သံယုတ္တနိကာယ်—၁၂

၄—ကဠာရခတ္တိယဝဂ်

၉—ဒုတိယ စေတနာသုတ်

၃၉။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏၊ ရဟန်းတို့ အကြင်စေ့ဆော်မှုကို စေ့ဆော်၏၊ အကြင်ကြံစည်မှုကို ကြံစည်၏၊ အကြင်ကိန်းအောင်းတတ်သော တရားသည်လည်း ကိန်းအောင်း၏၊ ဤစေ့ ဆော်မှု စသည်သည် ဝိညာဏ်တည်ရန် အကြောင်း ဖြစ်၏၊ အကြောင်း ရှိသော် ဝိညာဏ်တည်မှု ဖြစ်၏၊ ထိုကမ္မဝိညာဏ် တည်သည်ရှိသော် စည်ပင်သည်ရှိသော် နာမ်ရုပ်၏ သက်ဝင်ခြင်းသည် ဖြစ်၏၊ နာမ်ရုပ် အကြောင်းခံကြောင့် တည်ရာ ‘အာယတန’ခြောက်ပါး (သဠာယတန) ဖြစ်၏၊ တည်ရာ ‘အာယတန’ခြောက်ပါး (သဠာယတန) အကြောင်းခံကြောင့် တွေ့ထိမှု ‘ဖဿ’ ဖြစ်၏၊ တွေ့ထိမှု ‘ဖဿ’ အကြောင်းခံကြောင့် ခံစားမှု ‘ဝေဒနာ’ ဖြစ်၏။ပ။ တပ်မက်မှု ‘တဏှာ’။ ပြင်းစွာ စွဲလမ်းမှု ‘ဥပါဒါန်’။ ဘဝ။ ပဋိသန္ဓေနေမှု ‘ဇာတိ’။ အိုခြင်း သေခြင်း စိုးရိမ်ခြင်း ငိုကြွေးခြင်း ဆင်းရဲခြင်း နှလုံးမသာခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့ ဖြစ်ကုန်၏၊ ဤသို့ လျှင် အလုံးစုံသော ဆင်းရဲအစု ဖြစ်၏။

ရဟန်းတို့ အကယ်၍ မစေ့ဆော်စေကာမူ အကယ်၍ မကြံစည်စေကာမူ အကယ်၍ (အနုသယ) ကိန်း အောင်းငြားအံ့၊ ဤ (အနုသယ) ကိန်းအောင်းခြင်းသည်ပင် ဝိညာဏ်တည်ရန် အကြောင်း ဖြစ်၏၊ အကြောင်း ရှိသော် ဝိညာဏ်တည်မှု ဖြစ်၏၊ ထိုကမ္မဝိညာဏ် တည်သည်ရှိသော် စည်ပင်သည်ရှိသော် နာမ်ရုပ်၏ သက်ဝင်ခြင်း ဖြစ်၏၊ နာမ်ရုပ် အကြောင်းခံကြောင့် သဠာယတန ဖြစ်၏။ပ။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ဖြစ်၏။

ရဟန်းတို့ အကြင်အခါ၌ စေ့လည်း မစေ့ဆော်၊ ကြံလည်း မကြံစည်၊ (အနုသယ)လည်း မကိန်း အောင်း၊ (ထိုအခါ) ဤသို့ အနုသယ မကိန်းအောင်းခြင်းသည် ဝိညာဏ်တည်ရန် အကြောင်း မဖြစ်၊ အကြောင်း မရှိသော် ဝိညာဏ်တည်မှု မဖြစ်၊ ထိုကမ္မဝိညာဏ် မတည်သည်ရှိသော် မစည်ပင်သည်ရှိသော် နာမ်ရုပ်၏ သက်ဝင်ခြင်း မဖြစ်၊ နာမ်ရုပ် ချုပ်ခြင်းကြောင့် သဠာယတန ချုပ်၏။ပ။ ဤသို့လျှင် အလုံးစုံ သော ဆင်းရဲအစု ချုပ်၏ဟု (ဟောတော်မူ၏)။

နဝမသုတ်။