သုတ္တနိပါတ်ပါဠိတော်

၁ဝ-ပုရာဘေဒသုတ်

၈၅၅။ အဘယ်သို့ သောဉာဏ်အမြင်ရှိသူနှင့် အဘယ်သို့ သော သီလရှိသူကို (ကိလေသာတို့မှ) ငြိမ်းပြီးသောသူဟူ၍ ဆိုအပ်ပါသနည်း၊ ဂေါတမနွယ်ဖွား မြတ်စွာဘုရား မေးအပ်သော အသျှင်ဘုရားသည် ထိုသို့ သဘောရှိသော မြတ်သောသူကို အကျွန်ုပ်အား ဟောကြားတော်မူပါလော့။ (၁)

၈၅၆။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) -

အကြင်ပုဂ္ဂိုလ်သည် ကိုယ်ခန္ဓာမပျက်စီးမီ တပ်မက်မှု 'တဏှာ' ကင်းပြီးသူဖြစ်၏။ (တဏှာဒိဋ္ဌိဟူသော) ရှေးအတိတ်အဖို့အစုကို မမှီသူ ဖြစ်၏။ အလယ် (ပစ္စုပ္ပန်) ကာလ၌ တပ်မက်သူစသည်ဖြင့် ရေတွက်အပ်သူ မဟုတ်၊ ထိုရဟန္တာပုဂ္ဂိုလ်အား အနာဂတ်ကာလ၌ (တဏှာဒိဋ္ဌိဟူသော) ရှေ့သွား မရှိ၊ (ထိုပုဂ္ဂိုလ်ကို ငြိမ်းပြီးသောသူဟူ၍ ငါ ဆို၏)။ (၂)

၈၅၇။ (အကြင်ပုဂ္ဂိုလ်သည် ) အမျက်ဒေါသမရှိသူ ထိတ်လန့်ခြင်းမရှိသူ သီလစသည်ဖြင့် မကြုံးဝါးသူကုက္ကုစ္စမရှိသူ အမြော်အမြင်ပညာဖြင့် ပြောဆိုတတ်သူ ပျံ့လွင့်ခြင်းမရှိသူ နှုတ်စောင့်စည်းသူသိတတ်သောဉာဏ်ရှိသူ ဖြစ်၏။ (ထိုပုဂ္ဂိုလ်ကို ကိလေသာတို့မှ ငြိမ်းပြီးသောသူဟူ၍ ငါ ဆို၏)။ (၃)

၈၅၈။ (အကြင်ပုဂ္ဂိုလ်သည် ) အနာဂတ်ကာလ၌ ကပ်ငြိမှု 'တဏှာ'ကင်း၏။ အတိတ်ကို ပြန်၍ မစိုးရိမ်၊ ပစ္စုပ္ပန် စက္ခုသပ္ဖဿစသည်တို့၌ အတ္တစသည်မှ ကင်းဆိတ်သည်ကို ရှုမြင်၏။ ခြောက်ဆယ့်နှစ်ပါးသော ဒိဋ္ဌိတို့၏ အဆောင်ယူ မခံရ၊ (ထိုပုဂ္ဂိုလ်ကို ကိလေသာတို့မှ ငြိမ်းပြီးသောသူဟူ၍ ငါ ဆို၏)။ (၄)

၈၅၉။ (အကြင်ပုဂ္ဂိုလ်သည် ) ရာဂစသည်တို့မှ ကင်း၏။အံ့သြဖွယ်ကို မပြု တတ်၊ တပ်မက်မှု 'တဏှာ' မရှိ၊ ဝန်တိုမှု ကင်း၏။ ကိုယ်အမူအရာစသည် ကြမ်းတမ်းမှု ကင်း၏။ စက်ဆုပ်ဖွယ်ပုဂ္ဂိုလ်မဟုတ်၊ ချောပစ်ကုန်းတိုက်မှု၌လည်း မယှဉ်၊ (ထိုပုဂ္ဂိုလ်ကို ကိလေသာတို့မှ ငြိမ်းပြီးသောသူဟူ၍ ငါဆို၏)။ (၅)

