အင်္ဂုတ္တရနိကာယ်
(၁ဝ) ၅-လောဏကပလ္လဝဂ်
၉-လောဏကပလ္လသုတ်
၁ဝ၁။ ရဟန်းတို့ “ဤသတ္တဝါသည် ကံကို ပြုသော အခြင်းအရာအားဖြင့် ထို ကံ၏ အကျိုးကို ခံစားရ၏”ဟု တစ်စုံတစ်ယောက်က ဆိုငြားအံ့၊ ရဟန်းတို့ ဤဆိုတိုင်း ဖြစ်လတ်သော် မြတ်သော အကျင့်ကို ကျင့်သုံးမှု မဖြစ်တော့ချေ၊ ကောင်းစွာ ဝဋ်ဆင်းရဲ၏ အဆုံးကို ပြုရန် အခွင့်မရှိတော့ချေ။ ရဟန်းတို့ “ဤသတ္တဝါသည် ခံစားအပ်သော ကံကို ပြုသော အခြင်းအရာအားဖြင့် ထို ကံ၏ အကျိုးကို ခံစားရ၏”ဟု တစ်စုံတစ်ယောက်က ဆိုငြားအံ့၊ ရဟန်းတို့ ဤဆိုတိုင်း ဖြစ်လတ်သော် မြတ်သော အကျင့်ကို ကျင့်သုံးမှု ဖြစ်နိုင်၏၊ ကောင်းစွာ ဝဋ်ဆင်းရဲ၏ အဆုံးကို ပြုရန် အခွင့်ရှိနိုင်၏။ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ပြုအပ်သော အနည်းငယ်မျှသော မကောင်းမှုကံသည် ထိုပြုသူ ပုဂ္ဂိုလ်ကို ငရဲသို့ ဆောင်၏။ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ပြုအပ်သော ထိုသို့ သဘောရှိသည်သာလျှင်ဖြစ်သော မျက်မှောက်ဘဝ၌ ခံစားအပ်သော အနည်းငယ်မျှသော မကောင်းမှုကံသည် ဒုတိယဘဝ၌ အနည်းငယ်မျှသော အကျိုးလည်း မထင်၊ များစွာသော အကျိုးသည်ကား အဘယ် မှာ ထင်ပါအံ့နည်း။
ရဟန်းတို့ အဘယ်သို့သော သဘောရှိသော ပုဂ္ဂိုလ်သည် ပြုအပ်သော အနည်းငယ်မျှဖြစ်သော မကောင်းမှုကံသည် ထိုပြုသူပုဂ္ဂိုလ်ကို ငရဲသို့ ဆောင်သနည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ကာယဘာဝနာကိုလည်း မပွါးများ၊ သီလကိုလည်း မပွါးများ၊ စိတ်ကိုလည်း မပွါးများ၊ ပညာကိုလည်း မပွါးများ၊ (ဂုဏ်အားဖြင့်) ငယ်၏၊ (ဂုဏ်ငယ်သောအားဖြင့်) ခန္ဓာကိုယ် ငယ်၏၊ (မကောင်းမှု) အနည်းငယ်ဖြင့် ဆင်းရဲစွာ နေရ၏။ ရဟန်းတို့ ဤသို့သဘောရှိသော ပုဂ္ဂိုလ်သည် ပြုအပ် သော အနည်းငယ်မျှသော မကောင်းမှုကံသည် ထိုပြုသူပုဂ္ဂိုလ်ကို ငရဲသို့ ဆောင်၏။
ရဟန်းတို့ အဘယ်သို့သဘောရှိသော ပုဂ္ဂိုလ်သည် ပြုအပ်သော ထိုသို့ သဘောရှိသည်သာလျှင် ဖြစ်သော မျက်မှောက်ဘဝ၌ ခံစားအပ်သော အနည်းငယ်မျှသော မကောင်းမှုကံသည် ဒုတိယဘဝ၌ အနည်းငယ်မျှသော အကျိုးလည်း မထင်၊ များစွာသော အကျိုးသည်ကား အဘယ်မှာ ထင်ပါအံ့နည်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ကာယဘာဝနာကိုလည်း