သုတ္တနိပါတ်ပါဠိတော်

၁-ဥရဂသုတ်

၁။ (တစ်ကိုယ်လုံး) ပျံ့နှံ့၍ တည်သော မြွေဆိပ်ကို ဆေးတို့ဖြင့် ပယ်ဖျောက်သကဲ့သို့ အကြင်ရဟန်းသည် ဖြစ်ပေါ်လာသော အမျက်ဒေါသကို ပယ်ဖျောက်၏။ မြွေသည် ဆွေးမြေ့သော အရေဟောင်းကို စွန့်လွှတ်သကဲ့သို့ ထိုရဟန်းသည် သံသရာတည်းဟူသော သမုဒ္ဒရာ၏ဤမှာဘက်ကမ်းကို စွန့်လွှတ်၏။

၂။ (သူငယ်တို့သည်) ရေအိုင်သို့ ဆင်း၍ ရေအိုင်၌ ပေါက်သော ပဒုမ္မာကြာပန်းကို ချိုးဖြတ်ဖျက်ဆီးကုန်သကဲ့သို့ အကြင်ရဟန်းသည် ရာဂကို အကြွင်းမဲ့ ချိုးဖြတ် ဖျက်ဆီး၏။ မြွေသည်ဆွေးမြေ့သော အရေဟောင်းကို စွန့်လွှတ်သကဲ့သို့ ထိုရဟန်းသည် သံသရာတည်းဟူသော သမုဒ္ဒရာ၏ဤမှာဘက်ကမ်းကို စွန့်လွှတ်၏။

၃။ အကြင်ရဟန်းသည် ကျင်လည်စေတတ်သော လျင်စွာပြေးသွားတတ်သောတဏှာကို ့ခန်းခြောက်စေလျက် အကြွင်းမဲ့ ချိုးဖြတ် ဖျက်ဆီး၏။ မြွေသည် ဆွေး မြေ့သော အရေဟောင်းကို စွန့်လွှတ်သကဲ့သို့ ထိုရဟန်းသည် သံသရာတည်းဟူသော သမုဒ္ဒရာ၏ ဤမှာဘက်ကမ်းကို စွန့်လွှတ်၏။

၄။ ကြီးစွာသော ရေအလျဉ်သည် အလွန်အားနည်းသော ကျူရိုးတံတားကို တိုက်ဖျက်သွားသကဲ့သို့ အကြင်ရဟန်းသည် မာနကို အကြွင်းမဲ့ သတ်ဖြတ်၏။ မြွေသည် ဆွေးမြေ့သော အရေဟောင်းကို စွန့်လွှတ်သကဲ့သို့ ထိုရဟန်းသည် သံသရာတည်းဟူသော သမုဒ္ဒရာ၏ ဤမှာဘက်ကမ်းကို စွန့်လွှတ်၏။

၅။ ရေသဖန်းပင်တို့၌ အပွင့်ကို စူးစမ်းရှာဖွေသည်ရှိသော် မရနိုင်သကဲ့သို့ အကြင်ရဟန်းသည် ဘဝတို့၌ ပညာဖြင့် စူးစမ်းရှာဖွေသည်ရှိသော် အနှစ် 'သာရ'ကို မရနိုင်၊ မြွေသည် ဆွေးမြေ့သော အရေဟောင်းကို စွန့်လွှတ်သကဲ့သို့ ထိုရဟန်းသည် သံသရာတည်းဟူသော သမုဒ္ဒရာ၏ ဤမှာဘက်ကမ်းကို စွန့်လွှတ်၏။

၆။ အကြင်ရဟန်း၏ စိတ်၌ အမျက်ဒေါသတို့ မရှိကုန်၊ ပြည့်စုံမှု ပျက်စီးမှု တိုးပွါးမှု ဆုတ်ယုတ်မှုခိုင်မြဲမှု ပြတ်စဲမှု ကောင်းမှု မကောင်းမှုကိုလည်း မဂ် လေးပါးတို့ဖြင့် လွန်မြောက်ခဲ့၏။ မြွေသည်ဆွေးမြေ့သော အရေဟောင်းကို စွန့် လွှတ်သကဲ့သို့ ထိုရဟန်းသည် သံသရာတည်းဟူသော သမုဒ္ဒရာ၏ဤမှာဘက်ကမ်းကို စွန့်လွှတ်၏။

