အင်္ဂုတ္တရနိကာယ်

(၈) ၃-ယမကဝဂ်

၁ဝ-ကုသီတာရ မ္ဘဝတ္ထုသုတ်

၈ဝ။ ရဟန်းတို့ ပျင်းရိခြင်း၏ အကြောင်းတို့သည် ဤရှစ်မျိုးတို့တည်း။

အဘယ်ရှစ်မျိုးတို့နည်းဟူမူ—ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် အမှုကိစ္စကို ပြုလုပ် ရမည်ဖြစ်၏၊ ထိုရဟန်းအား “ငါသည် အမှုကိစ္စကို ပြုလုပ်ရတော့မည်၊ အမှုကိစ္စကို ပြုလုပ်သော ငါ၏ ကိုယ်သည် ပင်ပန်းလိမ့်မည်၊ ယခု ငါသည် အိပ်ဦးမည်”ဟု စိတ်ဖြစ်၏။ ထိုရဟန်းသည် အိပ်၏၊ မရောက်ရသေးသော တရားသို့ ရောက်ရန် မရသေးသည့် တရားကို ရရန် မျက်မှောက်မပြုရသေးသည့် တရားကို မျက်မှောက်ပြုရန် ဝီရိယကို အားမထုတ်။ ရဟန်းတို့ ဤသည်ကား ပဌမ ပျင်းရိခြင်း၏ အကြောင်းတည်း။

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် အမှုကိစ္စကို ပြုလုပ်ပြီး ဖြစ်၏၊ ထိုရဟန်းအား “ငါသည် အမှုကိစ္စကို ပြုလုပ်ပြီးပြီ၊ အမှုကိစ္စကို ပြုလုပ်ပြီးသော ငါ၏ ကိုယ်သည် ပင်ပန်း၏၊ ယခု ငါသည် အိပ်ဦးမည်”ဟု စိတ်ဖြစ်၏။ ထိုရဟန်းသည် အိပ်၏၊ မရောက်ရသေးသော တရားသို့ ရောက်ရန် မရသေးသည့် တရားကို ရရန် မျက်မှောက်မပြုရသေးသည့် တရားကို မျက်မှောက်ပြုရန် ဝီရိယကို အားမထုတ်။ ရဟန်းတို့ ဤသည်ကား ဒုတိယ ပျင်းရိခြင်း၏အကြောင်းတည်း။

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် ခရီးသွားရတော့မည် ဖြစ်၏၊ ထိုရဟန်းအား “ငါသည် ခရီးသွားရတော့မည်၊ ခရီးသွားနေသော ငါ၏ ကိုယ်သည် ပင်ပန်းလိမ့်မည်၊ ယခု ငါသည် အိပ်ဦးမည်”ဟု စိတ်ဖြစ်၏။ ထိုရဟန်းသည် အိပ်၏၊ မရောက်ရသေးသော တရားသို့ ရောက်ရန် မရသေးသည့် တရားကို ရရန် မျက်မှောက်မပြုရသေးသည့် တရားကို မျက်မှောက်ပြုရန် ဝီရိယကို အားမထုတ်။ ရဟန်းတို့ ဤသည်ကား တတိယ ပျင်းရိခြင်း၏အကြောင်းတည်း။

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် ခရီးသွားပြီး ဖြစ်၏၊ ထိုရဟန်းအား “ငါသည် ခရီး သွားပြီးပြီ၊ ခရီးသွားပြီးသော ငါ၏ ကိုယ်သည် ပင်ပန်း၏၊ ယခု ငါသည် အိပ်ဦးမည်”ဟု စိတ်ဖြစ်၏။ ထိုရဟန်းသည် အိပ်၏၊ မရောက်ရသေးသော တရားသို့ ရောက်ရန် မရသေးသော တရားကို ရရန် မျက်မှောက်မပြုရသေးသည့် တရားကို မျက်မှောက်ပြုရန် ဝီရိယကို အားမထုတ်။ ရဟန်းတို့ ဤသည်ကား စတုတ္ထ ပျင်းရိခြင်း၏အကြောင်းတည်း။