ပွါးများ၏၊ သီလကိုလည်း ပွါးများ၏၊ စိတ်ကိုလည်း ပွါးများ၏၊ ပညာကိုလည်း ပွါးများ၏၊ (ဂုဏ်အားဖြင့်) မငယ်၊ (ဂုဏ်ကြီးသောအားဖြင့်) ခန္ဓာကိုယ် ကြီး၏၊ နှိုင်းယှဉ်ခြင်းကို ပြုတတ်သော ရာဂ စသည်တို့ မရှိသဖြင့် နေရ၏။ ရဟန်းတို့ ဤသို့သဘောရှိသော ပုဂ္ဂိုလ်သည် ပြုအပ်သော ထိုသို့ သဘောရှိသည်သာလျှင်ဖြစ်သော မျက်မှောက်ဘဝ၌ ခံစားအပ်သော အနည်းငယ်မျှသော မကောင်းမှုကံသည် ဒုတိယဘဝ၌ အနည်းငယ်မျှသော အကျိုးလည်း မထင်၊ များစွာသော အကျိုးသည်ကား အဘယ် မှာ ထင်ပါတော့အံ့နည်း။
ရဟန်းတို့ ယောကျာ်းတစ်ယောက်သည် ဆားခွက်ကို ရေနည်းသော ခွက်၌ ထည့်ငြားအံ့၊ ရဟန်းတို့ ထို အရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ အနည်းငယ်သော ထို ရေသည် ဤမည်သော ဆားခွက် ဖြင့်မသောက်နိုင်သော ဆားငန်ရေ ဖြစ်ရာအံ့လောဟု (မေးတော်မူ၏)၊ မသောက်နိုင်သော ဆားငန်ရေ ဖြစ်ပါသည် အသျှင်ဘုရား။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ— အသျှင်ဘုရား ရေခွက်၌ ရေအနည်းငယ်သာရှိသောကြောင့် ထို အနည်းငယ်သော ရေသည် ဤမည်သော ဆားခွက်ဖြင့် မသောက်နိုင် သော ဆားငန်ရေ ဖြစ်ရာပါ၏ဟု (လျှောက်ကုန်၏)။ ရဟန်းတို့ ယောကျာ်းတစ်ယောက်သည် ဆားခွက်ကို ဂင်္ဂါမြစ်၌ ထည့်ငြားအံ့၊ ရဟန်းတို့ ထို အရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ထို ဂင်္ဂါမြစ်သည် ဤမည်သော ဆားခွက်ဖြင့် မသောက်နိုင်သော ဆားငန်ရေဖြစ်ရာအံ့လောဟု (မေးတော်မူ၏)။ မဖြစ်နိုင်ပါ အသျှင်ဘုရား၊ ထိုသို့မဖြစ်နိုင်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ— အသျှင်ဘုရား ဂင်္ဂါမြစ်၌ ရေထုများပြားသောကြောင့် ထို များသော ရေထုသည် ဤမည်သော ဆားခွက်ဖြင့် မသောက်နိုင်သော ဆားငန်ရေ မဖြစ်နိုင်ပါဟု (လျှောက်ကုန်၏)။
ရဟန်းတို့ ဤအတူသာလျှင် ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ပြုအပ်သော အနည်းငယ် မျှသော မကောင်းမှုကံသည် ထိုပြုသူပုဂ္ဂိုလ်ကို ငရဲသို့ ဆောင်၏။ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ပြုအပ်သော ထိုသို့သဘောရှိသည်သာလျှင်ဖြစ်သော မျက်မှောက်ဘဝ၌ ခံစားအပ်သော အနည်းငယ်မျှသော မကောင်းမှုကံသည် ဒုတိယဘဝ၌ အနည်းငယ်မျှသော အကျိုးလည်း မထင်၊ များစွာ သော အကျိုးသည်ကား အဘယ်မှာ ထင်ပါတော့အံ့နည်း။
