သုတ္တနိပါတ်ပါဠိတော်
၂-ဓနိယသုတ်
၁၈။ (ကိုယ်ပိုင်နွားတို့ကို ထိန်းကျောင်းသူ နွားကျောင်းသား ဓနိယသည် ဤသို့ ဆို၏) -
ငါသည် ထမင်းချက်ပြီးသူ နွားနို့ညှစ်ယူပြီးသူ ဖြစ်၏။ မဟီမြစ်၏ ကမ်းနား၌ အခြံအရံနှင့်တကွနေသူဖြစ်၏။ (ငါ၏) အိမ်ကိုလည်း မိုးပြီးလေပြီ၊ မီးကိုလည်း ထွန်းညှိပြီးလေပြီ၊ မိုးနတ်မင်း သင်သည်ရွာသွန်းလိုပါမူ ရွာသွန်းလိုက်ပါလော့။ (၁)
၁၉။ (မြတ်စွာဘုရားက ဤသို့ မိန့်ဆို၏) -
ငါသည် အမျက်မထွက်သူ စိတ်၌ စူးဝင်တတ်သော ငြောင့်တံသင်း ကင်းပြီးသူ ဖြစ်၏။ မဟီမြစ်၏ကမ်းနား၌ တစ်ညဉ့်သာ နေသူဖြစ်၏။ ငါ၏ (ခန္ဓာ) အိမ်ကို (ကိလေသာ) အမိုး ဖွင့်လှစ်ထားပြီ၊ မီး (တစ်ဆယ့်တစ်ပါး) ငြိမ်းအေးလေပြီ၊ (ကိလေသာဟူသော) မိုးနတ်မင်း သင်သည် ရွာသွန်းလိုမူရွာသွန်းလိုက်ပါလော့။ (၂)
၂ဝ။ (နွားကျောင်းသား ဓနိယက ဤသို့ ဆို၏) -
(ဤအရပ်၌)မှက် ခြင် မရှိကုန်၊ မြက်တို့ပေါက်ရာ မြစ်ဝှမ်း၌ နွားတို့ ကျက် စားကုန်၏။ ထိုနွားတို့သည် ရွာချလာသော မိုးကြီးကိုလည်း ခံနိုင်ရည်ရှိကြကုန်၏။ မိုးနတ်မင်း သင်သည် ရွာသွန်းလိုမူရွာသွန်းလိုက်ပါလော့။ (၃)
၂၁။ (မြတ်စွာဘုရားက ဤသို့ မိန့်ဆို၏) -
ငါဘုရားသည် (အရိယမဂ်တည်းဟူသော) ဖောင်ကို (ဉာဏ်ဖြင့်) ဖွဲ့ထားပြီး ကောင်စွာ စီရင်ထားပြီးဖြစ်ခဲ့၏။ (ငါသည်) သြဃလေးပါးဟူသော ရေအလျဉ်ကို တွန်းလှန်ပယ် ဖျောက်ကူးမြောက်ပြီးလျှင် နိဗ္ဗာန်ဟူသော ကမ်းတစ်ဘက်သို့ ရောက်ပြီးဖြစ်ရကား (ငါ့အား) ဖောင်ဖြင့် အကျိုးမရှိတော့ပေ၊ (ကိလေသာဟူသော) မိုးနတ်မင်း သင်သည် ရွာသွန်းလိုမူ ရွာသွန်းလိုက်ပါလော့။ (၄)
၂၂။ (နွားကျောင်းသား ဓနိယက ဤသို့ ဆို၏) -
(ငါ၏ အိမ်ရှင်မ) ဂေါပီသည် လင့်အလိုသို့ လိုက်တတ်၏။ လော်လည်မှု မရှိ၊ ကာလရှည်စွာကပေါင်းသင်းခဲ့သော မယားဖြစ်ခဲ့၏။ ငါ့ကို မြတ်နိုး၏။ ထိုမယား၏ အပြစ်တစ်စုံတစ်ရာကိုမျှ့ငါမကြားစဖူး၊ မိုးနတ်မင်း သင်သည် ရွာသွန်းလိုမူ ရွာသွန်းလိုက်ပါလော့။ (၅)
၂၃။ (မြတ်စွာဘုရားက ဤသို့ မိန့်ဆို၏) -
