သံယုတ္တနိကာယ်—၂၂

(၈) ၃—ခဇ္ဇနီယဝဂ်

၇—ခဇ္ဇနီယသုတ်

၇၉။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ များပြားစွာသော ရှေး၌ နေဖူးသော ဘဝကို အောက်မေ့ကုန်သောသမဏဗြာဟ္မဏအချို့တို့သည် စွဲလမ်းမှု ဥပါဒါနက္ခန္ဓာ ငါးမျိုးတို့ကိုဖြစ်စေ၊ ထိုငါးမျိုးတို့တွင် တစ်ခုခုကိုဖြစ်စေ အောက်မေ့ကုန်၏။ အဘယ်ငါးမျိုးတို့နည်း၊ ရဟန်းတို့ “အတိတ်ကာလ၌ ဤသို့သောရုပ်ရှိသူ ဖြစ်ဖူးပြီ “ဟု ဤသို့ အောက်မေ့သော် ရုပ်ကိုသာ အောက်မေ့၏၊ ရဟန်းတို့ “အတိတ်ကာလ၌ ဤသို့သော ဝေဒနာရှိသူ ဖြစ်ဖူးပြီ”ဟု ဤသို့ အောက်မေ့သော် ဝေဒနာကိုသာ အောက်မေ့၏၊ “အတိတ်ကာလ၌ ဤသို့သော သညာရှိသူ ဖြစ်ဖူးပြီ”ဟု။ “အတိတ်ကာလ၌ ဤသို့သော သင်္ခါရရှိသူတို့ ဖြစ်ဖူးကုန်ပြီ “ဟု။ “အတိတ်ကာလ၌ ဤသို့သော ဝိညာဏ်ရှိသူ ဖြစ်ဖူးပြီ “ဟု ဤသို့ အောက်မေ့သော် ဝိညာဏ်ကိုသာ အောက်မေ့၏။

ရဟန်းတို့ အဘယ်အကြောင်းကြောင့် ရုပ်ဟု ဆိုကုန်သနည်း၊ ရဟန်းတို့ ဖောက်ပြန်တတ်သော ကြောင့်”ရုပ်”ဟု ဆိုအပ်၏။ အဘယ်တရားကြောင့် ဖောက်ပြန်သနည်း၊ အအေးကြောင့်လည်း ဖောက် ပြန်၏၊ အပူကြောင့်လည်း ဖောက်ပြန်၏၊ ဆာလောင်ခြင်းကြောင့်လည်း ဖောက်ပြန်၏၊ မွတ်သိပ်ခြင်းကြောင့်လည်း ဖောက်ပြန်၏၊ မှက် ခြင် လေ နေပူ မြွေ ကင်းသန်းတို့နှင့် တွေ့ခြင်းကြောင့်လည်းဖောက်ပြန်၏။ ရဟန်းတို့ ဤသို့ ဖောက်ပြန်တတ်သောကြောင့် “ရုပ်”ဟု ဆိုအပ်၏။

ရဟန်းတို့ အဘယ်အကြောင်းကြောင့် ဝေဒနာဟု ဆိုကုန်သနည်း၊ ရဟန်းတို့ ခံစားတတ်သော ကြောင့်”ဝေဒနာ”ဟု ဆိုအပ်၏။ အဘယ်ကို ခံစားတတ်သနည်း၊ ချမ်းသာကိုလည်း ခံစားတတ်၏၊ ဆင်းရဲကိုလည်း ခံစားတတ်၏၊ ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သည်ကိုလည်း ခံစားတတ်၏။ ရဟန်းတို့ ခံစားတတ်သောကြောင့် “ဝေဒနာ”ဟု ဆိုအပ်၏။

ရဟန်းတို့ အဘယ်အကြောင်းကြောင့် သညာဟု ဆိုကုန်သနည်း၊ ရဟန်းတို့ မှတ်သားတတ်သောကြောင့် “သညာ”ဟု ဆိုအပ်၏။ အဘယ်ကို မှတ်သားတတ်သနည်း၊ အညိုကိုလည်း မှတ်သားတတ်၏၊ အဝါကိုလည်း မှတ်သားတတ်၏၊ အနီကိုလည်း မှတ်သားတတ်၏၊ အဖြူကိုလည်း မှတ်သားတတ်၏။

ရဟန်းတို့ မှတ်သားတတ်သောကြောင့် “သညာ”ဟု ဆိုအပ်၏။

ရဟန်းတို့ အဘယ်အကြောင်းကြောင့် သင်္ခါရတို့ဟု ဆိုကုန်သနည်း၊ ရဟန်းတို့ ပြုပြင်အပ်သောသဘောကို ပြုပြင်တတ်သောကြောင့် “သင်္ခါရတို့”ဟု ဆိုအပ်၏။ အဘယ်ပြုပြင်အပ်သော သဘောကိုပြုပြင်တတ်သနည်း၊ ရုပ်ကို ရုပ်အဖြစ်အကျိုးငှါ ပြုပြင်အပ်သော သဘောကို ပြုပြင်တတ်၏။ ဝေဒနာကိုဝေဒနာအဖြစ်အကျိုးငှါ ပြုပြင်အပ်သော သဘောကို ပြုပြင်တတ်၏၊ သညာကို သညာအဖြစ်အကျိုးငှါပြုပြင်အပ်သော သဘောကို ပြုပြင်တတ်၏၊ သင်္ခါရတို့ကို သင်္ခါရအဖြစ်အကျိုးငှါ ပြုပြင်အပ်သော သဘောကို ပြုပြင်တတ်၏၊ ဝိညာဏ်ကို ဝိညာဏ်အဖြစ်အကျိုးငှါ ပြုပြင်အပ်သော သဘောကို ပြုပြင်တတ်၏။

ရဟန်းတို့ ပြုပြင်အပ်သော သဘောကို ပြုပြင်တတ်သောကြောင့် “သင်္ခါရတို့”ဟု ဆိုအပ်၏။

ရဟန်းတို့ အဘယ်အကြောင်းကြောင့် ဝိညာဏ်ဟု ဆိုကုန်သနည်း၊ ရဟန်းတို့ သိတတ်သောကြောင့်”ဝိညာဏ်”ဟု ဆိုအပ်၏။ အဘယ်ကို သိတတ်သနည်း၊ အချဉ်ကိုလည်း သိတတ်၏၊ အခါးကိုလည်းသိတတ်၏၊ အစပ်ကိုလည်း သိတတ်၏၊ အချိုကိုလည်း သိတတ်၏၊ အငန်ကိုလည်း သိတတ်၏၊ အငန်မဟုတ်သည်ကိုလည်း သိတတ်၏၊ ဆားအရသာကိုလည်း သိတတ်၏၊ ဆားမှ တစ်ပါး အရသာကိုလည်းသိတတ်၏။ ရဟန်းတို့ သိတတ်သောကြောင့် “ဝိညာဏ်”ဟု ဆိုအပ်၏။

ရဟန်းတို့ အကြားအမြင်ရှိသော အရိယာတပည့်သည် ထိုခန္ဓာငါးမျိုးတို့၌ ဤသို့ ဆင်ခြင်၏၊ “ယခုငါ့ကို ရုပ်သည်ကိုက်ခဲအပ်၏၊ ငါ့ကို ယခုအခါ ပစ္စုပ္ပန်ရုပ်သည်ကိုက်ခဲအပ်သကဲ့သို့ အတိတ်ကာလကလည်း ဤအတူ ငါ့ကို ရုပ်သည်ကိုက်ခဲအပ်ဖူးပြီ၊ ငါသည် အနာဂတ်အခါ၌ ရုပ်ကို နှစ်သက်ငြားအံ့၊ ငါ့ကိုယခုပစ္စုပ္ပန်ရုပ်သည်ကိုက်ခဲအပ်သကဲ့သို့ အနာဂတ်ကာလ၌လည်း ဤအတူ ငါ့ကို ရုပ်သည်ကိုက်ခဲရာ၏ “ဟု ဤသို့ ဆင်ခြင်၍ အတိတ်ရုပ်၌ ငဲ့ကွက်ခြင်း ကင်း၏၊ အနာဂတ်ရုပ်ကို မနှစ်သက်၊ ပစ္စုပ္ပန်ရုပ်၌ ငြီးငွေ့ခြင်းငှါ စွဲမက်မှု ကင်းခြင်းငှါ ချုပ်ခြင်းငှါ ကျင့်၏။

