ဣတိဝုတ်ပါဠိတော်
၃-တပနီယသုတ်
၃ဝ။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-
ရဟန်းတို့ ပူပန်စေတတ်သောတရားတို့သည် ဤနှစ်ပါးတို့တည်း။ အဘယ်နှစ်ပါးတို့နည်း- ရဟန်းတို့ဤလောက၌ အချို့သောသူသည် ကောင်းမှုကို မပြုသူ ကုသိုလ်ကို မပြုသူ သံသရာဘေးကို ကြောက်သူတို့၏ အစောင့်အရှောက်တရားကို မပြုသူ ဖြစ်၏။ ယုတ်မာမှုကို ပြုသူ ကြမ်းကြုတ်မှုကို ပြုသူ ခက်ထန်ရက်စက်မှုကို ပြုသူ ဖြစ်၏။ ထိုသူသည် ကောင်းမှုကို ငါမပြုလိုက်မိ'ဟူ၍လည်း ပူပန်၏။ မကောင်းမှုကို ငါ ပြုလိုက်မိ၏'ဟူ၍လည်း ပူပန်၏။ ရဟန်းတို့ ပူပန်စေတတ်သောတရားတို့သည် ဤနှစ်ပါးတို့တည်း။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို - ''ပညာမဲ့သူသည် ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက်တို့ကို ပြုသောကြောင့်လည်းကောင်း (ရာဂစသော) အပြစ်နှင့်ယှဉ်သော အခြားအမှုကို ပြုသောကြောင့်လည်းကောင်း ကုသိုလ်ကံကို မပြုဘဲအကုသိုလ်ကံကိုသာ အကြိမ်များစွာ ပြုခြင်းကြောင့်လည်းကောင်း ခန္ဓာကိုယ်ပျက်စီးသောအခါ ငရဲသို့ ရောက်ရ၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။
ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။
တတိယသုတ်။