ရဟန်းတို့ အဘယ်သို့သဘောရှိသော ပုဂ္ဂိုလ်သည် ပြုအပ်သော အနည်းငယ်မျှသော မကောင်းမှုကံသည် ထိုပြုသူပုဂ္ဂိုလ်ကို ငရဲသို့ ဆောင်သနည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ကာယဘာဝနာကိုလည်း မပွါးများ၊ သီလကိုလည်း မပွါးများ၊ စိတ်ကိုလည်း မပွါးများ၊ ပညာကိုလည်း မပွါးများ၊ (ဂုဏ်အားဖြင့်) ငယ်၏၊ (ဂုဏ်ငယ်သောအားဖြင့်) ခန္ဓာကိုယ် ငယ်၏၊ အနည်းငယ်သော မကောင်းမှုဖြင့် ဆင်းရဲစွာ နေရ၏။ ရဟန်းတို့ ဤသို့သဘောရှိသော ပုဂ္ဂိုလ်သည် ပြုအပ်သော အနည်းငယ်မျှသော မကောင်းမှုကံသည် ထိုပြုသူ ပုဂ္ဂိုလ်ကို ငရဲသို့ ဆောင်၏။
ရဟန်းတို့ အဘယ်သို့သဘောရှိသော ပုဂ္ဂိုလ်သည် ပြုအပ်သော ထိုသို့သဘောရှိသည်သာလျှင် ဖြစ်သော မျက်မှောက်ဘဝ၌ ခံစားအပ်သော အနည်းငယ်မျှသော မကောင်းမှုကံသည် ဒုတိယဘဝ၌ အနည်းငယ်မျှသော အကျိုးလည်း မထင်၊ များစွာသော အကျိုးသည်ကား အဘယ်မှာ ထင်ပါအံ့နည်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ကာယဘာဝနာကိုလည်း ပွါးများ၏၊ သီလကိုလည်း ပွါးများ၏၊ စိတ်ကိုလည်း ပွါးများ၏၊ ပညာကိုလည်း ပွါးများ၏၊ (ဂုဏ်အားဖြင့်) မငယ်၊ (ဂုဏ်ကြီးသောအားဖြင့်) ခန္ဓာကိုယ် ကြီး၏၊ နှိုင်းယှဉ်ခြင်းကို ပြုတတ်သော ရာဂစသည်တို့ မရှိသဖြင့် နေရ၏။ ရဟန်းတို့ ဤသို့သဘောရှိသော ပုဂ္ဂိုလ်သည် ပြုအပ်သော ထိုသို့ သဘောရှိသည်သာလျှင်ဖြစ်သော မျက်မှောက်ဘဝ၌ ခံစားအပ်သော အနည်းငယ်မျှသော မကောင်းမှုကံသည် ဒုတိယဘဝ၌ အနည်းငယ်မျှသော အကျိုးလည်း မထင်၊ များစွာသော အကျိုးသည်ကား အဘယ်မှာ ထင်ပါတော့အံ့နည်း။ (၁)
ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အသပြာဝက်ဖြင့်လည်း အချုပ်အနှောင်ခံရ၏၊ တစ်သပြာဖြင့်လည်း အချုပ်အနှောင်ခံရ၏၊ အသပြာတစ်ရာဖြင့်လည်း အချုပ်အနှောင်ခံရ၏၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အသပြာဝက်ဖြင့်လည်း အချုပ်အနှောင် မခံရ၊ တစ်သပြာဖြင့်လည်း အချုပ်အနှောင် မခံရ၊ အသပြာတစ်ရာဖြင့်လည်း အချုပ်အနှောင် မခံရ။