“ယခု ငါ့ကို ဝေဒနာသည်ကိုက်ခဲအပ်၏၊ ယခု ငါ့ကို ပစ္စုပ္ပန်ဝေဒနာသည်ကိုက်ခဲအပ်သကဲ့သို့အတိတ်ကာလကလည်း ဤအတူ ငါ့ကို ဝေဒနာသည်ကိုက်ခဲအပ်ဖူး၏၊ ငါသည် အနာဂတ်အခါ၌ ဝေဒနာကို နှစ်သက်ငြားအံ့၊ ယခုအခါ ငါ့ကို ပစ္စုပ္ပန်ဝေဒနာသည်ကိုက်ခဲအပ်သကဲ့သို့ အနာဂတ်ကာလ၌လည်းငါ့ကို ဝေဒနာသည်ကိုက်ခဲရာ၏ “ဟု ဆင်ခြင်၍ အတိတ်ဝေဒနာ၌ ငဲ့ကွက်ခြင်း ကင်း၏၊ အနာဂတ်ဝေဒနာကို မနှစ်သက်၊ ပစ္စုပ္ပန်ဝေဒနာ၌ ငြီးငွေ့ခြင်းငှါ စွဲမက်မှု ကင်းခြင်းငှါ ချုပ်ခြင်းငှါကျင့်၏။

“ယခု ငါ့ကို သညာသည်ကိုက်ခဲအပ်၏။ပ။ ယခု ငါ့ကို သင်္ခါရတို့သည်ကိုက်ခဲအပ်၏၊ ယခု ငါ့ကိုပစ္စုပ္ပန်သင်္ခါရတို့သည်ကိုက်ခဲအပ်သကဲ့သို့ အတိတ်ကာလ၌လည်း ဤအတူ ငါ့ကို သင်္ခါရတို့သည်ကိုက်ခဲအပ်ဖူးပြီ၊ ငါသည် အနာဂတ်အခါ၌ သင်္ခါရတို့ကို နှစ်သက်ငြားအံ့၊ ယခု ငါ့ကို ပစ္စုပ္ပန်သင်္ခါရတို့သည်ကိုက်ခဲအပ်သကဲ့သို့ အနာဂတ်ကာလ၌လည်း ဤအတူ ငါ့ကို သင်္ခါရတို့သည်ကိုက်ခဲကုန်ရာ၏ “ဟု ဤသို့ဆင်ခြင်၍ အတိတ်သင်္ခါရတို့၌ ငဲ့ကွက်ခြင်း ကင်း၏၊ အနာဂတ်သင်္ခါရတို့ကို မနှစ်သက်၊ ပစ္စုပ္ပန်သင်္ခါရတို့၌ ငြီးငွေ့ခြင်းငှါ စွဲမက်မှု ကင်းခြင်းငှါ ချုပ်ခြင်းငှါ ကျင့်၏။

“ယခု ငါ့ကို ဝိညာဏ်သည်ကိုက်ခဲအပ်၏၊ ယခု ငါ့ကို ပစ္စုပ္ပန်ဝိညာဏ်သည်ကိုက်ခဲအပ်သကဲ့သို့အတိတ်ကာလ၌လည်း ဤအတူ ဝိညာဏ်သည် ငါ့ကိုကိုက်ခဲအပ်ဖူးပြီ၊ ငါသည် အနာဂတ်ဝိညာဏ်ကိုနှစ်သက်ငြားအံ့၊ ယခု ငါ့ကို ပစ္စုပ္ပန်ဝိညာဏ်သည်ကိုက်ခဲအပ်သကဲ့သို့ အနာဂတ်ကာလ၌လည်း ဤအတူဝိညာဏ်သည် ငါ့ကိုကိုက်ခဲရာ၏”ဟု ဆင်ခြင်၍ အတိတ်ဝိညာဏ်၌ ငဲ့ကွက်ခြင်း ကင်း၏၊ အနာဂတ်ဝိညာဏ်ကို မနှစ်သက်၊ ပစ္စုပ္ပန်ဝိညာဏ်ကို ငြီးငွေ့ခြင်းငှါ စွဲမက်မှု ကင်းခြင်းငှါ ချုပ်ခြင်းငှါ ကျင့်၏။

ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ရုပ်သည် မြဲသလော၊ မမြဲသလော။ မမြဲပါအသျှင်ဘုရား။ မမြဲသော ရုပ်သည် ဆင်းရဲလော၊ ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသောဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ရုပ်ကို “ ဤရုပ်သည် ငါ့ဥစ္စာ ဖြစ်၏၊ ဤရုပ်သည် ငါ ဖြစ်၏၊ ဤရုပ်သည် ငါ၏ကိုယ် ‘အတ္တ’ တည်း “ဟု ရှုခြင်းငှါ သင့်လျော်ပါမည်လော။ မသင့်လျော်ပါအသျှင်ဘုရား။ ဝေဒနာသည်။ သညာသည်။ သင်္ခါရတို့သည်။ ဝိညာဏ်သည် မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသော ဝိညာဏ်သည် ဆင်းရဲလော၊ ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ဝိညာဏ်ကို “ ဤဝိညာဏ်သည် ငါ့ဥစ္စာ ဖြစ်၏၊ ဤဝိညာဏ်သည် ငါ ဖြစ်၏၊ ဤဝိညာဏ်သည် ငါ၏ကိုယ် ‘အတ္တ’တည်း”ဟု ရှုခြင်းငှါသင့်လျော်ပါမည်လော။ မသင့်လျော်ပါ အသျှင်ဘုရား။

