သုတ္တနိပါတ်ပါဠိတော်
၁၁-ကလဟဝိဝါဒသုတ်
၈၆၉။ ခိုက်ရန်ဖြစ်မှုနှင့် ငြင်းခုံမှုတို့သည် အဘယ်ကြောင့် ဖြစ်ပေါ်လာကုန် သနည်း၊ ဝန်တိုမှုနှင့်တကွဖြစ်ကုန်သော ငိုကြွေးမှု စိုးရိမ်မှုတို့သည်လည်းကောင်း၊ ချောပစ်ကုန်းတိုက်မှုနှင့်တကွ ဖြစ်ကုန်သော ထောင်လွှားမှု အလွန်ထောင်လွှားမှုတို့သည်လည်းကောင်း ထိုတရားတို့သည် အဘယ်ကြောင့် ဖြစ်ပေါ်လာကုန်သနည်း၊ တောင်းပန်ပါ၏ ထိုအကြောင်းကို ဟောတော်မူပါလော့။ (၁)
၈၇ဝ။ ခိုက်ရန်ဖြစ်မှု ငြင်းခုံမှုတို့သည် ချစ်အပ်သော သတ္တဝါသင်္ခါရကြောင့် ဖြစ်ပေါ်လာကုန်၏။ ဝန်တိုမှုနှင့်တကွ ဖြစ်ကုန်သော ငိုကြွေးမှု စိုးရိမ်မှုတို့သည်လည်းကောင်း၊ ချောပစ်ကုန်းတိုက်မှုနှင့်တကွဖြစ်ကုန်သော ထောင်လွှားမှု အလွန် ထောင်လွှားမှုတို့သည်လည်းကောင်း ချစ်အပ်သော သတ္တဝါသင်္ခါရကြောင့် ဖြစ်ပေါ် လာကုန်၏။ ခိုက်ရန်ဖြစ်မှု ငြင်းခုံမှုတို့သည် ဝန်တိုမှုနှင့် စပ်ယှဉ်ကုန်၏။ ငြင်းခုံမှုတို့ ဖြစ်ကုန်သည်ရှိသော် ချောပစ်ကုန်းတိုက်မှုတို့ ဖြစ်တတ်ကုန်၏။ (၂)
၈၇၁။ လောက၌ ချစ်အပ်သော ဝတ္ထုတို့သည် အဘယ်လျှင် အကြောင်းရှိပါကုန်သနည်း၊ အကြင်သူတို့သည်လည်း လိုချင်မှု 'လောဘ'ရှိကုန်သည်ဖြစ်၍ လောက၌ သွားလာနေထိုင်ကုန်၏။ (ထိုသူတို့၏) လိုချင်မှု 'လောဘ'သည်လည်း အဘယ်လျှင် အကြောင်းရှိပါသနည်း။ အကြင်တောင့်တမှုပြည့်စုံမှုတို့သည် လူပုဂ္ဂိုလ်အားအားထားမှီခိုရန် ဖြစ်ကုန်၏။ ထိုတောင့်တမှု ပြည့်စုံမှုတို့သည် အဘယ်လျှင် အကြောင်းရှိပါကုန်သနည်း။ (၃)
၈၇၂။ လောက၌ ချစ်အပ်သော ဝတ္ထုတို့သည် ကာမစ္ဆန္ဒလျှင် အကြောင်းရှိကုန်၏။ အကြင်သူတို့သည် လိုချင်မှု 'လောဘ'ရှိကုန်သည်ဖြစ်၍ လောက၌ သွားလာ နေထိုင်ကြကုန်၏။ ထိုသူတို့၏ထိုလောဘသည်လည်း ကာမစ္ဆန္ဒလျှင် အကြောင်း ရှိ၏။ အကြင်တောင့်တမှု ပြည့်စုံမှုတို့သည် လူပုဂ္ဂိုလ်အားအားထားမှီခိုရန် ဖြစ်ကုန်၏။ ထိုတောင့်တမှု ပြည့်စုံမှုတို့သည်လည်းဤ (ကာမစ္ဆန္ဒ)သာလျှင် အကြောင်း ရှိကုန်၏။ (၄)
၈၇၃။ လောက၌ ကာမစ္ဆန္ဒသည် အဘယ်လျှင် အကြောင်း ရှိသနည်း၊ (တဏှာဒိဋ္ဌိဖြင့်) ဆုံးဖြတ်ခြင်းတို့သည်လည်း အဘယ်ကြောင့် ဖြစ်ကုန်သနည်း၊ အမျက် ထွက်မှုမုသားစကားပြောဆိုမှုသို့လောသို့လောဟု တွေးတောယုံမှားမှုဟူသော အကြင်တရားတို့ကိုလည်းမြတ်စွာဘုရား ဟောအပ်ပါကုန်၏။ ထိုတရားတို့သည် အဘယ်ကြောင့် ဖြစ်ကုန်သနည်း။ (၅)