ရဟန်းတို့ အဘယ်သို့သဘောရှိသော ပုဂ္ဂိုလ်သည် အသပြာဝက်ဖြင့်လည်း အချုပ်အနှောင် ခံရ သနည်း၊ တစ်သပြာဖြင့်လည်း အချုပ်အနှောင် ခံရသနည်း၊ အသပြာတစ်ရာဖြင့်လည်း အချုပ်အနှောင် ခံရ သနည်း။ ရဟန်းတို့ ဤလောက၌ အချို့သောသူသည် ဆင်းရဲ၏၊ ကိုယ်ပိုင်ဥစ္စာနည်း၏၊ ကိုယ်ပိုင်အသုံး အဆောင်နည်း၏။ ရဟန်းတို့ ဤသို့သဘောရှိသော သူဆင်းရဲသည့်အသပြာဝက်ဖြင့်လည်း အချုပ် အနှောင်ခံရ၏၊ တစ်သပြာဖြင့်လည်း အချုပ်အနှောင်ခံရ၏၊ အသပြာတစ်ရာဖြင့်လည်း အချုပ်အနှောင် ခံရ၏၊
ရဟန်းတို့ အဘယ်သို့သဘောရှိသော ပုဂ္ဂိုလ်သည် အသပြာဝက်ဖြင့်လည်း အချုပ်အနှောင် မခံရ သနည်း၊ တစ်သပြာဖြင့်လည်း အချုပ်အနှောင် မခံရသနည်း၊ အသပြာတစ်ရာဖြင့်လည်း အချုပ်အနှောင် မခံရသနည်း။ ရဟန်းတို့ ဤလောက၌ အချို့သော သူသည် ကြွယ်ဝ၏၊ များသော ဥစ္စာရှိ၏၊ များသော အသုံးအဆောင်ရှိ၏။ ရဟန်းတို့ ဤသို့သဘောရှိသော ကြွယ်ဝချမ်းသာသူသည် အသပြာဝက်ဖြင့်လည်း အချုပ်အနှောင် မခံရ၊ တစ်သပြာဖြင့်လည်း အချုပ်အနှောင် မခံရ၊ အသပြာတစ်ရာဖြင့်လည်း အချုပ် အနှောင် မခံရ။ ရဟန်းတို့ ဤအတူသာလျှင် ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ပြုအပ်သော အနည်းငယ်မျှသော မကောင်းမှုကံသည် ထိုပြုသူ ပုဂ္ဂိုလ်ကို ငရဲသို့ ဆောင်၏။ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ပြုအပ်သော ထိုသို့သဘောရှိသည်သာလျှင်ဖြစ်သော မျက်မှောက်ဘဝ၌ ခံစားအပ် သော အနည်းငယ်မျှသော မကောင်းမှုကံသည် ဒုတိယဘဝ၌ အနည်းငယ်မျှသော အကျိုးလည်း မထင်၊ များစွာသော အကျိုးသည်ကား အဘယ်မှာ ထင်ပါတော့အံ့နည်း။
ရဟန်းတို့ အဘယ်သို့သဘောရှိသော ပုဂ္ဂိုလ်သည် ပြုအပ်သော အနည်းငယ်မျှသော မကောင်းမှုကံသည် ထိုပြုသူပုဂ္ဂိုလ်ကို ငရဲသို့ ဆောင်သနည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ကာယဘာဝနာကိုလည်း မပွါးများ၊ သီလကိုလည်း မပွါးများ၊ စိတ်ကိုလည်း မပွါးများ၊ ပညာကိုလည်း မပွါးများ၊ (ဂုဏ်အားဖြင့်) ငယ်၏၊ (ဂုဏ်ငယ်သောအားဖြင့်) ခန္ဓာကိုယ်ငယ်၏၊ အနည်းငယ်သော မကောင်းမှုကံဖြင့် ဆင်းရဲစွာ နေရ၏။ ရဟန်းတို့ ဤသို့သဘောရှိသော ပုဂ္ဂိုလ်သည် ပြုအပ်သော အနည်းငယ်မျှသော မကောင်းမှုကံသည် ထိုပြုသူ ပုဂ္ဂိုလ်ကို ငရဲသို့ ဆောင်၏။
