနှစ်တစ်ရာအသက်ရှင်လျက်ရှိကုန်သောလွန်ကဲသော သင်ယူနိုင်သောသတိ (ဆောင်ထားနိုင်သော) ဂတိ (သရဇ္ဈာယ်နိုင်သော) ဓိတိမြော်မြင်နိုင်သော ပညာနှင့် ပြည့်စုံကုန်သော တပည့်သာဝက လေးဦးတို့သည် ငါဘုရားအား ရှိကုန်ရာ၏။ သာရိပုတြာ ဥပမာအားဖြင့် သင်ကြားပြီးသော လက်တည့်အောင် လေ့ကျင့်ထားသော မြားပစ်အတတ်၌အစမ်းအသတ်ခံပြီးသော အလွန်သန်မာသောလေးရှိသော လေးသမားသည် ပေါ့ပါးသောမြားဖြင့်မပင်မပန်း ထန်းပင်ရိပ်ကို ကန့် လန့်ကျော်လွန်စေရာသကဲ့သို့ ဤအတူပင် လွန်ကဲသော သတိ,လွန်ကဲသော ဂတိ, လွန်ကဲသော ဓိတိ, လွန်ကဲသော မြော်မြင်နိုင်သော ပညာနှင့်ပြည့်စုံသောတပည့်သာဝက လေးဦးတို့သည် စားသောအခါ သောက်သောအခါ ခဲသောအခါ လျက်သောအခါကျင်ကြီးကျင်ငယ်စွန့်သောအခါ အိပ်သောအခါ ပင်ပန်းခြင်း ကို ပယ်ဖျောက်သော အခါတို့မှတစ်ပါးငါ့အား သတိပဋ္ဌာန်လေးပါးတို့ကို ထောက်၍ ထောက်၍ ပြဿနာ မေးလျှောက်ကုန်ငြားအံ့၊ မေးလျှောက်တိုင်း မေးလျှောက်တိုင်းပင် ငါသည် ထိုတပည့်သာဝက လေးဦးတို့အား ဖြေနိုင်ရာ၏၊ ငါ၏ဖြေကြားချက်ကိုလည်း ဖြေကြားသည့်အတိုင်း ဆောင်နိုင်ကြကုန်ရာ၏၊ ထပ် ဆင့်၍ နှစ်ခုမြောက်သောပြဿနာကိုလည်း ငါ့အား မမေးကြရာ။ သာရိပုတြာ မြတ်စွာဘုရားအား တရားဟောကြားခြင်းသည်မကုန်သည်သာတည်း။ မြတ်စွာဘုရားအား တရားပုဒ်ဗျဉ်းသည် မကုန်သည် သာတည်း၊ မြတ်စွာဘုရားအား ပြဿနာဖြေကြားခြင်းသည် မကုန်သည်သာတည်း၊ စင်စစ်မူ အနှစ်တစ်ရာအသက်ရှည်ကုန်လျက် အနှစ်တစ်ရာ အသက်ရှည်လျက်ရှိကုန်သော ငါ၏ ထိုတပည့်သာဝကလေးဦးတို့သာ အနှစ်တစ်ရာကျော်လွန်သဖြင့် သေဆုံးကုန်ရာ၏။ သာရိပုတြာ ငါ့ကိုညောင်စောင်းဖြင့်လည်း ဆောင်ယူကြ စေကာမူ မြတ်စွာဘုရား၏ မြော်မြင်နိုင်သော ပညာသည်ဖောက်ပြန်ပြောင်းလဲခြင်း မရှိသည်သာတည်း။

သာရိပုတြာ “များစွာသော သူတို့၏ စည်းပွားချမ်းသာအလို့ငှာ လောကကို စောင့်ရှောက်ရန် အလို့ငှာ့နတ်လူတို့၏ အကျိုးစီးပွားချမ်းသာအလို့ငှာ မတွေဝေသော သဘောရှိသော သတ္တဝါသည် လူ့လောက၌ဖြစ်ထွန်းပေါ်ပေါက်ခဲ့၏” ဟူသော စကားကို ပြောဆိုသောသူသည် (အကယ်၍) ကောင်းမွန်စွာ ပြောဆိုလိုငြားအံ့၊ ငါ့ကိုသာလျှင် ကောင်းမွန်စွာ ပြောဆိုပေရာ၏ဟု (မိန့်တော်မူ၏)။

၁၆၂။ ထိုစဉ်အခါ၌ အသျှင်နာဂသမာလသည် မြတ်စွာဘုရား၏ နောက်တော်မှ မြတ်စွာဘုရားကိုယပ်လေခပ်လျက် တည်နေ၏၊ ထိုအခါ အသျှင်နာဂသမာလသည် မြတ်စွာဘုရားအား —

“အသျှင်ဘုရား အံ့သြဖွယ်ကောင်းပါပေစွ၊ အသျှင်ဘုရား မဖြစ်စဖူးထူးကဲစွာ ဖြစ်ပါပေစွ၊ အသျှင်ဘုရားဤတရားဒေသနာကို ကြားနာရ၍ တပည့်တော်အား ကြက်သီးမွေးညင်း ထလာပါ ကုန်၏၊ အသျှင်ဘုရားဤတရားဒေသနာသည် အဘယ်အမည်ရှိပါသနည်း” ဟု လျှောက်၏။

နာဂသမာလ ထိုသို့ဖြစ်လျှင် ဤတရားဒေသနာကို “ကြက်သီးမွေးညင်း ထစေတတ်သည့် ‘လောမဟံသန’ တရားဒေသနာဟူ၍ပင် သင်မှတ်ထားလေလော့” ဟု (မိန့်တော်မူ၏)။

မြတ်စွာဘုရားသည် ဤတရားကို ဟောကြားတော်မူ၏၊ အသျှင်နာဂသမာလသည် မြတ်စွာဘုရားဟောတော်မူသော တရားတော်ကို နှစ်လိုသည်ဖြစ်၍ ဝမ်းမြောက်စွာ ခံယူလေသတည်း။

နှစ်ခုမြောက် မဟာသီဟနာဒသုတ်ပြီး၏။

၁။ အမျိုးကောင်းသားတို့၏ အလေ့အထဟူသမျှကို ပယ်၍ ရပ်လျက် ကျင်ကြီးကျင်ငယ်စွန့်ခြင်းစသည်ကို ပြုခြင်းပင် တည်း။

၂။ ဂျုံဆန် သို့မဟုတ် ဆန်စိမ်းဟု အချို့မူများ၌ ပြန်၏။

၃။ မြက်သီးဆန် သို့မဟုတ် ဆန်တစ်မျိုးဟု အချို့မူများ၌ ပြန်၏။

၄။ ကဏောပိ တဏ္ဍုလံ ပရိယောနန္ဓိ၊ ဖွဲနုသည်လည်း ဆန်ကို မြှေးရှက်၏၊ (ပါထိကဝဂ် အဂ္ဂညသုတ်) နှင့်အညီ ကဏကို ဖွဲနုဟု ပြန်သည်။

၅။ ထမင်းချိုးလည်း ဟူ၏။