၈၇၄။ လောက၌ အကြင်သဘောတရားကို သာယာဖွယ် သဘောတရား မသာ ယာဖွယ်သဘောတရားဟူ၍ ဆိုကုန်၏။ ထိုသာယာဖွယ် မသာယာဖွယ် သဘော တရားကို အမှီပြု၍ကာမစ္ဆန္ဒ ဖြစ်၏။ လောက၌ သတ္တဝါသည် ရုပ်တရားတို့၌ ပျက်ခြင်းကိုလည်းကောင်း၊ ဖြစ်ခြင်းကိုလည်းကောင်း မြင်၍ (တဏှာဒိဋ္ဌိဖြင့်) ဆုံး ဖြတ်ခြင်းကို ပြု၏။ (၆)
၈၇၅။ အမျက်ထွက်မှု မုသားစကားပြောဆိုမှုသို့လောသို့လော တွေးတော ယုံမှားမှုဟူသော ဤသဘောတရားတို့သည်လည်း သာယာဖွယ် မသာယာဖွယ် တရားနှစ်ပါးရှိသော်သာလျှင် ဖြစ်ကုန်၏။ မြတ်စွာဘုရားသည် သိတော်မူ၍ တရားတို့ကို ဟောတော်မူရကားသို့လောသို့လောတွေးတောယုံမှားမှုရှိသူသည် ဉာဏ်အမြင်ကို ရစိမ့်သောငှါ သိက္ခာသုံးပါးတို့ကို ကျင့်ရာ၏။ (၇)
၈၇၆။ သာယာမှုနှင့် မသာယာမှုသည် အဘယ်လျှင် အကြောင်းရှိပါကုန် သနည်း၊ အဘယ်တရားမရှိလတ်သော် ဤသာယာမှု မသာယာမှုတို့သည် မဖြစ်ပါကုန်သနည်း၊ အကြင်အကြောင်းကြောင့် ပျက်ခြင်း ဖြစ်ခြင်းဟူသော အကြင်သဘော တရားသည် ဖြစ်၏။ ထိုအကြောင်းကြောင့် ဖြစ်သော ထိုသဘောတရားကို အကျွန်ုပ်အား ဟောကြားတော်မူပါလော့။ (၈)
၈၇၇။ သာယာမှုနှင့် မသာယာမှုသည် တွေ့ထိမှု 'ဖဿ'လျှင် အကြောင်းရှိ၏။ တွေ့ထိမှု 'ဖဿ'မရှိလတ်သော် ဤတရားတို့ မဖြစ်ကုန်၊ ပျက်ခြင်း ဖြစ်ခြင်းဟူသော အကြင်သဘောတရားသည်ရှိ၏။ ထိုသဘောတရားတို့ကို တွေ့ထိမှု 'ဖဿ'လျှင် အကြောင်းရှိ၏ဟူ၍ သင့်အား ငါ ဟော၏။ (၉)
၈၇၈။ လောက၌ တွေ့ထိမှု 'ဖဿ'သည် အဘယ်လျှင်အကြောင်း ရှိသနည်း၊ သိမ်းဆည်းမှုတို့သည်လည်း အဘယ်ကြောင့် ဖြစ်ကုန်သနည်း၊ အဘယ်တရားမရှိလတ်သော် ငါ့ဟာဟု စွဲလမ်းမှု မရှိပါသနည်း၊ အဘယ်တရားကို လွန်မြောက်သည်ရှိသော် တွေ့ထိမှု 'ဖဿ'တို့သည် မတွေ့ထိနိုင်ပါကုန်သနည်း။ (၁ဝ)
၈၇၉။ နာမ်ကိုလည်းကောင်း ရုပ်ကိုလည်းကောင်း စွဲ၍ တွေ့ထိမှု 'ဖဿ'သည် ဖြစ်၏။ သိမ်းဆည်းမှုတို့သည် တဏှာဟု ဆိုအပ်သော အလို 'ဣစ္ဆာ'လျှင် အကြောင်းရှိကုန်၏။ တဏှာဟု ဆိုအပ်သော အလို 'ဣစ္ဆာ'မရှိလတ်သော် ငါ့ဟာဟု စွဲလမ်းမှု မရှိ၊ ရုပ်တရားကို လွန်မြောက်သည်ရှိသော်တွေ့ထိမှု 'ဖဿ'တို့သည် မတွေ့ထိကုန်။ (၁၁)
