သုတ္တနိပါတ်ပါဠိတော်

၈-ပသူရသုတ်

၈၃၁။ (မိမိ)မှီခိုအားထားရာအယူကိုသာ အကောင်းပြောဆိုတတ်ကြသည့် များစွာသောသူတို့သည် အသီးအခြားမှန်ကန်သည်ဟု ယူဆသော သဿတဒိဋ္ဌိစသည်တို့၌ သက်ဝင်ကုန်သည်ဖြစ်၍ဤငါ့အယူ၌သာလျှင် စင်ကြယ်မှုရှိ၏ဟု ပြော ဆိုကြကုန်၏။ အခြားသော အယူဝါဒတို့၌ ကားစင်ကြယ်မှုရှိ၏ဟု မပြောဆိုကြကုန်။ (၁)

၈၃၂။ ဝါဒပြိုင်လိုကုန်သော ထိုသူတို့သည် ပရိသတ်ဘောင်သို့ သက်ဝင်ကြ၍ အချင်းချင်းတစ်ယောက်နှင့်တစ်ယောက် လူ့ဗာလဟု ရှုကြည့်ကြကုန်၏။ အခြား အယူဝါဒကိုမှီကုန်သော ချီးမွမ်းခံလိုသော ထိုသူတို့သည် (မိမိကိုယ်ကို မိမိ) ပညာ ရှိဟု ယူဆကုန်သည်ဖြစ်၍စကားနိုင်ပြောဆိုကြကုန်၏။ (၂)

၈၃၃။ ဝါဒပြိုင်ဆိုင်ဆိုရန်အားထုတ်သူသည် ပရိသတ်အလယ်၌ ချီးမွမ်းခံလိုသည်ဖြစ်၍ (သူတစ်ပါးတို့ဝါဒကို) ဖြိုဖျက်လေ့ရှိ၏။သို့ ပင်ဖြစ်သော်လည်း (သင့် စကားသည် အနက်အဓိပ္ပါယ်မရှိဟု) အပယ်အဖျက်ခံရသည်ရှိသော် ထိုသူသည် မျက်နှာမသာမယာ ဖြစ်တတ်၏။ အပြစ်ရှာလျက်ကဲ့ရဲ့သည်ရှိသော် အမျက်ထွက် တတ်၏။ (၃)

၈၃၄။ ထိုသူ၏ အပယ်ဖျက်ခံရသော ဝါဒကို ရှုံးသော ဝါဒဟူ၍ ပြဿနာကို ဆင်ခြင် ဆုံးဖြတ်သူပညာရှိတို့က ပြောဆိုကြသောအခါ ဝါဒပြိုင်ပွဲ၌ ရှုံးသူသည် ငိုကြွေးမြည် တမ်းရ၏။ စိုးရိမ်ပူဆွေးရ၏။ ငါ့ထက် သာလွန်သွားပြီဟု အဖန်ဖန် ညည်းတွားရလေ၏။ (၄)

၈၃၅။ ဤဝါဒပြိုင်ဆိုင်ငြင်းခုံမှုတို့သည် ပရိဗိုဇ်ရဟန်းတို့၌ ဖြစ်ကုန်၏။ ဤဝါဒပြိုင်ပွဲတို့၌ (နိုင်ခဲ့သော်) စိတ်ရွှင်လန်း ပွင့်လန်း၍ (ရှုံးခဲ့သော်) စိတ်ညှိုးနွမ်း ပင်ပန်းမှု ဖြစ်၏။ ဤအကျိုးအပြစ်ကို မြင်၍ ဝါဒပြိုင်ဆိုင်စကားနိုင် ပြောဆိုမှုကို ရှောင်ကြဉ်ရာ၏။ (ဤဝါဒပြိုင်ဆိုင်ရာ၌) ချီးကျူးခံရမှုကို ရသည်မှတစ်ပါး အခြားသော အကျိုးအာနိသင်မရှိသည်သာတည်း။ (၅)

၈၃၆။ ယင်းသို့ အကျိုးအာနိသင်မရှိသော်လည်း ပရိသတ်အလယ်၌ ဝါဒကို ပြောပြလျက် ထိုအယူ၌ အချီးမွမ်းခံရ၏။ ထိုသို့ အချီးမွမ်းခံရခြင်းကြောင့် ထိုသူသည် ရွှင်လန်းလည်း ရွှင်လန်း၏။ တက်ကြွလည်း တက်ကြွ၏။ ထိုအချီးမွမ်းခံရမှု အကျိုးကို ရ၍ စိတ်တိုင်းကျ ဖြစ်ရလေ၏။ (၆)

