အင်္ဂုတ္တရနိကာယ်

၂-အနုသယဝဂ်

၆-အနိစ္စာနုပဿီသုတ်

၁၆။ ရဟန်းတို့ (အရပ်ဝေးမှ) ဆောင်လာ၍သော်လည်း ပေးလှူပူဇော်ရန် ထိုက်ကုန်သော၊ ဧည့်သည်တို့ အလို့ငှါ စီမံထားသော ဝတ္ထုကိုသော်လည်း ပေးလှူပူဇော်ရန် ထိုက်ကုန်သော၊ တမလွန်အတွက် ရည်မျှော်သော အလှူကို ခံထိုက်ကုန်သော၊ လက်အုပ်ချီခြင်းငှါ ထိုက်ကုန်သော၊ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်ကုန်သော ပုဂ္ဂိုလ်တို့သည် ဤခုနစ်မျိုးတို့တည်း။

အဘယ်ခုနစ်မျိုးတို့နည်းဟူမူ —

ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အလုံးစုံသော သင်္ခါရတို့၌ မမြဲသော အခြင်းအရာအားဖြင့် အဖန်ဖန် ရှုသည် မမြဲဟု အမှတ်ရှိသည် မမြဲဟု ထင်စွာ သိသည်ဖြစ်၍ အမြဲမပြတ် (တစ်ပါးသော စိတ်တို့နှင့်) မရောပြွမ်းမူ၍ စိတ်ဖြင့် နှလုံးသွင်းပြီးလျှင် ပညာဖြင့် သက်ဝင်လျက် နေ၏၊ ထိုရဟန်းသည် အာသဝေါတရားတို့၏ကုန်ခြင်းကြောင့်။ပ။ မျက်မှောက်ပြုလျက် နေ၏။

ရဟန်းတို့ ဤပုဂ္ဂိုလ်သည် (အရပ်ဝေးမှ) ဆောင်လာ၍သော်လည်း ပေးလှူပူဇော်ရန် ထိုက်သော၊ ဧည့်သည်အလို့ငှါ စီမံထားသော ဝတ္ထုကိုသော်လည်း ပေးလှူပူဇော်ရန် ထိုက်သော၊ တမလွန်အတွက်ရည်မျှော်သော အလှူကို ခံထိုက်သော၊ လက်အုပ်ချီခြင်းငှါ ထိုက်သော၊ သတ္တဝါအပေါင်း၏့ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်သော ပဌမ ပုဂ္ဂိုလ်တည်း။

ရဟန်းတို့ နောက်တစ်မျိုးကား ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အလုံးစုံသော သင်္ခါရတို့၌ မမြဲသော အခြင်းအရာအားဖြင့် အဖန်ဖန် ရှုသည် မမြဲဟု အမှတ်ရှိသည် မမြဲဟု ထင်စွာ သိသည်ဖြစ်၍အမြဲမပြတ် (တစ်ပါးသောစိတ်တို့နှင့်) မရောပြွမ်းမူ၍ စိတ်ဖြင့် နှလုံးသွင်းပြီးလျှင် ပညာဖြင့် သက်ဝင်လျက်နေ၏၊ ထိုပုဂ္ဂိုလ်အား မရှေးမနှောင်း အာသဝေါတရားတို့ကုန်ခြင်းသည်လည်းကောင်း၊ အသက်ကုန်ခြင်းသည်လည်းကောင်း ဖြစ်၏။

ရဟန်းတို့ ဤပုဂ္ဂိုလ်သည် (အရပ်ဝေးမှ) ဆောင်လာ၍သော်လည်း ပေးလှူပူဇော်ရန် ထိုက်သော။ပ။ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်သော ဒုတိယ ပုဂ္ဂိုလ်တည်း။

ရဟန်းတို့ နောက်တစ်မျိုးကား ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အလုံးစုံသော သင်္ခါရတို့၌ မမြဲသော အခြင်းအရာအားဖြင့် အဖန်ဖန် ရှုသည် မမြဲဟု အမှတ်ရှိသည် မမြဲဟု ထင်စွာ သိသည်ဖြစ်၍အမြဲမပြတ် (တစ်ပါးသောစိတ်တို့နှင့်) မရောပြွမ်းမူ၍ စိတ်ဖြင့် နှလုံးသွင်းပြီးလျှင် ပညာဖြင့် သက်ဝင်လျက်နေ၏၊

ထိုပုဂ္ဂိုလ်သည် အောက်ပိုင်းသံယောဇဉ် ငါးပါးတို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့် အသက်အပိုင်း အခြား၏အလယ်၌ ပရိနိဗ္ဗာန်ပြုသော ‘အန္တရာပရိနိဗ္ဗာယီ’ ပုဂ္ဂိုလ်ဖြစ်၏။ပ။ အသက်အပိုင်းအခြား အလယ်ကိုလွန်၍ ပရိနိဗ္ဗာန်ပြုသော ‘ဥပဟစ္စပရိနိဗ္ဗာယီ’ ပုဂ္ဂိုလ်ဖြစ်၏။ပ။ အားထုတ်မှုမရှိဘဲ ပရိနိဗ္ဗာန် ပြုသော’အသင်္ခါရပရိနိဗ္ဗာယီ’ ပုဂ္ဂိုလ်ဖြစ်၏။ပ။ အားထုတ်မှုရှိသဖြင့် ပရိနိဗ္ဗာန်ပြုသော ‘သသင်္ခါရ ပရိနိဗ္ဗာယီ’ပုဂ္ဂိုလ်ဖြစ်၏။ပ။ အကနိဋ္ဌဘုံသို့ ရောက်၍ အထက်မဂ်ကို ရထိုက်သော ‘ဥဒ္ဓံသောတ အကနိဋ္ဌဂါမီ’ပုဂ္ဂိုလ်ဖြစ်၏။

ရဟန်းတို့ ဤပုဂ္ဂိုလ်သည် (အရပ်ဝေးမှ) ဆောင်လာ၍သော်လည်း ပေးလှူပူဇော်ရန် ထိုက်သော၊ ဧည့်သည်တို့အလို့ငှါ စီမံထားသော ဝတ္ထုကိုသော်လည်း ပေးလှူပူဇော်ရန် ထိုက်သော၊ တမလွန်အတွက်ရည်မျှော်သော အလှူကို ခံထိုက်သော၊ လက်အုပ်ချီခြင်းငှါ ထိုက်သော၊ သတ္တဝါအပေါင်း၏ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်သော သတ္တမပုဂ္ဂိုလ်တည်း။

ရဟန်းတို့ (အရပ်ဝေးမှ)။ပ။ ဆောင်လာ၍သော်လည်း ပေးလှူပူဇော်ရန် ထိုက်ကုန်သော၊ ဧည့်သည်တို့အလို့ငှါ စီမံထားသော ဝတ္ထုကိုသော်လည်း ပေးလှူပူဇော်ရန် ထိုက်သော၊ တမလွန်အတွက်ရည်မျှော်သော အလှူကို ခံထိုက်ကုန်သော၊ လက်အုပ်ချီခြင်းငှါ ထိုက်ကုန်သော၊ အမြတ်ဆုံး လယ်မြေဖြစ်သော ပုဂ္ဂိုလ်တို့သည် ဤခုနစ်မျိုးတို့တည်းဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။