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် ရွာသို့လည်းကောင်း၊ နိဂုံးသို့လည်းကောင်း ဆွမ်းခံ သွားသည် ရှိသော် ကြမ်းသည်လည်းဖြစ်သော နုသည်လည်း ဖြစ်သော ဆွမ်းဘောဇဉ်ကို အလိုရှိတိုင်း ပြည့်စုံအောင် မရ၊ ထိုရဟန်းအား “ငါသည် ရွာသို့လည်းကောင်း၊ နိဂုံးသို့လည်းကောင်း ဆွမ်းခံသွား သည်ရှိသော် ကြမ်းသည်လည်းဖြစ်သော နုသည်လည်း ဖြစ်သော ဆွမ်းဘောဇဉ်ကို အလိုရှိတိုင်း ပြည့်စုံ အောင် မရခဲ့၊ ဆွမ်းခံသွားသော ထိုငါ၏ ကိုယ်သည် ပင်ပန်း၏၊ အမှုကိစ္စပြုလုပ်ရန် မလျောက်ပတ်သေး၊ ယခု ငါသည် အိပ်ဦးမည်”ဟု စိတ်ဖြစ်၏။ ထိုရဟန်းသည် အိပ်၏၊ ဝီရိယကို အားမထုတ်။ပ။ ရဟန်းတို့ ဤသည်ကား ပဉ္စမ ပျင်းရိခြင်း၏အကြောင်းတည်း။

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် ရွာသို့လည်းကောင်း၊ နိဂုံးသို့လည်းကောင်း ဆွမ်းခံ သွားသည်ရှိသော် ကြမ်းသည်လည်းဖြစ်သော နုသည်လည်း ဖြစ်သော ဆွမ်းဘောဇဉ်ကို အလိုရှိတိုင်း ပြည့်စုံအောင် ရခဲ့၏၊ ထိုရဟန်းအား “ငါသည် ရွာသို့လည်းကောင်း၊ နိဂုံးသို့လည်းကောင်း ဆွမ်းခံသွား သည်ရှိသော် ကြမ်းသည်လည်း ဖြစ်သော နုသည်လည်း ဖြစ်သော ဆွမ်းဘောဇဉ်ကို အလိုရှိတိုင်း ပြည့်စုံ အောင် ရခဲ့၏၊ ထိုငါ၏ ကိုယ်သည် လေး၏၊ အမှုကိစ္စကို ပြုလုပ်ရန် မလျောက်ပတ်သေး၊ စိုစွတ်သော ပဲကဲ့သို့ လေး၏၊ ယခု ငါသည် အိပ်ဦးမည်”ဟု စိတ်ဖြစ်၏။ ထိုရဟန်းသည် အိပ်၏၊ ဝီရိယကို အားမထုတ်။ပ။ ရဟန်းတို့ ဤသည်ကား ဆဋ္ဌ ပျင်းရိခြင်း၏အကြောင်းတည်း။

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းအား အနည်းငယ်မျှသော အနာရောဂါသည် ဖြစ်၏၊ ထိုရဟန်းအား “ငါ့အား အနည်းငယ်မျှသော ဤအနာရောဂါသည် ဖြစ်၏၊ အိပ်ခြင်းငှါ လျောက်ပတ်၏၊ ယခု ငါသည် အိပ်ဦးမည်”ဟု စိတ်ဖြစ်၏။ ထိုရဟန်းသည် အိပ်၏၊ ဝီရိယကို အားမထုတ်။ပ။ ရဟန်းတို့ ဤသည်ကား သတ္တမ ပျင်းရိခြင်း၏အကြောင်းတည်း။

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် အနာရောဂါမှ ထမြောက်၏၊ အနာရောဂါမှ ထမြောက်၍ မကြာသေး၊ ထိုရဟန်းအား “ငါသည် အနာရောဂါမှ ထမြောက်၏၊ အနာရောဂါမှ ထမြောက်၍ မကြာသေး၊ ထိုငါ၏ ကိုယ်သည် အားမရှိ၊ အမှုကိစ္စပြုလုပ်ရန် မလျောက်ပတ်သေး၊ ယခု ငါ အိပ်ဦးမည်”ဟု စိတ်ဖြစ်၏။ ထိုရဟန်းသည် အိပ်၏၊ မရောက်ရသေးသည့် တရားသို့ ရောက်ရန် မရသေးသည့် တရားကို ရရန် မျက်မှောက် မပြုရသေးသည့် တရားကို မျက်မှောက်ပြုရန် ဝီရိယကို အားမထုတ်။ ရဟန်းတို့ ဤသည်ကား အဋ္ဌမ ပျင်းရိခြင်း၏အကြောင်းတည်း။