ရဟန်းတို့ အဘယ်သို့သဘောရှိသော ပုဂ္ဂိုလ်သည် ပြုအပ်သော ထိုသို့ သဘောရှိသည်သာလျှင် ဖြစ်သော မျက်မှောက်ဘဝ၌ ခံစားအပ်သော အနည်းငယ်မျှသော မကောင်းမှုကံသည် ဒုတိယဘဝ၌ အနည်းငယ်မျှသော အကျိုးလည်း မထင်၊ များစွာသော အကျိုးသည်ကား အဘယ်မှာ ထင်ပါအံ့နည်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ကာယဘာဝနာကိုလည်း ပွါးများ၏၊ သီလကိုလည်း ပွါးများ၏၊ စိတ်ကိုလည်း ပွါးများ၏၊ ပညာကိုလည်း ပွါးများ၏၊ (ဂုဏ်အားဖြင့်) မငယ်၊ (ဂုဏ်ကြီးသောအားဖြင့်) ခန္ဓာကိုယ်ကြီး၏၊ နှိုင်းယှဉ်ခြင်းကို ပြုတတ်သော ရာဂ စသည်တို့ မရှိသဖြင့် နေရ၏။ ရဟန်းတို့ ဤသို့သဘောရှိသော ပုဂ္ဂိုလ်သည် ပြုအပ်သော ထိုသို့ သဘောရှိသည်သာလျှင်ဖြစ်သော မျက်မှောက်ဘဝ၌ ခံစားအပ်သော အနည်းငယ်မျှသော မကောင်းမှုကံသည် ဒုတိယဘဝ၌ အနည်းငယ်မျှလည်းဖြစ်သော အကျိုးလည်း မထင်၊ များစွာသော အကျိုးသည်ကား အဘယ်မှာ ထင်ပါတော့အံ့နည်း။ (၂)
ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ကာယဘာဝနာကိုလည်း ပွါးများ၏၊ သီလကိုလည်း ပွါးများ၏၊ စိတ်ကိုလည်း ပွါးများ၏၊ ပညာကိုလည်း ပွါးများ၏၊ (ဂုဏ်အားဖြင့်) မငယ်၊ (ဂုဏ်ကြီးသောအားဖြင့်) ခန္ဓာကိုယ် ကြီး၏၊ နှိုင်းယှဉ်ခြင်းကို ပြုတတ်သော ရာဂစသည်တို့ မရှိသဖြင့် နေရ၏။ ရဟန်းတို့ ဤသို့ သဘောရှိသော ပုဂ္ဂိုလ်သည် ပြုအပ်သော ထိုသို့ သဘောရှိသည်သာလျှင် ဖြစ်သော မျက်မှောက်ဘဝ၌ ခံစားအပ်သော အနည်းငယ်မျှသော မကောင်းမှုကံသည် ဒုတိယဘဝ၌ အနည်းငယ်မျှသော အကျိုးလည်း မထင်၊ များစွာသော အကျိုးသည်ကား အဘယ်မှာ ထင်ပါတော့ အံ့နည်း။
ရဟန်းတို့ ဤလောက၌ အချို့သော ဆိတ်ပိုင်ရှင်သည်လည်းကောင်း၊ ဆိတ်သတ်သမားသည်လည်းကောင်း၊ ဆိတ်ကို ခိုးယူသူအချို့ကို သတ်ရန်သော်လည်းကောင်း၊ ချုပ်နှောင်ရန်သော်လည်းကောင်း၊ (ဥစ္စာကို) ဆုံးရှုံးစေရန်သော်လည်းကောင်း၊ အကြောင်းအားလျော်စွာ ပြုရန်သော်လည်းကောင်း တတ်စွမ်း့နိုင်၏။ အရှင်မပေးဘဲ ဆိတ်ကို ခိုးယူသော အချို့သူကို သတ်ရန်သော်လည်းကောင်း၊ ချုပ်နှောင်ရန် သော်လည်းကောင်း၊ (ဥစ္စာကို) ဆုံးရှုံးစေရန်သော်လည်းကောင်း၊ အကြောင်းအားလျော်စွာ ပြုရန်သော်လည်းကောင်း မတတ်စွမ်းနိုင်။ ရဟန်းတို့ ဆိတ်ပိုင်ရှင်သည်လည်းကောင်း၊ ဆိတ်သတ်သမားသည်လည်းကောင်း၊ အရှင်မပေးဘဲ ဆိတ်ကို ခိုးယူသော အဘယ်သို့ သဘောရှိ သောသူကို သတ်ရန်သော်လည်းကောင်း၊ ချုပ်နှောင်ရန်သော်လည်းကောင်၊ (ဥစ္စာကို) ဆုံးရှုံးစေရန်သော်လည်းကောင်း၊ အကြောင်းအား လျော်စွာပြုရန်သော်လည်းကောင်း တတ်စွမ်းနိုင်သနည်း။ ရဟန်းတို့ ဤလောက၌ အချို့သော သူသည် ဆင်းရဲ၏၊ ကိုယ်ပိုင်ဥစ္စာနည်းပါး၏။ ကိုယ်ပိုင်အသုံးအဆောင်နည်း၏။ ရဟန်းတို့ ဆိတ်ပိုင်ရှင်သည်လည်းကောင်း၊ ဆိတ်သတ်သမားသည်လည်းကောင်း၊ မပေးဘဲ ဆိတ်ကို ခိုးယူသော ဤသို့သဘောရှိသော သူကို သတ်ရန်သော်လည်းကောင်း၊ ချုပ်နှောင်ရန်သော်လည်းကောင်း၊ (ဥစ္စာကို) ဆုံးရှုံးစေရန်သော်လည်းကောင်း၊ အကြောင်းအားလျော်စွာ ပြုရန်သော်လည်းကောင်း တတ်စွမ်းနိုင်၏။
ရဟန်းတို့ ဆိတ်ပိုင်ရှင်သည်လည်းကောင်း၊ ဆိတ်သတ်သမားသည်လည်းကောင်း၊ အရှင်မပေးဘဲ ဆိတ်ကို ခိုးယူသော အဘယ်သို့သဘောရှိသောသူကို သတ်ရန်သော်လည်းကောင်း၊ ချုပ်နှောင်ရန်သော်လည်းကောင်း၊ (ဥစ္စာကို) ဆုံးရှုံးစေရန်သော်လည်းကောင်း၊ အကြောင်းအားလျော်စွာ ပြုရန်သော်လည်းကောင်း မတတ်စွမ်းနိုင်သနည်း။ ရဟန်းတို့ ဤလောက၌ အချို့သောသူသည် ကြွယ်ဝ၏၊ များသော ဥစ္စာရှိ၏၊ များသော အသုံးအဆောင်ရှိ၏။ မင်းသော်လည်း ဖြစ်၏၊ အမတ်ကြီးသော်လည်း ဖြစ်၏။ ရဟန်းတို့ ဆိတ်ပိုင်ရှင်သည်လည်းကောင်း၊ ဆိတ်သတ်သမားသည်လည်းကောင်း၊ အရှင်မပေးဘဲ ဆိတ်ကို ခိုးယူသော ဤသို့သဘောရှိသောသူကို သတ်ရန်သော်လည်းကောင်း၊ ချုပ်နှောင်ရန်သော်လည်းကောင်း၊ (ဥစ္စာကို) ဆုံးရှုံးစေရန်သော်လည်းကောင်း၊ အကြောင်းအားလျော်စွာ ပြုရန်သော်လည်းကောင်း မတတ် စွမ်းနိုင်။ စင်စစ်သော်ကား လက်အုပ်ချီလျက် “အသျှင် ဆိတ်ကို ဖြစ်စေ၊ ဆိတ်၏ တန်ဖိုးကိုဖြစ်စေ အကျွန်ုပ်အား ပေးသနားပါ”ဟု ထိုသူကို တောင်းပန်ရ၏။ ရဟန်းတို့ ဤအတူသာလျှင် အချို့သော ပုဂ္ဂိုလ်သည် ပြုအပ်သော ထိုသို့သဘောရှိသည်သာလျှင်ဖြစ်သော အနည်းငယ်မျှသော မကောင်းမှုကံသည် ထိုပြုသူပုဂ္ဂိုလ်ကို ငရဲသို့ ဆောင်၏။ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ပြုအပ်သော ထိုသို့ သဘောရှိသည်သာလျှင်ဖြစ်သော မျက်မှောက်ဘဝ၌ ခံစားအပ်သော အနည်းငယ်မျှသော မကောင်းမှုကံသည် ဒုတိယဘဝ၌ အနည်းငယ်မျှသော အကျိုးလည်း မထင်၊ များစွာသော အကျိုးသည် ကား အဘယ်မှာ ထင်ပါတော့အံ့နည်း။