ငါ၏ စိတ်သည် (ငါ့) အလိုသို့ လိုက်၏။ ကိလေသာအနှောင်အဖွဲ့မှ လွတ်၏။ ကာလရှည်ကြာစွာထက်ဝန်းကျင် ပွါးစေအပ်ပြီးသည်ဖြစ်၍ ကောင်းစွာ ယဉ်ကျေး ပြီးဖြစ်ရကား ငါ့အား မကောင်းမှုမရှိတော့ချေ၊ (ကိလေသာဟူသော) မိုးနတ်မင်း သင်သည် ရွာသွန်းလိုမူ ရွာသွန်းလိုက်ပါလော့။ (၆)
၂၄။ (နွားကျောင်းသား ဓနိယက ဤသို့ ဆို၏) -
ငါသည်ကိုယ်ပိုင်အလုပ်ဖြင့်သာ အသက်မွေးမြူ၏။ ငါ၏သားသမီးတို့သည်လည်း ငါနှင့်အတူတကွနေထိုင်ကြကုန်၏။ အနာရောဂါမရှိကြကုန်၊ ထိုသားသမီးတို့၏ အပြစ်တစ်စုံတစ်ရာကိုမျှ ငါမကြားစဖူး၊ (မိုးနတ်မင်း) အကယ်၍ ရွာသွန်း လိုမူ ရွာသွန်းလိုက်ပါလော့။ (၇)
၂၅။ (မြတ်စွာဘုရားက ဤသို့ မိန့်ဆို၏) -
ငါသည် တစ်စုံတစ်ယောက်သောသူ၏ အခစားမဟုတ်၊ လောကအားလုံး၌ သဗ္ဗညုတဉာဏ်လောကုတ္တရာ သမာဓိချမ်းသာဖြင့် လှည့်လည်နိုင်သူဖြစ်၍ အဖိုးအခဖြင့် ငါ့အား အကျိုးမရှိတော့ပေ၊ (ကိလေသာဟူသော) မိုးနတ်မင်း အကယ်၍ ရွာ သွန်းလိုမူ ရွာသွန်းလိုက်ပါလော့။ (၈)
၂၆။ (နွားကျောင်းသား ဓနိယက ဤသို့ ဆို၏) -
ဤအရပ်၌ ငါ့အား မသင်းမကွပ်ရသေးသော နွားပေါက်တို့လည်း ရှိကုန်၏။ နို့စို့နွားငယ်တို့လည်းရှိကုန်၏။ ကိုယ်ဝန်ဆောင် နွားမတို့လည်း ရှိကုန်၏။ အရွယ်ရောက် နွားမတို့လည်း ရှိကုန်၏။ နွားတို့၏အကြီးဖြစ်သော နွားလား (ဥသဘ) လည်း ရှိ၏။ မိုးနတ်မင်း အကယ်၍ ရွာသွန်းလိုမူရွာသွန်းလိုက်ပါလော့။ (၉)
၂၇။ (မြတ်စွာဘုရားက ဤသို့ မိန့်ဆို၏) -
ဤသာသနာတော်၌ ငါဘုရားအား မသင်းမကွပ်ရသေးသော နွားပေါက် (ပရိယုဋ္ဌာနကိလေသာ)တို့သည်လည်း မရှိကုန်၊ နို့စို့နွားငယ် (အနုသယကိလေသာ)တို့သည်လည်း မရှိကုန်၊ ကိုယ်ဝန်ဆောင်နွားမ (ပုညာဘိသင်္ခါရ) စသည်တို့သည်လည်းကောင်း အရွယ်ရောက်နွားမ (တဏှာ)တို့သည်လည်းကောင်း မရှိကုန်၊ နွားတို့၏ အကြီးဖြစ်သော နွားလားဥသဘ (အဘိသင်္ခါရဝိညာဉ်)သည်လည်း မရှိ၊ (ကိလေသာဟူသော) မိုးနတ်မင်း အကယ်၍ရွာသွန်းလိုမူ ရွာသွန်းလိုက်ပါလော့။ (၁ဝ)
၂၈။ (နွားကျောင်းသား ဓနိယက ဤသို့ ဆို၏) -
နွားချည်တိုင်တို့ကို မတုန်လှုပ်စေကုန်မူ၍ မြဲစွာစိုက်ထားအပ်ကုန်ပြီ၊ ဖြူဆန်မြက်ဖြင့် ပြုအပ်ကုန်သော ကြိုးအသစ်တို့ကို ကောင်းစွာ ကျစ်ထားကုန်ပြီ၊ (ထိုကြိုးတို့ကို) နွားငယ်တို့သည်လည်း ဖြတ်ခြင်းငှါမတတ်နိုင်ကုန်၊ မိုးနတ်မင်း အကယ်၍ ရွာသွန်းလိုမူ ရွာသွန်းလိုက်ပါလော့။ (၁၁)