ရဟန်းတို့ ပျင်းရိခြင်း၏ အကြောင်းတို့သည် ဤရှစ်မျိုးတို့တည်း။

ရဟန်းတို့ အားထုတ်ခြင်း၏ အကြောင်းတို့သည် ဤရှစ်မျိုးတို့တည်း။

အဘယ်ရှစ်မျိုးတို့နည်းဟူမူ—ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် အမှုကိစ္စကို ပြုလုပ် ရမည် ဖြစ်၏၊ ထိုရဟန်းအား “ငါသည် အမှုကိစ္စကို ပြုလုပ်ရတော့မည်၊ အမှုကိစ္စကို ပြုလုပ်သော ငါသည် မြတ်စွာဘုရားတို့၏ အဆုံးအမကို နှလုံးသွင်းရန် မစွမ်းနိုင်၊ ယခု ငါသည် မရောက်ရသေးသော တရားသို့ ရောက်ရန် မရသေးသည့် တရားကို ရရန် မျက်မှောက်မပြုရသေးသည့် တရားကို မျက်မှောက် ပြုရန်စောစောကပင် ဝီရိယကို အားထုတ်ဦးမည်”ဟု စိတ်ဖြစ်၏။ ထိုရဟန်းသည် မရောက်ရသေးသော တရားသို့ ရောက်ရန် မရသေးသည့် တရားကို ရရန် မျက်မှောက်မပြုရသေးသည့် တရားကို မျက်မှောက် ပြုရန် ဝီရိယကို အားထုတ်၏၊ ရဟန်းတို့ ဤသည်ကား ပဌမ အားထုတ်ခြင်း၏အကြောင်းတည်း။

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် အမှုကိစ္စကို ပြုလုပ်ပြီးဖြစ်၏၊ ထိုရဟန်းအား “ငါသည် အမှုကိစ္စကို ပြုလုပ်ပြီးပြီ၊ အမှုကိစ္စကို ပြုလုပ်နေရစဉ် ငါသည် မြတ်စွာဘုရားတို့၏ အဆုံး အမကို နှလုံးသွင်းရန် မစွမ်းနိုင်၊ ယခု ငါသည် ဝီရိယကို အားထုတ်ဦးမည်”ဟု စိတ်ဖြစ်၏။ ထိုရဟန်း သည်။ပ။ ဝီရိယကို အားထုတ်၏ ရဟန်းတို့ ဤသည်ကား ဒုတိယ အားထုတ်ခြင်း၏အကြောင်းတည်း။

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် ခရီးသွားရမည် ဖြစ်၏၊ ထိုရဟန်းအား “ငါသည် ခရီးသွားရတော့မည်၊ ခရီးသွားသော ငါသည် မြတ်စွာဘုရားတို့၏ အဆုံးအမကို နှလုံးသွင်းရန် မလွယ်၊ ယခု ငါသည် ဝီရိယကို အားထုတ်ဦးမည်”ဟု စိတ်ဖြစ်၏။ပ။ ရဟန်းတို့ ဤသည်ကား တတိယ အားထုတ်ခြင်း၏အကြောင်းတည်း။

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် ခရီးသွားပြီး ဖြစ်၏၊ ထိုရဟန်းအား “ငါသည် ခရီးသွားပြီးပြီ၊ ခရီးသွားနေရစဉ် ငါသည် မြတ်စွာဘုရားတို့၏ အဆုံးအမကို နှလုံးသွင်းရန် မစွမ်းနိုင်၊ ယခု ငါသည် ဝီရိယကို အားထုတ်တော့မည်”ဟု စိတ်ဖြစ်၏။ပ။ ရဟန်းတို့ ဤသည်ကား စတုတ္ထ အားထုတ်ခြင်း၏အကြောင်းတည်း။