၈၃၇။ ယင်းတက်ကြွမှုသည် ထိုသူအား ဆင်းရဲပင်ပန်းကြောင်း ဖြစ်၏။ ထိုသူသည် လွန်လွန်ကဲကဲတက်ကြွသော မာနစကားကို ပြောဆိုတတ်၏။ ဤအပြစ်ကိုလည်း မြင်၍ မငြင်းခုံရာ၊ အကြောင်းသော်ကား ထိုငြင်းခုံခြင်းဖြင့် စင်ကြယ်၏ဟု ပညာရှိတို့ မဆိုကြသောကြောင့် တည်း၊ (၇)

၈၃၈။ မင်း၏ ရိက္ခာဖြင့် အသက်မွေးသူ သူရဲကောင်းသည် ပြိုင်ဘက်သူရဲ ကောင်းကို ့အလိုရှိသည်ဖြစ်၍ ကြုံးဝါးလျက် သွားသကဲ့သို့၊ သူရဲကောင်း 'ပသူရ' ထိုသင်သည်ဝါဒပြိုင်ဘက်ရှိရာအရပ်သို့သာ သွားလေလော့၊ (ငါ့မှာကား) သင်နှင့် ပြိုင်ဆိုင် စစ်ထိုးရန် ကိလေသာဟူသမျှသည် ဗောဓိပင်ရင်းဝယ် သဗ္ဗညုတဉာဏ်ကို ရရာ ရှေးအခါ ကပင် မရှိခဲ့ပေ။ (၈)

၈၃၉။ အကြင်သူတို့သည် မိစ္ဆာဒိဋ္ဌိအယူကို ယူကြကုန်လျက် ငြင်းခုံကြကုန်၏။ ဤငါ၏အယူသည်သာလျှင် မှန်၏ဟူ၍လည်း ပြောဆိုကြကုန်၏။ (ပသူရ) ထိုမိစ္ဆာ အယူရှိသူတို့ကို သင်ပြောဆိုချေ၊ ဤနေရာ၌ ဝါဒပြိုင်ပွဲ ဖြစ်ခဲ့သော် သင်နှင့် ပြိုင် ဆိုင်စစ်ထိုးမှု ပြုမည့်သူတို့မရှိကုန်သည်သာတည်း။ (၉)

၈၄ဝ။ ပသူရ အကြင်ရဟန္တာတို့သည်ကား (ကိလေသာ) စစ်သည်အပေါင်း ဖျက် ဆီးကြပြီးလျှင်အယူဝါဒတစ်ခုနှင့်အယူဝါဒတစ်ခုကို မဆန့်ကျင်စေကုန်မူ၍ သွားလာ နေထိုင်ကြကုန်၏။ ဤလောက၌ အကြင်ရဟန္တာပုဂ္ဂိုလ်တို့အား (မဂ်ဖိုလ်နိဗ္ဗာန်မှ) တစ်ပါး စွဲလမ်းယူဆမှု မရှိ၊ ထိုရဟန္တာတို့၌ သင်သည်အဘယ်မည်သော ဝါဒ စစ်ထိုးမှုကို ရနိုင်ပါမည်နည်း။ (၁ဝ)

၈၄၁။ သို့ ဖြစ်ပါလျက် သင်သည် (နိုင်ကောင်းနိုင်လိမ့်မည်လောဟု) ကြံစည် တွေးတောကာ လာခဲ့၏။ သင်သည် စိတ်ဖြင့် ဒိဋ္ဌိအယူတို့ကို ကြံစည်ယူဆလျက် ကိလေသာကို ခါတွက်ပြီးသော ဘုရားရှင်နှင့်ဝါဒယှဉ်ပြိုင်ရန် ရောက်လာဘိ၏။ ယင်းသို့ ယှဉ်ပြိုင်ရန် ရောက်လာသော်လည်း သင်သည် ယှဉ်ပြိုင်ရန်စွမ်းနိုင် လိမ့်မည် မဟုတ်။ (၁၁)

ရှစ်ခုမြောက် ပသူရသုတ် ပြီး၏။