ရဟန်းတို့ ထို့ကြောင့် အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော အတွင်း အပြင်လည်းဖြစ်သောအကြမ်း အနုလည်းဖြစ်သော အယုတ် အမြတ်လည်းဖြစ်သော အဝေး အနီးလည်းဖြစ်သောရုပ်အားလုံးကို “ ဤရုပ်သည် ငါ့ဥစ္စာ မဟုတ်၊ ဤရုပ်သည် ငါ မဟုတ်၊ ဤရုပ်သည် ငါ၏ကိုယ် ‘အတ္တ’မဟုတ်”ဟု ဤသို့ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။ ဝေဒနာအားလုံးကို။ သညာအားလုံးကို။ သင်္ခါရအားလုံး တို့ကို။ အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော။ပ။ အဝေးအနီးလည်းဖြစ်သော ဝိညာဏ်အားလုံးကို “ ဤဝိညာဏ်သည် ငါ့ဥစ္စာ မဟုတ်၊ ဤဝိညာဏ်သည် ငါမဟုတ်၊ ဤဝိညာဏ်သည် ငါ၏ကိုယ် ‘အတ္တ’ မဟုတ် “ဟု ဤသို့ဟုတ်တိုင်းမှန်စွာ မှန်ကန်သောပညာဖြင့် ရှုရမည်။

ရဟန်းတို့ ဤအရိယာတပည့်ကို ဖျက်ဆီးတတ်၏၊ မပွါးစီးစေတတ်။ ပယ်စွန့်တတ်၏၊ စွဲလမ်း၍ မယူတတ်။ ဖရိုဖရဲ ဖြန့်ကြဲတတ်၏၊ မပေါင်းစုတတ်။ ငြိမ်းစေ၏၊ မတောက်လောင်စေတတ်ဟုဆိုအပ်၏။ အဘယ်ကို ဖျက်ဆီးသနည်း၊ မပွါးစီးစေတတ်သနည်း။ ရုပ်ကို ဖျက်ဆီးတတ်၏၊ မပွါးစီးစေတတ်။ ဝေဒနာကို။ သညာကို။ သင်္ခါရတို့ကို။ ဝိညာဏ်ကို ဖျက်ဆီးတတ်၏၊ မပွါးစီးစေတတ်။ အဘယ်ကို ပယ်စွန့် သနည်း၊ စွဲလမ်းမယူသနည်း။ ရုပ်ကို ပယ်စွန့်၏၊ စွဲလမ်းမယူ။ ဝေဒနာကို။ သညာကို။ သင်္ခါရတို့ကို။ ဝိညာဏ်ကို ပယ်စွန့်၏၊ စွဲလမ်းမယူ။ အဘယ်ကို ဖရိုဖရဲ ဖြန့်ကြဲသနည်း၊ မပေါင်းစုသနည်း။ ရုပ်ကို ဖရိုဖရဲ ဖြန့်ကြဲ၏၊ မပေါင်းစု။ ဝေဒနာကို။ သညာကို။ သင်္ခါရတို့ကို။ ဝိညာဏ်ကို ဖရိုဖရဲ ဖြန့်ကြဲ၏၊ မပေါင်းစု။ အဘယ်ကို ငြိမ်းစေသနည်း၊ မတောက်လောင်စေသနည်း။ ရုပ်ကို ငြိမ်းစေ၏၊ မတောက် လောင်စေ။ ဝေဒနာကို။ သညာကို။ သင်္ခါရတို့ကို။ ဝိညာဏ်ကို ငြိမ်းစေ၏၊ မတောက်လောင်စေ။

ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည် ရုပ်၌လည်း ငြီးငွေ့၏။

ဝေဒနာ၌လည်း။ သညာ၌လည်း။ သင်္ခါရတို့၌လည်း။ ဝိညာဏ်၌လည်း ငြီးငွေ့၏၊ ငြီးငွေ့သော် စွဲမက်မှုကင်း၏။ စွဲမက်မှု ကင်းခြင်းကြောင့် ကိလေသာမှ လွတ်မြောက်၏၊ ကိလေသာမှ လွတ်မြောက်သော်”လွတ် မြောက်ပြီ”ဟု အသိဉာဏ် ဖြစ်၏၊ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စအလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီ”ဟု သိ၏။