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် ရွာသို့လည်းကောင်း၊ နိဂုံးသို့လည်းကောင်း ဆွမ်းခံ သွားသည်ရှိသော် ကြမ်းသည်လည်းဖြစ်သော နုသည်လည်း ဖြစ်သော ဆွမ်းဘောဇဉ်ကို အလိုရှိတိုင်း ပြည့်စုံအောင် မရ၊ ထိုရဟန်းအား “ငါသည် ရွာသို့လည်းကောင်း၊ နိဂုံးသို့လည်းကောင်း ဆွမ်းခံသွား သည်ရှိသော် ကြမ်းသည်လည်းဖြစ်သော နုသည်လည်း ဖြစ်သော ဆွမ်းဘောဇဉ်ကို အလိုရှိတိုင်း ပြည့်စုံ အောင် မရ၊ ထိုငါ၏ ကိုယ်သည် ပေါ့ပါး၏၊ အမှုကိစ္စကို ပြုလုပ်ရန် လျောက်ပတ်၏၊ ယခု ငါသည် ဝီရိယကို အားထုတ်တော့မည်”ဟု စိတ်ဖြစ်၏။ပ။ ရဟန်းတို့ ဤသည်ကား ပဉ္စမ အားထုတ်ခြင်း၏ အကြောင်းတည်း။

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် ရွာသို့လည်းကောင်း၊ နိဂုံးသို့လည်းကောင်း ဆွမ်းခံ သွားသည် ရှိသော် ကြမ်းသည်လည်းဖြစ်သော နုသည်လည်း ဖြစ်သော ဆွမ်းဘောဇဉ်ကို အလိုရှိတိုင်းပြည့်စုံအောင် ရခဲ့၏၊ ထိုရဟန်းအား “ငါသည် ရွာသို့လည်းကောင်း၊ နိဂုံးသို့လည်းကောင်း ဆွမ်းခံသွား သည်ရှိသော် ကြမ်းသည်လည်း ဖြစ်သော နုသည်လည်း ဖြစ်သော ဆွမ်းဘောဇဉ်ကို အလိုရှိတိုင်း ပြည့်စုံ အောင် ရခဲ့၏၊ ထိုငါ၏ ကိုယ်သည် အားရှိ၏၊ အမှုကိစ္စကို ပြုလုပ်ရန် လျောက်ပတ်၏၊ ယခု ငါသည် ဝီရိယကို အားထုတ်တော့မည်”ဟု စိတ်ဖြစ်၏။ပ။ ရဟန်းတို့ ဤသည်ကား ဆဋ္ဌ အားထုတ်ခြင်း၏ အကြောင်းတည်း။

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းအား အနည်းငယ်မျှသော အနာရောဂါသည် ဖြစ်၏၊ ထိုရဟန်းအား “ငါ့အား အနည်းငယ်မျှသော အနာရောဂါသည် ဖြစ်၏၊ ငါ၏ အနာရောဂါသည် တိုးပွါး ရာသော အကြောင်းရှိ၏၊ ယခု ငါသည်စောစောကပင် ဝီရိယကို အားထုတ်တော့မည်”ဟု စိတ်ဖြစ်၏။ပ။ ရဟန်းတို့ ဤသည်ကား သတ္တမ အားထုတ်ခြင်း၏အကြောင်းတည်း။

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် အနာရောဂါမှ ထမြောက်၏၊ အနာရောဂါမှ ထမြောက်၍ မကြာသေး၊ ထိုရဟန်းအား “ငါသည် အနာရောဂါမှ ထမြောက်၏၊ အနာရောဂါမှ ထမြောက်၍ မကြာသေး၊ ငါ့အား အနာရောဂါသည် ဖြစ်ပြန်ရာသော အကြောင်းရှိ၏၊ ယခု ငါသည် မရောက်ရသေးသော တရားသို့ ရောက်ရန် မရသေးသည့် တရားကို ရရန် မျက်မှောက်မပြုရသေးသည့် တရားကို မျက်မှောက်ပြုရန်စောစောကပင် ဝီရိယကို အားထုတ်တော့မည်”ဟု စိတ်ဖြစ်၏၊ ထိုရဟန်းသည် မရောက်ရသေးသော တရားသို့ ရောက်ရန် မရသေးသည့် တရားကို ရရန် မျက်မှောက်မပြုရသေးသည့် တရားကို မျက်မှောက်ပြုရန် ဝီရိယကို အားထုတ်၏။ ရဟန်းတို့ ဤသည်ကား အဋ္ဌမအားထုတ်ခြင်း၏ အကြောင်းတည်း။

ရဟန်းတို့ အားထုတ်ခြင်း၏ အကြောင်းတို့သည် ဤရှစ်မျိုးတို့တည်းဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

သုံးခုမြောက် ယကမဝဂ် ပြီး၏။