၈၆ဝ။ (အကြင်ပုဂ္ဂိုလ်သည် ) သာယာဖွယ် ကာမဂုဏ်တို့၌သာယာမှု မရှိ၊ အလွန်ထောင်လွှားမှု 'မာန'၌လည်း မယှဉ်၊ ကာယကံစသည်တို့ဖြင့် နူးညံ့သိမ်မွေ့၏။ ပဋိဘာန် (ပညာဉာဏ်) လည်းရှိ၏။ သာသနာတော်မှတစ်ပါး အခြားအယူကို မယုံကြည်၊ တပ်ခြင်း ကင်းပြီးဖြစ်၏။ (ထိုပုဂ္ဂိုလ်ကို ကိလေသာတို့မှ ငြိမ်းပြီးသောသူဟူ၍ ငါ ဆို၏)။ (၆)

၈၆၁။ (အကြင်ပုဂ္ဂိုလ်သည် ) လာဘ်ကို လိုသဖြင့် ပရိယတ်ကို မသင်ယူ၊ လာဘ် မရခြင်းကြောင့်လည်းအမျက်မထွက်၊ ဆန့်ကျင်မှုမရှိသည်ဖြစ်၍ 'တဏှာ'ဖြင့် ရသာရုံကိုလည်း မမက်မော၊ (ထိုပုဂ္ဂိုလ်ကိုကိလေသာတို့မှ ငြိမ်းပြီးသောသူဟူ၍ ငါ ဆို၏)။ (၇)

၈၆၂။ လောက၌ အကြင်ပုဂ္ဂိုလ်သည် လျစ်လျူရှုမှု 'ဥပေက္ခာ'နှင့် ပြည့်စုံ၏။ အခါ ခပ်သိမ်း အမှတ်ရမှု 'သတိ'ရှိ၏။ သူနှင့်တူသူဟု (သဒိသမာန်ဖြင့်) မမှတ်ထင်၊ သူ့ထက် ထူးမြတ်သူဟု (ပဏီတမာန်ဖြင့်) မမှတ်ထင်၊ သူ့အောက်ယုတ်သူဟု (ဟီနမာန်ဖြင့်) မမှတ်ထင်၊ ထိုရဟန္တာပုဂ္ဂိုလ်အားရာဂစသော ပွါးစီးခြင်းတို့သည် မရှိကုန်၊ (ထိုပုဂ္ဂိုလ်ကို ကိလေသာတို့မှ ငြိမ်းပြီးသောသူဟူ၍ ငါ ဆို၏)။ (၈)

၈၆၃။ အကြင်ရဟန္တာပုဂ္ဂိုလ်အား (တဏှာဒိဋ္ဌိဟူသော)မှီရာတို့သည် မရှိကုန်၊ အကြင်ရဟန္တာပုဂ္ဂိုလ်သည် တရားကို သိ၍ (တဏှာဒိဋ္ဌိတို့ဖြင့်) မမှီ၊ အကြင် ရဟန္တာပုဂ္ဂိုလ်အားသဿတဒိဋ္ဌိဖြစ်ခြင်းငှါလည်းကောင်း၊ ဥစ္ဆေဒဒိဋ္ဌိဖြစ်ခြင်းငှါလည်းကောင်း တပ်မက်မှု 'တဏှာ'သည် မရှိ၊ (ထိုပုဂ္ဂိုလ်ကို ကိလေသာတို့မှ ငြိမ်းပြီးသောသူဟူ၍ ငါ ဆို၏)။ (၉)

၈၆၄။ ထိုရဟန္တာပုဂ္ဂိုလ်အား အထုံးအဖွဲ့ 'ဂန္ထ'လေးပါးတရားတို့ မရှိကုန်၊ ထို ရဟန္တာပုဂ္ဂိုလ်သည် ကပ်ငြိတတ်သောတဏှာကို လွန်မြောက်၏။ ဝတ္ထုကာမ ကိလေသာကာမတို့၌ ငဲ့ကွက်ခြင်းမရှိသော (ထိုပုဂ္ဂိုလ်ကို ကိလေသာတို့မှ ငြိမ်းပြီးသောသူဟူ၍ ငါ ဆို၏)။ (၁ဝ)