ရဟန်းတို့ အဘယ်သို့သဘောရှိသော ပုဂ္ဂိုလ်သည် ပြုအပ်သော အနည်းငယ်မျှသော မကောင်းမှု ကံသည် ထိုပြုသူ ပုဂ္ဂိုလ်ကို ငရဲသို့ ဆောင်သနည်း။ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ကာယဘာဝနာကိုလည်း မပွါးများ၊ သီလကိုလည်း မပွါးများ၊ စိတ်ကိုလည်း မပွါးများ၊ ပညာကိုလည်း မပွါးများ၊ (ဂုဏ်အားဖြင့်) ငယ်၏၊ (ဂုဏ်ငယ်သောအားဖြင့်) ခန္ဓာကိုယ် ငယ်၏၊ အနည်းငယ်မျှသော မကောင်းမှုဖြင့် ဆင်းရဲစွာ နေရ၏။ ရဟန်းတို့ ဤသို့ သဘောရှိသော ပုဂ္ဂိုလ်သည် ပြုအပ်သော အနည်းငယ်မျှသော မကောင်းမှုကံသည် ထိုပြုသူပုဂ္ဂိုလ်ကို ငရဲသို့ ဆောင်၏။
ရဟန်းတို့ အဘယ်သို့သဘောရှိသော ပုဂ္ဂိုလ်သည် ပြုအပ်သော ထိုသို့ သဘောရှိသည်သာလျှင် ဖြစ်သော မျက်မှောက်ဘဝ၌ခံစားအပ်သော အနည်းငယ်မျှသော မကောင်းမှုကံသည် ဒုတိယဘဝ၌ အနည်း ငယ်မျှသော အကျိုးကား မထင်၊ များစွာသော အကျိုးသည်ကား အဘယ်မှာ ထင်ပါတော့အံ့နည်းဟူသည် အဘယ်နည်း။ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ကာယဘာဝနာကိုလည်း ပွါးများ၏၊ သီလကိုလည်း ပွါးများ၏၊ ပညာကိုလည်း ပွါးများ၏၊ (ဂုဏ်အားဖြင့်) မငယ်၊ (ဂုဏ်ကြီးသော အားဖြင့်) ခန္ဓာကိုယ် ကြီး၏၊ နှိုင်းယှဉ်ခြင်းကို ပြုတတ်သော ရာဂစသည်တို့ မရှိသဖြင့် နေရ၏။ ရဟန်းတို့ ဤသို့ သဘောရှိသော ပုဂ္ဂိုလ်သည် ပြုအပ်သော ထိုသို့သဘောရှိသည်သာလျှင်ဖြစ်သော မျက်မှောက်ဘဝ၌ ခံစားအပ်သော အနည်းငယ်မျှသော မကောင်းမှုကံသည် ဒုတိယဘဝ၌ အနည်းငယ်မျှသော အကျိုးလည်း မထင်၊ များစွာသော အကျိုးသည်ကား အဘယ်မှာ ထင်ပါတော ့အံ့နည်း။ (၃)
ရဟန်းတို့ “ဤသတ္တဝါသည် ကံကို ပြုသော အခြင်းအရာအားဖြင့် ထို ကံ၏ အကျိုးကို ခံစား ရ၏”ဟု တစ်စုံတစ်ယောက်က ဆိုငြားအံ့၊ ရဟန်းတို့ ဤဆိုတိုင်း ဖြစ်လတ်သော် မြတ်သော အကျင့်ကို ကျင့်သုံးမှု မဖြစ်တော့ချေ၊ ကောင်းစွာ ဝဋ်ဆင်းရဲ၏ အဆုံးကို ပြုရန် အခွင့်မရှိတော့ချေ။ ရဟန်းတို့ “ဤသတ္တဝါသည် ခံစားအပ်သော ကံကို ပြုသော အခြင်းအရာအားဖြင့် ထို ကံ၏ အကျိုးကို ခံစားရ၏”ဟု တစ်စုံတစ်ယောက်က ဆိုငြားအံ့။ ရဟန်းတို့ ဤဆိုတိုင်း ဖြစ်လတ်သော် မြတ်သော အကျင့်ကို ကျင့်သုံးမှု ဖြစ်နိုင်၏၊ ကောင်းစွာ ဝဋ်ဆင်းရဲ၏ အဆုံးကို ပြုရန် အခွင့်ရှိနိုင်၏ဟု (မိန့်တော်မူ၏)။
နဝမသုတ်။