၇။ အကြင်ရဟန်းသည် မိမိခန္ဓာအစဉ်၌ ကာမဝိတက်စသည်တို့ကို (အောက် မဂ်သုံးပါးတို့ဖြင့်) ရှို့မြှိုက်လောင်ကျွမ်းစေပြီးလျှင် (အရဟတ္တမဂ်ဖြင့်) အကြွင်းမဲ့ ကောင်းစွာ ဖြတ်အပ်ကုန်ပြီ၊ မြွေသည်ဆွေးမြေ့သော အရေဟောင်းကို စွန့်လွှတ်သကဲ့သို့ ထိုရဟန်းသည် သံသရာတည်းဟူသော သမုဒ္ဒရာ၏ဤမှာဘက်ကမ်းကို စွန့်လွှတ်၏။

၈။ အကြင်ရဟန်းသည် လွန်၍လည်း မပြေးသွား နောက်သို့လည်း မတွန့် ဆုတ်၊ ဤ (တဏှာမာနဒိဋ္ဌိ) ပပဉ္စတရားအားလုံးကို လွန်မြောက်ခဲ့၏။ မြွေသည် ဆွေးမြေ့သော အရေဟောင်းကို စွန့်လွှတ်သကဲ့သို့ ထိုရဟန်းသည် သံသရာတည်းဟူသော သမုဒ္ဒရာ၏ ဤမှာဘက်ကမ်းကို စွန့်လွှတ်၏။

၉။ အကြင်ရဟန်းသည် လွန်၍လည်း မပြေးသွား နောက်သို့လည်း မတွန့် ဆုတ်၊ ထိုရဟန်းသည် လောက၌ ဤသင်္ခတတရားဟူသမျှအားလုံးသည် ဗာလ ပုထုဇဉ်တို့ ထင်မှတ်သည့် နိစ္စသုခစသည်မှ ကင်း၏ဟု သိသောကြောင့် မြွေသည် ဆွေးမြေ့သော အရေဟောင်းကို စွန့်လွှတ်သကဲ့သို့ ထိုရဟန်းသည် သံသရာတည်းဟူသော သမုဒ္ဒရာ၏ ဤမှာဘက်ကမ်းကို စွန့်လွှတ်၏။

၁ဝ။ အကြင်ရဟန်းသည် လွန်၍လည်း မပြေးသွား နောက်သို့လည်း မတွန့် ဆုတ်၊ ထိုရဟန်းသည် ဤသင်္ခတတရားဟူသမျှအားလုံးသည် ဗာလပုထုဇဉ်တို့ ထင်မှတ်သည့် နိစ္စသုခစသည်မှ ကင်း၏ဟု သိသောကြောင့် လောဘကင်းသည်ဖြစ်၍ မြွေသည် ဆွေးမြေ့သော အရေဟောင်းကို စွန့်လွှတ်သကဲ့သို့ သံသရာတည်းဟူသော သမုဒ္ဒရာ၏ ဤမှာဘက်ကမ်းကို စွန့်လွှတ်၏။

၁၁။ အကြင်ရဟန်းသည် လွန်၍လည်း မပြေးသွား နောက်သို့လည်း မတွန့် ဆုတ်၊ ထိုရဟန်းသည် ဤသင်္ခတတရားဟူသမျှအားလုံးသည် ဗာလပုထုဇဉ်တို့ ထင်မှတ်သည့် နိစ္စသုခစသည်မှ ကင်း၏ဟု သိသောကြောင့် ရာဂကင်းသည်ဖြစ်၍ မြွေသည် ဆွေးမြေ့သော အရေဟောင်းကို စွန့်လွှတ်သကဲ့သို့ သံသရာတည်းဟူသော သမုဒ္ဒရာ၏ ဤမှာ ဘက်ကမ်းကို စွန့်လွှတ်၏။

