သံယုတ္တနိကာယ်—၄၇
၂—နာလန္ဒဝဂ်
၁—မဟာပုရိသသုတ်
၃၇၇။ သာဝတ္ထိနိဒါန်း။ ထိုအခါ အသျှင်သာရိပုတြာသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကိုလျှောက်၏ — “အသျှင်ဘုရား ‘ယောကျာ်းမြတ် ယောကျာ်းမြတ်’ဟု ဆိုပါ၏၊ အသျှင်ဘုရားအဘယ်မျှဖြင့် ယောကျာ်း မြတ် ဖြစ်ပါသနည်း”ဟု (လျှောက်၏)။
သာရိပုတြာ (အာသဝတို့မှ) လွတ်မြောက်သော စိတ်ရှိသောကြောင့်သာ “ယောကျာ်းမြတ်”ဟု ငါ ဆို၏၊ (အာသဝတို့မှ) လွတ်မြောက်သော စိတ်မရှိမူ “ယောကျာ်းမြတ်”ဟု ငါ မဆိုဟု (မိန့်တော်မူ၏)။
သာရိပုတြာ အဘယ်သို့လျှင် (အာသဝတို့မှ) လွတ်မြောက်သော စိတ်ရှိသနည်း။ သာရိပုတြာ ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’အောက်မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် ရုပ်အပေါင်း၌ရုပ် အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏၊ ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ်ရှုလေ့ရှိ သည် ဖြစ်၍ နေသော ထိုရဟန်းအား စိတ်သည် တပ်မက်မှု ကင်း၏၊ (တဏှာဒိဋ္ဌိတို့ဖြင့်) တစ်စုံတစ်ခု သောအာရုံကို မစွဲလမ်းမူ၍ အာသဝေါတို့မှ လွတ်မြောက်၏။ ဝေဒနာတို့၌။ပ။ စိတ်၌။ပ။
ပြင်းစွာ အား ထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိသည်ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် သဘောတရားတို့၌ သဘောတရားတို့ကိုအကြိမ်ကြိမ် ရှုလေ့ရှိ သည် ဖြစ်၍ နေ၏၊ သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ့်ရှုလေ့ရှိသည် ဖြစ်၍ နေသော ရဟန်း၏ စိတ်သည် တပ်မက်မှု ကင်း၏၊ (တဏှာဒိဋ္ဌိတို့ဖြင့်) တစ်စုံတစ်ခုသောအာရုံကို မစွဲလမ်းမူ၍ အာသဝေါတို့မှ လွတ်မြောက်၏။ သာရိပုတြာ ဤသို့လျှင်လွတ်မြောက်သော စိတ်ရှိ၏။
သာရိပုတြာ (အာသဝတို့မှ) လွတ်မြောက်သော စိတ်ရှိသောကြောင့်သာ “ယောကျာ်းမြတ်”ဟု ငါဆို၏၊ (အာသဝတို့မှ) လွတ်မြောက်သော စိတ်မရှိမူ “ယောကျာ်းမြတ်”ဟု ငါ မဆိုဟု (မိန့်တော်မူ၏)။
ပဌမသုတ်။