ရဟန်းတို့ ဤရဟန်းကို မဖျက်ဆီးတတ်၊ မပွါးစီးစေတတ်၊ ဖျက်ဆီးပြီး၍ တည်၏။ မပယ်စွန့် တတ်၊ စွဲလမ်းမယူတတ်၊ ပယ်စွန့်ပြီး၍ တည်၏။ ဖရိုဖရဲ မဖြန့်ကြဲတတ်၊ မပေါင်းစုတတ်၊ ဖရိုဖရဲ ဖြန့်ကြဲပြီး၍ တည်၏။ မငြိမ်းစေတတ်၊ မတောက်လောင်စေတတ်၊ ငြိမ်းစေပြီး၍ တည်၏ဟု ဆိုအပ်၏။ အဘယ်ကိုမဖျက်ဆီးတတ်၊ မပွါးစီးစေတတ်သနည်း၊ ဖျက်ဆီးပြီး၍ ကား တည်သနည်း။ ရုပ်ကို မဖျက်ဆီး တတ်၊ မပွါးစီးစေတတ်၊ ဖျက်ဆီးပြီး၍ ကား တည်၏။ ဝေဒနာကို။ သညာကို။ သင်္ခါရတို့ကို။ ဝိညာဏ်ကိုမဖျက်ဆီးတတ်၊ မပွါးစီးစေတတ်၊ ဖျက်ဆီးပြီး၍ ကား တည်၏။ အဘယ်ကို မပယ်စွန့်သနည်း၊ စွဲလမ်း့မယူသနည်း၊ ပယ်စွန့်ပြီး၍ ကား တည်သနည်း။ ရုပ်ကို မပယ်စွန့်၊ စွဲလမ်းမယူ၊ ပယ်စွန့်ပြီး၍ ကား တည်၏။ ဝေဒနာကို။ သညာကို။ သင်္ခါရတို့ကို။ ဝိညာဏ်ကို မပယ်စွန့်၊ စွဲလမ်းမယူ၊ ပယ်စွန့်ပြီး၍ ကား တည်၏။ အဘယ်ကို ဖရိုဖရဲ မဖြန့်ကြဲသနည်း၊ မပေါင်းစုသနည်း၊ ဖရိုဖရဲ ဖြန့်ကြဲပြီး၍ ကား တည်သနည်း။ ရုပ်ကို ဖရိုဖရဲ မဖြန့်ကြဲ၊ မပေါင်းစု၊ ဖရိုဖရဲ ဖြန့်ကြဲပြီး၍ ကား တည်၏။ ဝေဒနာကို။ သညာကို။ သင်္ခါရ တို့ကို။ ဝိညာဏ်ကို ဖရိုဖရဲ မဖြန့်ကြဲ၊ မပေါင်းစု၊ ဖရိုဖရဲ ဖြန့်ကြဲပြီး၍ ကား တည်၏။ အဘယ်ကိုမငြိမ်း စေသနည်း၊ မတောက်လောင်စေသနည်း၊ ငြိမ်းစေပြီး၍ ကား တည်သနည်း။ ရုပ်ကို မငြိမ်းစေ၊ မတောက် လောင်စေ၊ ငြိမ်းစေပြီး၍ ကား တည်၏။ ဝေဒနာကို။ သညာကို။ သင်္ခါရတို့ကို။ ဝိညာဏ်ကိုမငြိမ်းစေ၊ မတောက်လောင်စေ၊ ငြိမ်းစေပြီး၍ ကား တည်၏။ ဤသို့ လွတ်မြောက်သော စိတ်ရှိသောရဟန်းကို သိကြား ဗြဟ္မာ ပဇာပတိနတ်မင်းနှင့် တကွသော နတ်တို့သည် အဝေးမှပင်လျှင် ရှိခိုးကုန်၏—

“ယောကျာ်းအာဇာနည်ဖြစ်တော်မူသော မြတ်စွာဘုရား အသျှင်ဘုရားအား ရှိခိုး ပါ၏၊ ယောကျာ်းမြတ်ဖြစ်တော်မူသော မြတ်စွာဘုရား အသျှင်ဘုရားအား ရှိခိုး ပါ၏။ အသျှင်ဘုရားမှီရာအာရုံပြု၍ ရှုသောတရားကိုကား အကျွနှ်ုပ်တို့ မသိပါကုန်”ဟု (ရှိခိုးကုန်၏)။

သတ္တမသုတ်။