အင်္ဂုတ္တရနိကာယ်
၁-အာနိသံသဝဂ်
၂-စေတနာကရဏီယသုတ်
၂။ ရဟန်းတို့ သီလရှိသူ သီလပြည့်စုံသူအား “ငါ့အား နှလုံးသာရွှင်မှု ဖြစ်ပါစေ”ဟုစေ့ဆော်၍ ပြုဖွယ်မရှိ၊ ရဟန်းတို့ သီလရှိသူ သီလပြည့်စုံသူအား နှလုံးသာရွှင်မှု ဖြစ်ခြင်းသည် ထုံးတမ်းစဉ်လာ သဘောပင်တည်း။
ရဟန်းတို့ နှလုံးသာရွှင်သူအား “ငါ့အား ဝမ်းမြောက်မှု ဖြစ်ပါစေ”ဟုစေ့ဆော်၍ ပြုဖွယ်မရှိ၊ ရဟန်းတို့ နှလုံးသာရွှင်သူအား ဝမ်းမြောက်မှု ဖြစ်ခြင်းသည် ထုံးတမ်းစဉ်လာ သဘောပင်တည်း။
ရဟန်းတို့ ဝမ်းမြောက်သူအား “ငါ့အား နှစ်သက်မှု ဖြစ်ပါစေ”ဟုစေ့ဆော်၍ ပြုဖွယ်မရှိ၊ ရဟန်းတို့ ဝမ်းမြောက်သူအား နှစ်သက်မှု ဖြစ်ခြင်းသည် ထုံးတမ်းစဉ်လာ သဘောပင်တည်း။
ရဟန်းတို့ နှစ်သက်သော စိတ်ရှိသူအား “ငါ၏ ကိုယ်သည် ငြိမ်းချမ်းပါစေ”ဟုစေ့ဆော်၍ ပြုဖွယ် မရှိ၊ ရဟန်းတို့ နှစ်သက်သော စိတ်ရှိသူအား ကိုယ်ငြိမ်းချမ်းမှုသည် ထုံးတမ်းစဉ်လာ သဘောပင်တည်း။
ရဟန်းတို့ ကိုယ်ငြိမ်းချမ်းသူအား “ချမ်းသာကို ခံစားအံ့”ဟုစေ့ဆော်၍ ပြုဖွယ်မရှိ၊ ရဟန်းတို့ ကိုယ်ငြိမ်းချမ်းသူအား ချမ်းသာကို ခံစားမှုသည် ထုံးတမ်းစဉ်လာ သဘောပင်တည်း။
ရဟန်းတို့ ချမ်းသာသူအား “ငါ၏စိတ်သည် တည်ကြည်ပါစေ”ဟုစေ့ဆော်၍ ပြုဖွယ်မရှိ၊ ရဟန်းတို့ ချမ်းသာသူအား စိတ်တည်ကြည်မှုသည် ထုံးတမ်းစဉ်လာ သဘောပင်တည်း။
ရဟန်းတို့ တည်ကြည်သူအား “ဟုတ်တိုင်းမှန်စွာ သိအံ့၊ မြင်အံ့”ဟုစေ့ဆော်၍ ပြုဖွယ်မရှိ၊ ရဟန်းတို့ တည်ကြည်သူအားဟုတ်တိုင်းမှန်စွာ သိမှု မြင်မှုသည် ထုံးတမ်းစဉ်လာ သဘောပင်တည်း။ ရဟန်းတို့ဟုတ်တိုင်းမှန်စွာ သိသူ မြင်သူအား “ငြီးငွေ့အံ့၊ တပ်စွန်းခြင်းကင်းအံ့”ဟုစေ့ဆော်၍ ပြုဖွယ်မရှိ၊ ရဟန်းတို့ဟုတ်တိုင်းမှန်စွာ သိသူ မြင်သူအား ငြီးငွေ့မှုနှင့် တပ်စွန်းခြင်းကင်းမှုသည် ထုံးတမ်းစဉ်လာ သဘောပင်တည်း၊ ရဟန်းတို့ ငြီးငွေ့သူ တပ်စွန်းခြင်းကင်းသူအား “လွတ်မြောက်မှုနှင့် လွတ်မြောက်မှုကို သိသော ဉာဏ်အမြင်ကို မျက်မှောက်ပြုအံ့”ဟုစေ့ဆော်၍ ပြုဖွယ်မရှိ၊ ရဟန်းတို့ ငြီးငွေ့သူ တပ်စွန်းခြင်းကင်းသူအား လွတ်မြောက်မှုနှင့် လွတ်မြောက်မှုကို သိသော ဉာဏ်အမြင်ကို မျက်မှောက်ပြုခြင်းသည် ထုံးတမ်းစဉ်လာ သဘောပင်တည်း။
ရဟန်းတို့ ဤသို့လျှင် ငြီးငွေ့မှု တပ်စွန်းခြင်းကင်းမှုသည် လွတ်မြောက်မှုနှင့် လွတ်မြောက်မှုကို့သိသော ဉာဏ်အမြင် အကျိုးရှိ၏၊ လွတ်မြောက်မှုနှင့် လွတ်မြောက်မှုကိုသိသော ဉာဏ်အမြင် အာနိသင် ရှိ၏၊ဟုတ်တိုင်းမှန်စွာ သိမြင်မှုသည် ငြီးငွေ့မှုနှင့် တပ်စွန်းခြင်းကင်းမှု အကျိုးရှိ၏၊ ငြီးငွေ့မှုနှင့် တပ်စွန်းခြင်းကင်းမှု အာနိသင် ရှိ၏၊ တည်ကြည်မှုသည်ဟုတ်တိုင်းမှန်စွာ သိမြင်မှု အကျိုးရှိ၏၊ဟုတ်တိုင်းမှန်စွာ သိမြင်မှု အာနိသင်ရှိ၏၊ ချမ်းသာမှုသည် တည်ကြည်မှု အကျိုးရှိ၏၊ တည်ကြည်မှု အာနိသင်ရှိ၏၊ ငြိမ်းအေးမှုသည် ချမ်းသာမှု အကျိုးရှိ၏၊ ချမ်းသာမှု အာနိသင်ရှိ၏၊ နှစ်သက်မှုသည် ငြိမ်းအေးမှု အကျိုးရှိ၏၊ ငြိမ်းအေးမှု အာနိသင်ရှိ၏၊ ဝမ်းမြောက်မှုသည် နှစ်သက်မှု အကျိုးရှိ၏၊ နှစ်သက်မှု အာနိသင်ရှိ၏၊ နှလုံးသာရွှင်မှုသည် ဝမ်းမြောက်မှု အကျိုးရှိ၏၊ ဝမ်းမြောက်မှုအာနိသင်ရှိ၏၊ အပြစ်ကင်းသော သီလတို့သည် နှလုံးသာရွှင်မှု အကျိုးရှိကုန်၏၊ နှလုံးသာရွှင်မှု အာနိသင်ရှိကုန်၏။ ရဟန်းတို့ ဤသို့လျှင် ဤဘက်ကမ်း (ဝဋ်ဆင်းရဲ) မှ ထိုဘက်ကမ်း (နိဗ္ဗာန်) သို့ ရောက်ခြင်းငှါ (အပြစ်မရှိသော သီလအစရှိသော) တရားတို့သည် (နှလုံးသာရွှင်ခြင်းအစရှိသော) တရားတို့ကိုဖြစ်စေကုန်၏၊ (အပြစ်မရှိသော သီလအစရှိသော) တရားတို့သည် (နှလုံးသာရွှင်ခြင်းအစရှိသော) တရားတို့ကို ပြည့်စုံစေကုန်၏ဟု (မိန့်တော်မူ၏)။
ဒုတိယသုတ်။