အင်္ဂုတ္တရနိကာယ်
(၉) ၄-သတိဝဂ်
၁-သမ္ပဇညသုတ်
၈၁။ ရဟန်းတို့ အောက်မေ့မှု ‘သတိ’ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ မရှိလတ်သော်၊ သတိ,သမ္ပဇဉ် ချို့တဲ့သော ရဟန်းအား အရှက်အကြောက် ‘ဟိရိသြတ္တပ္ပ’ သည် အကြောင်းချို့တဲ့၏၊ ဟိရိသြတ္တပ္ပ မရှိလတ်သော် ဟိရိသြတ္တပ္ပချို့တဲ့သော ရဟန်းအား ဣန္ဒြေစောင့်စည်းမှု ‘ဣန္ဒြိယသံဝရ’သည် အကြောင်းချို့တဲ့၏၊ ဣန္ဒြိယသံဝရမရှိလတ်သော် ဣန္ဒြိယသံဝရချို့တဲ့သော ရဟန်းအား အကျင့်သီလသည် အကြောင်းချို့တဲ့၏၊ အကျင့်သီလမရှိလတ်သော် အကျင့်သီလချို့တဲ့သော ရဟန်းအား မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ သည် အကြောင်းချို့တဲ့၏၊ သမ္မာသမာဓိ မရှိလတ်သော် သမ္မာသမာဓိချို့တဲ့သော ရဟန်းအားဟုတ်တိုင်း မှန်စွာ သိမြင်မှု ‘ယထာဘူတဉာဏဒဿန’ သည် အကြောင်းချို့တဲ့၏၊ ယထာဘူတဉာဏဒဿန မရှိလတ်သော် ယထာဘူတဥာဏဒဿန ချို့တဲ့သော ရဟန်းအား ငြီးငွေ့မှု ‘နိဗ္ဗိဒါ’ ဉာဏ်နှင့် တပ်ခြင်းကင်းမှု ‘ဝိရာဂ’ဉာဏ်(မဂ်ဉာဏ်)သည် အကြောင်းချို့တဲ့၏၊ နိဗ္ဗိဒါဉာဏ်နှင့် ဝိရာဂဉာဏ်မရှိလတ်သော် နိဗ္ဗိဒါဉာဏ် နှင့် ဝိရာဂဉာဏ်ချို့တဲ့သော ရဟန်းအား (ကိလေသာမှ) လွတ်မြောက်မှုနှင့် လွတ်မြောက်မှုကို သိသော ပစ္စဝေက္ခဏာဉာဏ်အမြင် ‘ဝိမုတ္တိဉာဏဒဿန’ သည် အကြောင်းချို့တဲ့၏။ ရဟန်းတို့ သစ်ပင်သည် အခက်အရွက်ပျက်စီးခဲ့မူ ထိုသစ်ပင်၏ အပွေးသည်လည်းကောင်း၊ အခေါက်သည်လည်းကောင်း၊ အကာသည်လည်းကောင်း၊ အနှစ်သည်လည်းကောင်း ပြည့်စုံခြင်းသို့ မရောက်သကဲ့သို့၊ ရဟန်းတို့ ဤအတူပင် သတိ,သမ္ပဇဉ်မရှိလတ်သော် သတိ,သမ္ပဇဉ်ချို့တဲ့သော ရဟန်းအား ဟိရိသြတ္တပ္ပသည် အကြောင်းချို့တဲ့၏၊ ဟိရိသြတ္တပ္ပမရှိလတ်သော် ဟိရိသြတ္တပ္ပချို့တဲ့သော ရဟန်းအား ဣန္ဒြိယသံဝရသည် အကြောင်းချို့တဲ့၏။ပ။ ဝိမုတ္တိဉာဏဒဿနသည် အကြောင်းချို့တဲ့၏။
ရဟန်းတို့ သတိ,သမ္ပဇဉ်ရှိလတ်သော် သတိ,သမ္ပဇဉ်နှင့် ပြည့်စုံသော ရဟန်းအား ဟိရိသြတ္တပ္ပသည် အကြောင်းပြည့်စုံ၏၊ ဟိရိသြတ္တပ္ပရှိလတ်သော် ဟိရိသြတ္တပ္ပနှင့် ပြည့်စုံသော ရဟန်းအား ဣန္ဒြိယသံဝရသည် အကြောင်းပြည့်စုံ၏၊ ဣန္ဒြိယသံဝရရှိလတ်သော် ဣန္ဒြိယသံဝရနှင့် ပြည့်စုံသော ရဟန်းအား အကျင့်သီလ သည် အကြောင်းပြည့်စုံ၏၊ အကျင့်သီလရှိလတ်သော် အကျင့်သီလနှင့် ပြည့်စုံသော ရဟန်းအား သမ္မာ သမာဓိသည် အကြောင်းပြည့်စုံ၏၊ သမ္မာသမာဓိရှိလတ်သော် သမ္မာသမာဓိနှင့် ပြည့်စုံသော ရဟန်းအားဟုတ်တိုင်းမှန်စွာ သိမြင်မှု ‘ယထာဘူတဉာဏဒဿန’ သည် အကြောင်းပြည့်စုံ၏၊ ယထာဘူတဉာဏဒဿန ရှိလတ်သော် ယထာဘူတဥာဏဒဿနနှင့် ပြည့်စုံသော ရဟန်းအား ငြီးငွေ့မှုနိဗ္ဗိဒါဉာဏ်နှင့် တပ်ခြင်းကင်းမှု ဝိရာဂဉာဏ်(မဂ်ဉာဏ်)သည် အကြောင်းပြည့်စုံ၏၊ နိဗ္ဗိဒါဉာဏ်နှင့် ဝိရာဂဉာဏ်ရှိလတ်သော် နိဗ္ဗိဒါဉာဏ် ဝိရာဂဉာဏ်နှင့်ပြည့်စုံသော ရဟန်းအား (ကိလေသာမှ) လွတ်မြောက်မှုနှင့် လွတ်မြောက်မှုကို သိသော ပစ္စဝေက္ခဏာဉာဏ်အမြင် ‘ဝိမုတ္တိဉာဏဒဿန’သည် အကြောင်းပြည့်စုံ၏။ ရဟန်းတို့ သစ်ပင်သည် အခက် အရွက်နှင့် ပြည့်စုံခဲ့မူ ထိုသစ်ပင်၏ အပွေးသည်လည်းကောင်း၊ အခေါက်သည်လည်းကောင်း၊ အကာသည်လည်းကောင်း၊ အနှစ်သည်လည်းကောင်း ပြည့်စုံခြင်းသို့ ရောက်သကဲ့သို့၊ ရဟန်းတို့ ဤအတူပင် သတိသမ္ပဇဉ်ရှိလတ်သော် သတိသမ္ပဇဉ်နှင့် ပြည့်စုံသော ရဟန်းအား ဟိရိသြတ္တပ္ပသည် အကြောင်းပြည့်စုံ၏၊ ဟိရိသြတ္တပ္ပ ရှိလတ်သော်။ပ။ (ကိလေသာမှ) လွတ်မြောက်မှုနှင့် လွတ်မြောက်မှုကို သိသော ပစ္စဝေက္ခဏာဉာဏ်အမြင် ‘ဝိမုတ္တိဉာဏဒဿန’ သည် အကြောင်းပြည့်စုံ၏ဟု (မိန့်တော်မူ၏)။
ပဌမသုတ်။