၈၆၅။ ထိုရဟန္တာပုဂ္ဂိုလ်အား သားသမီးတို့သည်လည်းကောင်း၊ (ကျွဲ နွားစသော) သတ္တဝါတို့သည်လည်းကောင်း၊ သလေးစပါးခင်းစသော လယ်သည်လည်းကောင်း၊ အိမ်နေရာစသော မြေယာသည်လည်းကောင်း၊ မရှိကုန်၊ ထိုပုဂ္ဂိုလ်၌ အတ္တရှိ၏ဟု ယူသော 'သဿတဒိဋ္ဌိ'တို့ကိုလည်းကောင်း၊ အတ္တပြတ်၏ဟု ယူသော အယူ 'ဥစ္ဆေဒဒိဋ္ဌိ'တို့ကိုလည်းကောင်း မရအပ်၊ (ထိုပုဂ္ဂိုလ်ကို ကိလေသာတို့မှ ငြိမ်းပြီးသောသူဟူ၍ ဆိုအပ်၏)။ (၁၁)

၈၆၆။ အကြင် (ရာဂစသော) အပြစ်ဖြင့် ထိုပုဂ္ဂိုလ်ကို ပုထုဇဉ်တို့သည်လည်းကောင်း၊ သမဏဗြာဟ္မဏတို့သည်လည်းကောင်း (တပ်မက်သူ ပြစ်မှားတတ်သူဟူ၍) ဆိုကုန်ရာ၏။ ထိုရဟန္တာပုဂ္ဂိုလ်သည် ထို (ရာဂစသော) အပြစ်ကို (တဏှာ ဒိဋ္ဌိဖြင့်) ရှေ့သွား မပြုအပ်၊ ထိုသို့ ရှေ့သွားမပြုသည့်အတွက် စွပ်စွဲကဲ့ရဲ့သော စကားတို့ကြောင့် မတုန်လှုပ်၊ (ထိုပုဂ္ဂိုလ်ကို ကိလေသာတို့မှငြိမ်းပြီးသောသူဟူ၍ ဆိုအပ်၏)။ (၁၂)

၈၆၇။ အကြင်ရဟန္တာပုဂ္ဂိုလ်သည် တပ်မက်မှု 'တဏှာ'ကင်း၏။ ဝန်တိုမှု 'မစ္ဆရိယ'ကင်း၏။ ထူးမြတ်သူတို့အတွင်း၌ (ငါ ထူးမြတ်သူဟု) မဆို၊ တူညီသူတို့ အတွင်း၌ (ငါ တူညီသူဟု) မဆို၊ ယုတ်ညံ့သူတို့အတွင်း၌ (ငါ ယုတ်ညံ့သူဟု) မဆို၊ ကြံစည်မှု ကင်းသည်ဖြစ်၍ တဏှာဒိဋ္ဌိအားဖြင့်နှစ်ပါးသော ကြံစည်ခြင်းသို့ မရောက်၊ (ထိုပုဂ္ဂိုလ်ကို ကိလေသာတို့မှ ငြိမ်းပြီးသောသူဟူ၍ ဆိုအပ်၏)။ (၁၃)

၈၆၈။ လောက၌ အကြင်ရဟန္တာပုဂ္ဂိုလ်အား မိမိ၏ ဥစ္စာဟု (သိမ်းဆည်းမှု) မရှိ၊ အကြင်ရဟန္တာပုဂ္ဂိုလ်သည် ဖောက်ပြန်ပျက်စီးသွားသော ဝတ္ထုကြောင့်လည်း မစိုးရိမ်၊ တရားအားလုံးတို့၌လည်း (ဆန္ဒာဂတိစသည်သို့) မလိုက်၊ (ထိုပုဂ္ဂိုလ်ကို ကိလေသာတို့မှ ငြိမ်းပြီးသောသူဟူ၍ ဆိုအပ်၏)။ (၁၄)

ဆယ်ခုမြောက် ပုရာဘေဒသုတ် ပြီး၏။