ဣတိဝုတ်ပါဠိတော်

၇-မေတ္တာဘာဝနာသုတ်

၂၇။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ ခန္ဓာဟူသော ဥပဓိအကျိုးရှိကုန်သော ပုညကိရိယဝတ္ထုဟူသော ကုသိုလ်ကောင်းမှုဟူသမျှအားလုံးတို့သည် မေတ္တာနှင့်ယှဉ်သော စိတ်၏လွတ်မြောက်မှု (အပ္ပနာဈာန်) ၏ တစ်ဆယ့်ခြောက်စိတ်စိတ်၍ တစ်စိတ်မျှ မထိုက်တန်ကုန်။ မေတ္တာနှင့်ယှဉ်သော စိတ်၏လွတ်မြောက်မှု (အပ္ပနာဈာန်)သည်သာလျှင် ထိုပုညကိရိယဝတ္ထု ကုသိုလ်ကောင်းမှုတို့ကို လွှမ်းမိုး၍တောက်ပြောင်လည်း တောက်ပြောင်၏။ ထွန်းပလည်း ထွန်းပ၏။ တင့်တယ်လည်း တင့်တယ်၏။

ရဟန်းတို့ ကြယ်တာရာတို့၏ အရောင်ဟူသမျှအားလုံးတို့သည် လရောင်၏ တစ်ဆယ့်ခြောက်စိတ်စိတ်၍ တစ်စိတ်ကိုမျှ မထိုက်တန်ကုန်။ လရောင်သည်သာလျှင် ထိုကြယ်တာရာအရောင်တို့ကို လွှမ်းမိုး၍ တောက်ပြောင်လည်း တောက်ပြောင် ထွန်းပလည်း ထွန်းပ တင့်တယ်လည်းတင့်တယ်သကဲ့သို့ ဤအတူ ခန္ဓာဟူသော ဥပဓိအကျိုးရှိကုန်သော ပုညကိရိယဝတ္ထု ကုသိုလ်ကောင်းမှုဟူသမျှအားလုံးတို့သည် မေတ္တာနှင့်ယှဉ်သော စိတ်၏ လွတ်မြောက်မှု (အပ္ပနာဈာန်) ၏တစ်ဆယ့်ခြောက်စိတ် စိတ်၍ တစ်စိတ်ကိုမျှ မထိုက် တန်ကုန်။ မေတ္တာနှင့်ယှဉ်သော စိတ်၏လွတ်မြောက်မှု (အပ္ပနာဈာန်)သည်သာလျှင် ထိုပုညကိရိယဝတ္ထု ကုသိုလ်ကောင်းမှုတို့ကို လွှမ်းမိုး၍တောက်ပြောင်လည်း တောက်ပြောင်၏။ ထွန်းပလည်း ထွန်းပ၏။ တင့်တယ်လည်း တင့်တယ်၏။

ရဟန်းတို့ မိုးဥတု၏ နောက်ဆုံးဖြစ်သောတန်ဆောင်မုန်းလ သရဒဥတု၌ ကောင်းကင်ဟင်းလင်း ဖြစ်၍မိုးတိမ်ကင်းလတ်သော် နေမင်းသည် ကောင်းကင်သို့ တက်လျက် ကောင်းကင်ရှိ အမိုက်တိုက်အားလုံးကို ပယ်ဖျောက်၍ တောက်ပြောင်လည်း တောက်ပြောင် ထွန်းပလည်း ထွန်းပ တင့်တယ်လည်း တင့်တယ်သကဲ့သို့ ဤအတူ ခန္ဓာဟူသော ဥပဓိအကျိုးရှိကုန်သော ကုသိုလ်ကောင်းမှု ပုညကိရိယဝတ္ထုဟူသမျှအားလုံးတို့သည် မေတ္တာနှင့်ယှဉ်သော စိတ်၏လွတ်မြောက်မှု (အပ္ပနာဈာန်) ၏ တစ်ဆယ့်ခြောက်စိတ်စိတ်၍ တစ်စိတ်ကိုမျှ မထိုက်တန်ကုန်။ မေတ္တာနှင့်ယှဉ်သော စိတ်၏လွတ်မြောက်မှု (အပ္ပနာဈာန်)သည်သာလျှင် ထိုပုညကိရိယဝတ္ထု ကုသိုလ်ကောင်းမှုတို့ကို လွှမ်းမိုး၍ တောက်ပြောင်လည်းတောက်ပြောင်၏။ ထွန်းပလည်း ထွန်းပ၏။ တင့်တယ်လည်း တင့်တယ်၏။

