သံယုတ္တနိကာယ်—၁၂

၄—ကဠာရခတ္တိယဝဂ်

၈—စေတနာသုတ်

၃၈။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏၊ ရဟန်းတို့ အကြင်စေ့ဆော်မှုကို စေ့ဆော်၏၊ အကြင်ကြံစည်မှုကို ကြံစည်၏၊ အကြင်ကိန်းအောင်းတတ်သော တရားသည်လည်း ကိန်းအောင်း၏၊ ဤစေ့ ဆော်မှု စသည်သည် ဝိညာဏ်တည်ရန် အကြောင်းဖြစ်၏၊ အကြောင်းရှိသော် ဝိညာဏ်တည်မှု ဖြစ်၏၊ ထိုကမ္မဝိညာဏ် တည်သည်ရှိသော် စည်ပင်သည်ရှိသော် နောင်တစ်ဖန် ဘဝသစ် ဖြစ်၏၊ နောက်တစ်ဖန် ဘဝသစ် ဖြစ်ခြင်းရှိခဲ့သော် နောင်အခါ၌ ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်း စိုးရိမ်ခြင်း ငိုကြွေးခြင်း ဆင်းရဲခြင်း နှလုံးမသာခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့ ဖြစ်ကုန်၏၊ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ဖြစ်၏။

ရဟန်းတို့ အကယ်၍ မစေ့ဆော်စေကာမူ အကယ်၍ မကြံစည်စေကာမူ အကယ်၍ (အနုသယ) ကိန်း အောင်းခဲ့ငြားအံ့၊ ဤ (အနုသယ) ကိန်းအောင်းခြင်းသည်ပင် ဝိညာဏ်တည်ရန် အကြောင်း ဖြစ်၏၊ အကြောင်း ရှိသော် ဝိညာဏ်တည်မှု ဖြစ်၏၊ ထိုကမ္မဝိညာဏ် တည်သည်ရှိသော် စည်ပင်သည်ရှိသော် နောင်တစ်ဖန် ဘဝသစ် ဖြစ်၏၊ နောင်တစ်ဖန် ဘဝသစ် ဖြစ်ခြင်းရှိခဲ့သော် နောင်အခါ၌ ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်း စိုးရိမ်ခြင်း ငိုကြွေးခြင်း ဆင်းရဲခြင်း နှလုံးမသာခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့ ဖြစ်ကုန်၏၊ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ဖြစ်၏။

ရဟန်းတို့ အကြင်အခါ၌ စေ့လည်း မစေ့ဆော်၊ ကြံလည်း မကြံစည်၊ (အနုသယ)လည်း မကိန်း အောင်း၊ (ထိုအခါ) ဤသို့ အနုသယ မကိန်းအောင်းခြင်းသည်ပင် ဝိညာဏ်တည်ရန် အကြောင်း မဖြစ်၊ အကြောင်း မရှိသော် ဝိညာဏ်တည်မှု မဖြစ်၊ ထိုကမ္မဝိညာဏ် မတည်သည်ရှိသော် မစည်ပင်သည်ရှိသော် နောင်တစ်ဖန် ဘဝသစ် မဖြစ်၊ နောင်တစ်ဖန် ဘဝသစ်ဖြစ်ခြင်း မရှိခဲ့သော် နောင်အခါ၌ ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်း စိုးရိမ်ခြင်း ငိုကြွေးခြင်း ဆင်းရဲခြင်း နှလုံးမသာခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့ ချုပ်ကုန်၏၊ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ချုပ်၏ဟု (ဟောတော်မူ၏)။

အဋ္ဌမသုတ်။