၂၉။ (မြတ်စွာဘုရားက ဤသို့ မိန့်ဆို၏) -
နွားလားဥသဘသည် ကြိုးအနှောင်အဖွဲ့တို့ကို ဖြတ်၍ တည်သကဲ့သို့ ငါသည် အထက်ပိုင်းသံယောဇဉ်အနှောင်အဖွဲ့တို့ကို ဖြတ်သောကြောင့်လည်းကောင်း၊ ဆင် ပြောင်ကြီးသည်ဆင်တုံးမနွယ်ကြိုးကို ချိုးဖြတ်၍ တည်သကဲ့သို့ ငါသည် အောက် ပိုင်းသံယောဇဉ်အနှောင်အဖွဲ့တို့ကို ဖြတ်သောကြောင့်လည်းကောင်း အမိဝမ်းတိုက်၌ ကိန်းနေခြင်းသို့ တစ်ဖန်ကပ်ရောက်တော့မည်မဟုတ်၊ (ကိလေသာဟူသော) မိုးနတ် မင်း အကယ်၍ ရွာသွန်းလိုမူ ရွာသွန်းလိုက်ပါလော့။ (၁၂)
၃ဝ။ ထိုခဏ၌ပင် မိုးကြီးသည် ချိုင့်ဝှမ်းရာအရပ်ကိုလည်းကောင်း၊ ကုန်းအရပ်ကိုလည်းကောင်းပြည့်စေလျက် ရွာသွန်း၏။ ဓနိယသည် ရွာသွန်းသော မိုးသံကို ကြား၍ ဤအနက်သဘောကို ဆိုလေ၏။ (၁၃)
၃၁။ မြတ်စွာဘုရားကို ဖူးမြော်ကြရသော ငါတို့အား များစွာသော ကျေးဇူးတို့ကို ရကြပေကုန်စွ၊ စက္ခုငါးပါးရှိတော်မူသော မြတ်စွာဘုရား အသျှင်ဘုရားကို ကိုး ကွယ်ရာဟူ၍ ဆည်းကပ်ပါကုန်၏။ မုနိတို့၏ အကြီးဖြစ်တော်မူသော မြတ်စွာဘုရား အသျှင်ဘုရားသည် အကျွန်ုပ်တို့၏ဆရာဖြစ်တော်မူပါလော့။ (၁၄)
၃၂။ တပည့်တော်သည်လည်းကောင်း၊ အလိုသို့ လိုက်တတ်သော အိမ်ရှင်မ ဂေါပီသည်လည်းကောင်းမြတ်စွာဘုရားထံ၌ အကျင့်မြတ်ကို ကျင့်လိုပါကုန်၏။ ပဋိသန္ဓေ နေခြင်း သေခြင်း၏တစ်ဖက်ကမ်း (နိဗ္ဗာန်သို့) ရောက်ကြသူ ဝဋ်ဆင်းရဲ၏အဆုံးကို ပြုကြသူတို့ ဖြစ်လိုပါကုန်၏။ (ဤအနက်သဘောကို လျှောက်ဆို၏)။ (၁၅)
၃၃။ (ထိုအခါ ယုတ်မာသော မာရ်နတ်သည် ဤသို့ ဆို၏) -
သားသမီးရှိသူသည်သားသမီးတို့ဖြင့် နှစ်သက်ရ၏။ နွားရှိသူသည် နွားတို့ဖြင့် နှစ်သက်ရ၏။မှန်၏-ဥပဓိတို့သည် လူကို နှစ်သက်စေကုန်၏။ ဥပဓိမရှိသူသည် မနှစ်သက်ရပေ။ (၁၆)
၃၄။ (မြတ်စွာဘုရားက ဤသို့ မိန့်ဆို၏) -
သားသမီးရှိသူသည်သားသမီးတို့ဖြင့် စိုးရိမ်ရ၏။ နွားရှိသူသည် နွားတို့ဖြင့် စိုးရိမ်ရ၏။မှန်၏-ဥပဓိတို့သည် လူတို့ကို စိုးရိမ်စေကုန်၏။ ဥပဓိမရှိသူသည် မစိုးရိမ်ရ။ (၁၇)
နှစ်ခုမြောက် ဓနိယသုတ် ပြီး၏။