ရဟန်းတို့ ညဉ့်၏မိုးသောက်ခါနီး၌ သော ကြာကြယ်သည် တောက်ပြောင်လည်း တောက်ပြောင်ထွန်းပလည်း ထွန်းပ တင့်တယ်လည်း တင့်တယ်သကဲ့သို့ ဤအတူသာလျှင် ခန္ဓာဟူသော ဥပဓိအကျိုး ရှိသော ပုညကိရိယဝတ္ထု ကုသိုလ်ကောင်းမှုဟူသမျှအားလုံးတို့သည် မေတ္တာနှင့်ယှဉ်သော စိတ်၏ လွတ်မြောက်မှု (အပ္ပနာဈာန်) ၏ တစ်ဆယ့်ခြောက်စိတ် စိတ်၍ တစ်စိတ်ကိုမျှ မထိုက်တန်ကုန်။ မေတ္တာနှင့် ယှဉ်သော စိတ်၏ လွတ်မြောက်မှု (အပ္ပနာဈာန်)သည်သာလျှင် ထိုပုညကိရိယဝတ္ထု ကုသိုလ်ကောင်းမှုတို့ကို လွှမ်းမိုး၍ တောက်ပြောင်လည်း တောက်ပြောင်၏။ ထွန်းပလည်း ထွန်းပ၏။ တင့်တယ်လည်း တင့်တယ်၏။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို-

''အကြင်သူသည် အမြဲသတိပြုလျက် အတိုင်းအရှည် ပမာဏမရှိသော မေတ္တာ ဈာန်ကို ပွါးများ၏။ ခန္ဓာဟူသော ဥပဓိကုန်ရာ နိဗ္ဗာန်ကို မြင်သော ထိုသူအား သံယောဇဉ်တို့သည် ခေါင်းပါးကုန်၏။

(ဗျာပါဒကြောင့် ) ပျက်စီးသော စိတ်မရှိသူသည် တစ်ဦးတစ်ယောက်သော သတ္တဝါကိုသော်လည်းအကယ်၍ မေတ္တာပွါးများခဲ့မူ ထိုမေတ္တာပွါးများခြင်းကြောင့် လွန်ကဲသော ကောင်းမှုကုသိုလ်ရှိသူ ဖြစ်၏။ သတ္တဝါအားလုံးတို့ကို စိတ်ဖြင့် စောင့်ရှောက်သော စင်ကြယ်သော စိတ်ရှိသူသည် များစွာကောင်းမှုအစုကို ပြီးစေ၏။

အကြင်ရာဇိသယမည်ကုန်သောတရားစောင့်မင်းတို့သည် သတ္တဝါတို့ဖြင့် ပြည့် ကြပ်နေသော မြေပြင်အလုံးကို အောင်နိုင်၍ အခွန်ဆယ်ခိုင့်တစ်ခိုင် ယူခြင်း 'သဿမေဓ'၊ စစ်သူကြီးတို့အားခြောက်လတစ်ကြိမ် ရိက္ခာပေးခြင်း 'ပုရိသမေဓ'၊ သူဆင်းရဲတို့အား လက်မှတ် ရေးထိုးစေ၍အသပြာတစ်ထောင် နှစ်ထောင် အတိုး အပွါးမရှိ ထုတ်ချေးခြင်း 'သမ္မာပါသ'၊ ချစ်သား ဦးရီးစသည့်သိမ်မွေ့သော စကားဖြင့် ချီးမြှောက်ခြင်း 'ဝါဇပေယျ'၊ ဤသင်္ဂဟ တရားလေးပါးတို့ဖြင့်ချီးမြှောက်ပူဇော်ကုန်၍ အိမ်တို့၌ တံခါးအပိတ်မရှိသည်ကို ပြုကုန်လျက် လှည့်လည်ကုန်၏။

အလုံးစုံသော ကြယ်တာရာအပေါင်းတို့သည် လရောင်၏ တစ်ဆယ့်ခြောက်စိတ် စိတ်၍ တစ်စိတ်မျှမထိုက်တန်သကဲ့သို့ ထိုမင်းတို့၏ သဿမေဓစသော သင်္ဂဟ တရား လေးပါးတို့သည် ကောင်းစွာပွါးများအပ်သော မေတ္တာနှင့်ယှဉ်သော စိတ်၏ တစ်ဆယ့်ခြောက်စိတ် စိတ်၍တစ်စိတ်ကိုမျှလည်း မထိုက်တန်ကုန်။

သတ္တဝါအားလုံးတို့၌ မေတ္တာနှင့်ယှဉ်သော စိတ်အဖို့အစုရှိသော အကြင်သူသည် (တစ်စုံတစ်ယောက်ကို) ကိုယ်တိုင်လည်း မညှဉ်းဆဲ၊ မသတ်ပုတ်၊ အနိုင်အထက်ပြု၍လည်း အနိုင်မယူ၊ သူတစ်ပါးကိုလည်း မဆုံးရှုံးစေ၊ ထိုသူအား တစ်စုံတစ်ရာသော အကြောင်းကြောင့် ဘေးရန်မဖြစ်နိုင်''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

သတ္တမသုတ်။

တတိယဝဂ် ပြီး၏။

ဧကကနိပါတ် မြန်မာပြန် ပြီး၏။