သုတ္တနိပါတ်ပါဠိတော်
၉-မာဂဏ္ဍိယသုတ်
၈၄၂။ တဏှာ အရတိ ရဂါဟူသော (မာရ်မင်းသမီးသုံးယောက်ကို) မြင်ရ၍သော်လည်း မေထုန်အမှု၌ လိုလားတပ်မက်မှု 'ဆန္ဒ' မဖြစ်ခဲ့ပေ၊ ကျင်ငယ်, ကျင်ကြီးတို့ဖြင့် ပြည့်သော ဤ (သူငယ်မ) ရုပ်အဆင်းကို (မြင်ရ၍) အဘယ်မှာ လိုလား တပ်မက်မှု ဖြစ်မည်နည်း၊ ထိုသင့်သမီးမာဂဏ္ဍီကို ခြေဖြင့် ထိရုံမျှပင် ငါ အလို မရှိ။ (၁)
၈၄၃။ မင်းပေါင်းများစွာတို့ လိုလားတောင့်တအပ်သော ဤမျှလှပတင့်တယ်သည့် သတို့သမီးရတနာကိုအကယ်၍ အလိုမရှိခဲ့ပါမူ အသျှင်၏ အယူဝါဒ သီလ အကျင့် အသက်မွေးမှုနှင့် ဘဝဖြစ်စဉ်ကို အဘယ်သို့ သဘောရှိသည်ကို ပြောပြပါလော့။ (၂)
၈၄၄။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) -
မာဂဏ္ဍိယ ထိုငါဘုရားအား (ခြောက်ဆယ့်နှစ်ပါး) ဒိဋ္ဌိတရားတို့၌ ဆုံးဖြတ်၍ (ဤငါ၏ အယူသာမှန်၏။ အခြားသူတို့အယူကား အချည်းနှီးသာတည်းဟု) ဤစကားကို ဆိုမည်ဟု စွဲမြဲယူဆမှု မရှိပေ၊ (ခြောက်ဆယ့်နှစ်ပါးသော) ဒိဋ္ဌိအယူတို့၌ အပြစ်ကို မြင်သည်ဖြစ်၍ (တစ်စုံတစ်ခုသော ဒိဋ္ဌိအယူကိုမျှ) မယူဘဲ (သစ္စာ လေးပါးတို့ကို) ရွေးချယ် စိစစ်လျက် အဇ္ဈတ္တ၌ ဖြစ်သော ကိလေသာတို့ ငြိမ်းရာနိဗ္ဗာန်ကို မြင်ပြီ။ (၃)
၈၄၅။ (မာဂဏ္ဍိယပုဏ္ဏားက ဤသို့ လျှောက်၏) -
ရဟန်းမြတ် ဆုံးဖြတ် ယူဆမှုဒိဋ္ဌိ ကြံစည် ယူဆမှု မိစ္ဆာအယူတို့ကို မယူဘဲ အဇ္ဈတ္တသန္တာန်၌ (ကိလေသာ) ငြိမ်းရာ နိဗ္ဗာန်ဟူသော အနက်အဓိပ္ပါယ်ကို အသျှင် ပြောပြခဲ့ပါ၏။ ထိုနိဗ္ဗာန်ကိုအဘယ်သို့လျှင် ပညာရှိတို့ ပြောဆိုကြပါသနည်း။ (၄)
၈၄၆။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) -
မာဂဏ္ဍိယ မိစ္ဆာဒိဋ္ဌိအယူဖြင့်လည်းကောင်း၊ ကြားရသော ဗေဒင်ယတြာအားဖြင့်လည်းကောင်း၊ လောကီသမာပတ်ဉာဏ်ဖြင့်လည်းကောင်း၊ မလွန်ကျူးမှု 'သီလ' နွား ခွေး စသည်တို့၏ အကျင့် 'ဝတ'ဖြင့်လည်းကောင်း၊ စင်ကြယ်၏ဟူ၍ ငါမဆို၊ သမ္မာဒိဋ္ဌိအယူမှ ကင်းသဖြင့်လည်ကောင်းမဂ်ဖိုလ်ရကြောင်းတရားကို နာကြားရခြင်းမှ ကင်းသဖြင့်လည်းကောင်း၊ ကမ္မဿကတာဉာဏ်သစ္စာနုလောမိကဉာဏ်မှ ကင်း သဖြင့်လည်းကောင်း၊ပါတိမောက္ခ သံဝရသီလမှ ကင်းသဖြင့်လည်းကောင်း၊ ဓူတင် အကျင့်မှ ကင်းသဖြင့်လည်းကောင်း ထိုတစ်မျိုးမျိုးမျှဖြင့်လည်းစင်ကြယ်၏ဟု ငါ မဆို၊ သူတော်ကောင်းသည် ဤ (မိစ္ဆာဒိဋ္ဌိစသော ကဏှပက္ခတရားငါးမျိုး)တို့ကို စွန့်လွှတ်၍လည်းကောင်း၊ ဤ (သမ္မာဒိဋ္ဌိစသော သုက္ကပက္ခတရားငါးမျိုး)တို့ကို (ပြောဆိုတိုင်းကျင့်ကြံခြင်းဖြင့်) ယူ၍လည်းကောင်း၊ (တဏှာဒိဋ္ဌိတို့ကို) မမှီမူ၍လည်းကောင်း ဘဝကို မတောင့်တတော့ပေ။ (၅)
၈၄၇။ (မာဂဏ္ဍိယသည် ဤသို့ လျှောက်၏) -
ရဟန်းမြတ် မိစ္ဆာဒိဋ္ဌိအယူဖြင့်လည်းကောင်း၊ ကြားရသော ဗေဒင်ယတြာအားဖြင့်လည်းကောင်း၊ လောကီသမာပတ်ဉာဏ်ဖြင့်လည်းကောင်း၊ မလွန်ကျူးမှု 'သီလ' နွား ခွေး စသည်တို့၏အကျင့် 'ဝတ'ဖြင့်လည်းကောင်း စင်ကြယ်၏ဟူ၍လည်း အကယ်၍ မဆိုသည် ဖြစ်အံ့၊ သမ္မာဒိဋ္ဌိအယူမှ ကင်းသဖြင့်လည်ကောင်း၊ မဂ်ဖိုလ်ရ ကြောင်းတရားကို နာကြားရခြင်းမှ ကင်းသဖြင့်လည်းကောင်း၊ ကမ္မဿကတာဉာဏ် သစ္စာနုလောမိကဉာဏ်မှ ကင်းသဖြင့်လည်းကောင်း၊ပါတိမောက္ခသံဝရသီလမှ ကင်းသဖြင့်လည်းကောင်း ဓူတင်အကျင့်မှ ကင်းသဖြင့်လည်းကောင်း ထိုတစ်မျိုးမျိုးမျှဖြင့်လည်းစင်ကြယ်၏ဟူ၍လည်း အကယ်၍ မဆိုသည် ဖြစ်အံ့၊ ဤသို့ မဆိုခဲ့ပါလျှင် ဤတရားကို မဝေခွဲနိုင်အောင်အလွန်တွေဝေဖွယ် တရားဟု အကျွန်ုပ်မှတ်ထင်ပါ၏။ အချို့သော (သမဏဗြာဟ္မဏ)တို့သည်ကားမိစ္ဆာဒိဋ္ဌိ အယူဖြင့် စင်ကြယ်၏ဟူ၍ ယုံကြည်နေကြပါကုန်၏။ (၆)
၈၄၈။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) -
မာဂဏ္ဍိယ သင်သည် မိစ္ဆာဒိဋ္ဌိအယူကိုမှီလျက်သာလျှင် အဖန်ဖန် တလဲလဲ မေးသည်ဖြစ်၍စွဲစွဲမြဲမြဲယူထားသော အယူတို့ကြောင့် မဝေခွဲနိုင်အောင် အလွန်တွေဝေခြင်းသို့ ရောက်၏။ ဤငါဟောအပ်သောတရားဒေသနာမှု နှလုံးသွင်းမှုအမှတ် သညာကို အနည်းငယ်မျှသော်လည်း မမြင်၊ ထို့ကြောင့် သင်သည် မဝေခွဲနိုင်အောင် အလွန်တွေဝေသောအားဖြင့် ဤတရားကို ရှုကြည့်ဘိ၏။ (၇)
၈၄၉။ မာဂဏ္ဍိယ တူမျှသူဟူ၍လည်းကောင်း၊ ထူးချွန် လွန်ကဲသူဟူ၍လည်းကောင်း၊ ယုတ်ညံ့သူဟူ၍လည်းကောင်းမှတ်ထင်သူသည် ထိုသို့မှတ်ထင်ခြင်းကြောင့် ငြင်းခုံရာ၏။ မာနသုံးမျိုးတို့ကြောင့် မတုန်လှုပ်သောသူအား တူမျှသူဟူ၍လည်းကောင်း၊ ထူးချွန်လွန်ကဲသူဟူ၍လည်းကောင်း၊ ယုတ်ညံ့သူဟူ၍လည်းကောင်းမှတ် ထင်မှု မဖြစ်နိုင်။ (၈)
