ဣတိဝုတ်ပါဠိတော်

၂-သုခဝိဟာရသုတ်

၂၉။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ တရားနှစ်ပါးတို့နှင့် ပြည့်စုံသော ရဟန်းသည် ယခုဘဝ၌ပင် ပင်ပန်းခြင်း ပြင်းစွာပင်ပန်းခြင်း ပူလောင်ခြင်းမရှိမူ၍ ချမ်းသာစွာ နေရ၏။ ခန္ဓာကိုယ်ပျက်စီး၍ သေသည်မှ နောက်၌ ကောင်းသော လားရာ သုဂတိဘဝသို့ မချွတ်ရောက်လိမ့်မည်ဟု မျှော်လင့်အပ်၏။ အဘယ်တရားနှစ်ပါးတို့နှင့်နည်း? ဣန္ဒြေတို့၌ ပိတ်ဆို့ထားသောတံခါးရှိသည်၏ အဖြစ်နှင့်လည်းကောင်း စားဖွယ်ဘောဇဉ်၌ အတိုင်းအရှည်ကို သိသည်၏ အဖြစ်နှင့်လည်းကောင်းတည်း။ ရဟန်းတို့ ဤတရားနှစ်ပါးတို့နှင့် ပြည့်စုံသော ရဟန်းသည် ယခုဘဝ၌ပင် ပင်ပန်းခြင်း ပြင်းစွာပင်ပန်းခြင်း ပူလောင်ခြင်းမရှိမူ၍ ချမ်းသာစွာ နေရ၏။ ခန္ဓာကိုယ်ပျက်စီး၍ သေသည်မှ နောက်၌ ကောင်းသော လားရာ သုဂတိဘဝသို့ မချွတ်ရောက်လိမ့်မည်ဟု မျှော်လင့်အပ်၏။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

အကြင် ရဟန်းသည် မျက်စိ နား နှာ လျှာကိုယ် စိတ်ဟူကုန်သော ဤဒွါရတို့ကို ကောင်းစွာပိတ်ဆို့ထား၏။ စားဖွယ်ဘောဇဉ်၌ အတိုင်းအရှည်ကို သိ၏။ ဣန္ဒြေတို့၌ စောင့်ရှောက်၏။ ထိုရဟန်းသည် ကိုယ်ချမ်းသာ စိတ်ချမ်းသာဟူသော ချမ်းသာကိုရ၏။

ထိုသို့ သဘောရှိသော ရဟန်းသည် နေ့၌လည်းကောင်း ညဉ့်၌လည်းကောင်း မပူလောင်သော ကိုယ် မပူလောင်သော စိတ်ဖြင့် ချမ်းသာစွာ နေရ၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

ဒုတိယသုတ်။