၁၂။ အကြင်ရဟန်းသည် လွန်၍လည်း မပြေးသွား နောက်သို့လည်း မတွန့် ဆုတ်၊ ထိုရဟန်းသည် သင်္ခတတရားဟူသမျှအားလုံးသည် ဗာလပုထုဇဉ်တို့ ထင်မှတ်သည့် နိစ္စသုခစသည်မှ ကင်း၏ဟု သိသောကြောင့် ဒေါသကင်းသည်ဖြစ်၍ မြွေသည် ဆွေးမြေ့သော အရေဟောင်းကို စွန့်လွှတ်သကဲ့သို့ သံသရာတည်းဟူသော သမုဒ္ဒရာ၏ ဤမှာဘက်ကမ်းကို စွန့်လွှတ်၏။

၁၃။ အကြင်ရဟန်းသည် လွန်၍လည်း မပြေးသွား နောက်သို့လည်း မတွန့် ဆုတ်၊ ထိုရဟန်းသည် ဤသင်္ခတတရားဟူသမျှအားလုံးသည် ဗာလပုထုဇဉ်တို့ ထင်မှတ်သည့် နိစ္စသုခစသည်မှ ကင်း၏ဟု သိသောကြောင့် မောဟကင်းသည်ဖြစ်၍ မြွေသည် ဆွေးမြေ့သော အရေဟောင်းကို စွန့်လွှတ်သကဲ့သို့ ့သံသရာတည်းဟူသော သမုဒ္ဒရာ၏ ဤမှာဘက်ကမ်းကို စွန့်လွှတ်၏။

၁၄။ အကြင်ရဟန်းအား တစ်စုံတစ်ခုသော အနုသယတို့ မရှိကုန်၊ အကုသိုလ် မူလတို့ကိုလည်းအကြွင်းမဲ့ ပယ်နုတ်အပ်ကုန်၏။ မြွေသည် ဆွေးမြေ့သော အရေ ဟောင်းကို စွန့်လွှတ်သကဲ့သို့ ထိုရဟန်းသည် သံသရာတည်းဟူသော သမုဒ္ဒရာ၏ ဤမှာဘက်ကမ်းကို စွန့်လွှတ်၏။

၁၅။ အကြင်ရဟန်းအား ခန္ဓာကိုယ် (သက္ကာယ) ဖြစ်ခြင်း၏ အကြောင်းဖြစ်ကုန်သောတစ်စုံတစ်ခုသော ပူပန်စေတတ်သော ကိလေသာတို့ မရှိကုန်၊ မြွေသည် ဆွေးမြေ့သော အရေဟောင်းကို စွန့်လွှတ်သကဲ့သို့ ထိုရဟန်းသည် သံသရာတည်းဟူသော သမုဒ္ဒရာ၏ ဤမှာဘက်ကမ်းကို စွန့်လွှတ်၏။

၁၆။ အကြင်ရဟန်းအား ဘဝ၌ မြဲစွာ ဖွဲ့ခြင်း၏ အကြောင်းဖြစ်ကုန်သောတစ်စုံ တစ်ခုသော ကိလေသာ (တဏှာ)တို့ မရှိကုန်၊ မြွေသည် ဆွေးမြေ့သော အရေ ဟောင်းကို စွန့်လွှတ်သကဲ့သို့ ထိုရဟန်းသည် သံသရာတည်းဟူသော သမုဒ္ဒရာ၏ ဤမှာဘက်ကမ်းကို စွန့်လွှတ်၏။

၁၇။ အကြင်ရဟန်းသည် နီဝရဏငါးပါးတို့ကို ပယ်စွန့်နိုင်သောကြောင့် ဆင်းရဲ မရှိ၊သို့လောသို့လောတွေးတောယုံမှားမှုကို လွန်မြောက်၏။ ရာဂစသော ငြောင့် တံသင်းမှ ကင်း၏။ မြွေသည် ဆွေးမြေ့သော အရေဟောင်းကို စွန့်လွှတ်သကဲ့သို့ ထိုရဟန်းသည် သံသရာတည်းဟူသော သမုဒ္ဒရာ၏ဤမှာဘက်ကမ်းကို စွန့်လွှတ်၏။

ရှေးဦးစွာသော ဥရဂသုတ် ပြီး၏။