၈၅ဝ။ ထိုရဟန္တာသည် (ငါ့အယူသာ)မှန်၏ဟူ၍ အဘယ်မှာလျှင် ပြောဆိုရာအံ့ နည်း၊ (အခြားသူတို့အယူသည်)မှားယွင်း၏ဟူ၍ အဘယ်မည်သောသူနှင့် ငြင်းခုံ ရာအံ့နည်း၊ အကြင်ရဟန္တာ၌ တူ၏ဟူသော 'သဒိသမာန'သည်လည်းကောင်း၊ မတူဟူသော 'သေဋ္ဌမာန ဟီနမာန'သည်လည်းကောင်း မရှိတော့ပေ၊ ထိုရဟန္တာသည် အဘယ်မည်သောသူနှင့် ဝါဒယှဉ်ပြိုင်ပါတော့မည်နည်း။ (၉)
၈၅၁။ မြင်ခိုက်စသည်၌ ဝိညာဏ်၏ တည်ရာကို ပယ်စွန့်၍ မြင်ပြီး ရူပါရုံစသောတည်ရာ အိမ်တို့ကို မအောက်မေ့သူ ရွာ၌ လူတို့နှင့် ပေါင်းသင်းဆက်ဆံမှု မပြုသူ ကာမဂုဏ်တို့မှ ကင်းဆိတ်သူနောင်အတ္တဘောကို မဖြစ်စေသူ ရဟန္တာသည် လူအများနှင့် ဆန့်ကျင်ဘက် စကားကို မပြောဆိုတော့ပေ။ (၁ဝ)
၈၅၂။ လောက၌ ရဟန္တာပုဂ္ဂိုလ်သည် အကြင်မိစ္ဆာဒိဋ္ဌိစသော အယူတို့မှ ကင်း ဆိတ်သည်ဖြစ်၍ကျင့်၏။ ထိုအယူတို့ကိုလည်း ယူ၍ မပြောဆို၊ ရေ၌ ပေါက်သော အဆူးရှိသော ပဒုမ္မာကြာသည်ရေဖြင့်လည်းကောင်း၊ ညွန်ဖြင့်လည်းကောင်း မလိမ်းကျံ မကပ်ငြိဘိသကဲ့သို့ ဤအတူ အဇ္ဈတ္တသန္တာန်၌ (ကိလေသာ) ငြိမ်းအေး ရာနိဗ္ဗာန်ကို ပြောဆိုသော ရဟန္တာသည် ကာမ၌လည်းကောင်း၊ လောက၌လည်းကောင်း မတပ်မက် မလိမ်းကျံ မကပ်ငြိတော့ပေ။ (၁၁)
၈၅၃။ ရဟန္တာသည် မိစ္ဆာဒိဋ္ဌိအယူသို့ ရောက်သူ မဟုတ်၊ အတွေ့အကြုံဉာဏ် ပညာကြောင့် ထောင်လွှားမှု 'မာန'သို့ ရောက်သူ မဟုတ်၊ တဏှာဒိဋ္ဌိဖြင့် ပြုမူသူ မဟုတ်၊ ကံဖြင့် ဆောင်အပ်သူလည်းမဟုတ်၊ အကြားအမြင်ဖြင့် ဆောင်အပ်သူလည်း မဟုတ်၊ တဏှာဒိဋ္ဌိဟူသောတည်ရာအိမ်တို့သို့ ဆွဲဆောင်အပ်သူလည်း မဟုတ်။ (၁၂)
၈၅၄။ ကာမသညာစသည်၌ တပ်ခြင်းကင်းသောသူအား ထုံးဖွဲ့မှု 'ဂန္ထ'တို့ မရှိကုန်၊ ပညာဖြင့် (ကိလေသာတို့မှ) လွတ်မြောက်ပြီးသောသူအား တွေဝေမှု 'မောဟ'တို့ မရှိကုန်၊ အကြင်သူတို့သည် ကာမစသော သညာကိုလည်းကောင်း၊ မိစ္ဆာအယူ 'ဒိဋ္ဌိ'ကိုလည်းကောင်း စွဲယူကုန်၏။ ထိုသူတို့သည် လောက၌ အချင်းချင်း ထိပါးပုတ်ခတ်ကြကုန်လျက် သွားလာနေကုန်၏။ (၁၃)
ကိုးခုမြောက် မာဂဏ္ဍိယသုတ် ပြီး၏။