၈၈ဝ။ အဘယ်သို့ ကျင့်သောသူသည် ရုပ်ကို လွန်မြောက်နိုင်ပါသနည်း၊ အဘယ်သို့ သော အကြောင်းဖြင့် ချမ်းသာဆင်းရဲကို လွန်မြောက်နိုင်ပါသနည်း၊ အကြင် အခြင်းအရာအားဖြင့်လွန်မြောက်နိုင်၏။ ထိုအခြင်းအရာကို အကျွန်ုပ်အား ဟော ကြားတော်မူပါလော့၊ ထိုအကြောင်းကို သိကုန်အံ့ဟု အကျွန်ုပ်၏ စိတ်ဖြစ်ပါ၏။ (၁၂)
၈၈၁။ ပကတိသညာ ရှိသူလည်းမဟုတ်သော ဖောက်ပြန်သော သညာရှိသည့် ရူးသွပ်သူလည်းမဟုတ်သော သညာမရှိသည့် အသညသတ်ဗြဟ္မာနှင့် နိရောဓ သမာပတ် ဝင်စားသူလည်း မဟုတ်သော ရူပသညာကို လွန်မြောက်ပြီးသည့် အရူပ ဈာန်သမာပတ်ကို ရသူလည်း မဟုတ်သော ဤသို့ သဘောရှိသည့် အာကာသာနဉ္စာ ယတနဈာန်ကို ရရန်ကျင့်သူ ရူပစတုတ္ထဈာနလာဘီ ပုဂ္ဂိုလ်သည် ရုပ်ကို လွန် မြောက်နိုင်၏။ သံသရာချဲ့တတ်သောတဏှာမာန ဒိဋ္ဌိတရားတို့သည် သညာလျှင်အကြောင်းရှိကုန်သည်သာတည်း၊ (၁၃)
၈၈၂။ အကြင်ပုစ္ဆာကို အကျွန်ုပ်တို့ မေးခဲ့ပါကုန်၏။ အသျှင်သည် ထိုပုစ္ဆာကို အကျွန်ုပ်တို့အားဖြေကြားတော်မူခဲ့ပြီ၊ အသျှင်ဘုရားအား အခြားသော ပုစ္ဆာကို မေးပါကုန်အံ့၊ တောင်းပန်ပါ၏။ ထိုပုစ္ဆာကို ဖြေကြားတော်မူပါလော့၊ ဤလောက၌ ပညာရှိကုန်သောအချို့သောသူတို့သည် ဤမျှ (အရူပသမာပတ်ဟူသော) အတိုင်း အရှည်ဖြင့် သတ္တဝါ၏ မြတ်သော စင်ကြယ်မှုကို ဆိုပါကုန်သလော၊ ထိုသို့ မဟုတ် ဤအရူပသမာပတ်ထက် လွန်သော အခြားသော စင်ကြယ်မှုကို မူလည်း ဆိုပါကုန်သေးသလော။ (၁၄)
၈၈၃။ ဤလောက၌ ပညာရှိကုန်သောအချို့သောသူတို့သည် ဤမျှ (အရူပသမာပတ်ဟူသော) အတိုင်းအရှည်ဖြင့် သတ္တဝါ၏ မြတ်သော စင်ကြယ်မှုကို ဆိုကုန်၏။ ထိုသူတို့တွင် အနုပါဒိသေသ၁၌ လိမ္မာကျွမ်းကျင်သည်ဟု ပြောဆိုကြသောအချို့သူတို့သည် ဥစ္ဆေဒအယူကို ပြောဆိုကြကုန်၏။ (၁၅)
၈၈၄။ ပညာရှိသော ထိုမြတ်စွာဘုရားသည် ထိုမိစ္ဆာအယူရှိသူတို့ကို (သဿတ ဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိကို)မှီကုန်၏ဟု သိ၍လည်းကောင်း၊ (ထိုသူတို့၏)မှီရာ သဿတဒိဋ္ဌိတို့ကို သိ၍လည်းကောင်း၊ (တရားတို့ကို အနိစ္စစသည်ဖြင့်) သိ၍လည်းကောင်း လွတ်မြောက်တော်မူပြီးသည်ဖြစ်၍ ငြင်းခုံခြင်းသို့ ရောက်တော်မမူ၊ ထိုပညာရှိသော မြတ်စွာဘုရားသည် အဖန်တလဲလဲ ဖြစ်ခြင်းသို့ ရောက်တော်မမူ။ (၁၆)
တစ်ဆယ့်တစ်ခုမြောက် ကလဟဝိဝါဒသုတ် ပြီး၏။
၁။ သတ္တဝါသည် ကိုယ်ခန္ဓာပျက်စီး သေဆုံးသည့်နောက် လုံးဝပြတ်စဲခြင်း တစ်ဖန်မဖြစ်ခြင်း အကြွင်းမရှိခြင်းကို အနုပါဒိသေသဟု ဥစ္ဆေဒအယူရှိသူတို့ ဆိုကြသည်။