ဣတိဝုတ်ပါဠိတော်

၁-ဒုက္ခဝိဟာရသုတ်

၂၈။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ တရားနှစ်ပါးတို့နှင့် ပြည့်စုံသော ရဟန်းသည် ယခုဘဝ၌ပင် ပင်ပန်းခြင်း ပြင်းစွာပင်ပန်းခြင်း ပူလောင်ခြင်းရှိသည်ဖြစ်၍ ဆင်းရဲစွာ နေရ၏။ ခန္ဓာကိုယ်ပျက်စီး၍ သေသည်မှ နောက်၌ မကောင်းသော လားရာ ဒုဂ္ဂတိဘဝသို့သာ မချွတ်ရောက်လိမ့်မည်ဟု မျှော်လင့်အပ်၏။ အဘယ်နှစ်ပါးတို့နှင့်နည်း? ဣန္ဒြေတို့၌ ပိတ်ဆို့မထားသောတံခါးရှိသည်၏ အဖြစ်နှင့်လည်းကောင်း စားဖွယ်ဘောဇဉ်၌ အတိုင်းအရှည်မသိသည်၏ အဖြစ်နှင့်လည်းကောင်းတည်း။ ရဟန်းတို့ ဤတရားနှစ်ပါးတို့နှင့် ပြည့်စုံသော ရဟန်းသည် ယခုဘဝ၌ပင် ပင်ပန်းခြင်း ပြင်းစွာပင်ပန်းခြင်း ပူလောင်ခြင်းရှိသည်ဖြစ်၍ ဆင်းရဲစွာ နေရ၏။ ခန္ဓာကိုယ်ပျက်စီး၍ သေသည်မှ နောက်၌ မကောင်းသော လားရာ ဒုဂ္ဂတိဘဝသို့သာ မချွတ်ရောက်လိမ့့်မည်ဟု မျှော်လင့်အပ်၏။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''အကြင် ရဟန်းသည် မျက်စိ နား နှာ လျှာကိုယ် စိတ်ဟူကုန်သော ဤဒွါရတို့ကို ပိတ်ဆို့မထား၊ စားဖွယ်ဘောဇဉ်၌ အတိုင်းအရှည်ကို မသိ၊ ဣန္ဒြေတို့၌ မစောင့်ရှောက်၊ ထိုရဟန်းသည် ကိုယ်ဆင်းရဲစိတ်ဆင်းရဲဟူသော ဆင်းရဲကိုရ၏။

ထိုသို့ သဘောရှိသော ရဟန်းသည် နေ့၌လည်းကောင်း၊ ညဉ့်၌လည်းကောင်းပူလောင်သော ကိုယ် ပူလောင်သော စိတ်ဖြင့် ဆင်းရဲစွာ နေရ၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

ပဌမသုတ်။