ဣတိဝုတ်ပါဠိတော်

၂-ဒေသနာသုတ်

၃၉။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော မဖောက်မပြန် (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရား၏ တရားဟောခြင်းနှစ်ပါးတို့သည် အကြောင်းအားဖြင့် ဖြစ်ကုန်၏။ အဘယ်နှစ်ပါးတို့နည်း- မကောင်းမှုကို မကောင်းမှုအားဖြင့် ကြည့်ရှုကြလော့၊ ဤသည်ကား ပဌမဖြစ်သောတရားဟောခြင်းတည်း။ မကောင်းမှုကို မကောင်းမှုအားဖြင့် မြင်၍ ထိုမကောင်းမှု၌ ငြီးငွေ့ကြကုန်လော့၊ တပ်ခြင်း ကင်းကြကုန်လော့၊ ကင်းလွတ်ကြကုန်လော့၊ ဤသည်ကား ဒုတိယဖြစ်သောတရား ဟောခြင်းတည်း။ ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရား၏ တရားဟောခြင်းနှစ်ပါးတို့သည် အကြောင်းအားဖြင့်ဖြစ်ကုန်၏။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''သတ္တဝါအားလုံးကို စောင့်ရှောက်တော်မူသော သစ္စာလေးပါးကို သိတော်မူသော မြတ်စွာဘုရား၏ အကြောင်းအားဖြင့် ဟောတော်မူအပ်သော ဒေသနာကို ဉာဏ်ဖြင့် ရှုပါလော့၊ (မြတ်စွာဘုရားသည် ) တရားနှစ်ပါးတို့ကိုလည်းကောင်းစွာ ပြတော်မူ အပ်ကုန်၏။

ထိုမကောင်းမှုကို ဉာဏ်ဖြင့် ရှုကြကုန်လော့၊ ထိုမကောင်းမှု၌လည်း တပ်ခြင်း ကင်းကြကုန်လော့၊ ထိုတပ်မှုကင်းခြင်းကြောင့် မကောင်းမှု၌ တပ်ခြင်းကင်းသော စိတ်ရှိကုန်သည်ဖြစ်၍ ဆင်းရဲ၏ဆုံးရာနိဗ္ဗာန်ကို မျက်မှောက်ပြုကြကုန်လတ္တံ့''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

ဒုတိယသုတ်။