မဇ္ဈိမနိကာယ်
၁—အနုပဒသုတ်
၉၃။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန် ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့”ဟု မိန့်တော်မူ၏။ “အသျှင်ဘုရား”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏—
ရဟန်းတို့ သာရိပုတြာသည် (အကြောင်းဟုတ် မဟုတ်ကို) သိသော ပညာရှိ၏၊ ရဟန်းတို့ သာရိပုတြာသည် မြတ်သော ပညာရှိ၏၊ ရဟန်းတို့ သာရိပုတြာသည် မြေကြီးကဲ့သို့ ကြီးသော ပညာရှိ၏၊ ရဟန်းတို့ သာရိပုတြာသည် ရွှင်သော ပညာရှိ၏၊ ရဟန်းတို့ သာရိပုတြာသည် လျင်မြန်သော ပညာရှိ၏၊ ရဟန်းတို့ သာရိပုတြာသည် ထက်မြက်သော ပညာရှိ၏၊ ရဟန်းတို့ သာရိပုတြာသည် ကိလေသာကို ဖောက်ခွဲနိုင်သော ပညာရှိ၏၊ ရဟန်းတို့ သာရိပုတြာသည် လခွဲမျှဖြင့် အစဉ်အတိုင်းဖြစ်သော ရှုဖွယ် သဘောတရားကို ရှု၏။ ရဟန်းတို့ ထိုအစဉ်အတိုင်းဖြစ်သော ရှုဖွယ်သဘောတရားတို့ကို ရှုခြင်း၌ ဤ ဆိုလတ္တံ့သည်ကား သာရိပုတြာ၏ ရှုခြင်းတည်း။
၉၄။ ရဟန်းတို့ သာရိပုတြာသည် ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင် ကြံစည်ခြင်း ‘ဝိတက်’ နှင့်တကွဖြစ်သော သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’ နှင့် တကွ ဖြစ်သော နီဝရဏကင်းဆိတ်ခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ပဌမ ဈာန်သို့ ရောက်၍ နေ၏။ ပဌမဈာန်သမာပတ်အတွင်း၌ ကြံစည်ခြင်း ‘ဝိတက်’၊ သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’၊ နှစ်သိမ့်ခြင်း’ပီတိ’၊ ချမ်းသာခြင်း ‘သုခ’၊ စိတ်တည်ကြည်ခြင်း ‘ဧကဂ္ဂတာ’၊ တွေ့ထိခြင်း ‘ဖဿ’၊ ခံစားခြင်း ‘ဝေဒနာ’၊ မှတ်သားခြင်း ‘သညာ’၊ တိုက်တွန်းခြင်း ‘စေတနာ’၊ အာရုံကို သိခြင်း ‘စိတ်’၊ ပြုလိုခြင်း ‘ဆန္ဒ’၊ အာရုံကိုဆုံးဖြတ်ခြင်း ‘အဓိမောက္ခ’၊ လုံ့လပြုခြင်း ‘ဝီရိယ’၊ အောက်မေ့ခြင်း ‘သတိ’၊ လျစ်လျူ ရှုခြင်း ‘ဥပေက္ခာ’နှင့် နှလုံးသွင်းခြင်း ‘မနသိကာရ’၊ ထိုသဘောတရားတို့ကို သာရိပုတြာသည် အစဉ်အတိုင်း ပိုင်းခြား၍ သိ၏၊ ထိုသဘောတရားတို့သည် ထိုသာရိပုတြာမှာ ထင်ထင်ရှားရှား ဖြစ်ကုန်၏၊ ထင်ထင်ရှား ရှား တည်ကုန်၏၊ ထင်ထင်ရှားရှား ချုပ်ကုန်၏၊ “ဤသဘောတရားတို့သည့်ရှေးက ထင်ရှား မရှိဘဲ အသစ်ဖြစ်ပေါ်လာကုန်၏။ ဖြစ်ပြီးလျှင် ချက်ချင်း ချုပ်ပျက်ကုန်၏”ဟု သာရိပုတြာ သည် ဤသို့ သိ၏။ ထိုသာရိပုတြာသည် ထိုသဘောတရားတို့၌ (ရာဂဖြင့် ) ကပ်ရောက်ခြင်း မရှိ၊ (ဒေါသဖြင့်) ဖဲခွါခြင်း မရှိ၊ (တဏှာဒိဋ္ဌိဖြင့် ) မမှီ၊ (ဆန္ဒရာဂဖြင့် ) မဖွဲ့၊ (ကာမရာဂမှ ) လွတ်၏၊ (ဆန့်ကျင်ဘက်တရားတို့နှင့်)မယှဉ်၊ ပြုအပ်သောအပိုင်းအခြားမရှိသော စိတ်ဖြင့် နေ၏၊ ထိုသာရိပုတြာ သည် “ထို့ထက်အလွန် ထွက်မြောက်ရာ သည်ရှိ၏”ဟု သိ၏။ ထိုသိခြင်းကို အထပ်ထပ် ပြုခြင်းကြောင့် ထိုသာရိပုတြာအား ထို့ထက်အလွန် ထွက်မြောက်ရာရှိသည်သာတည်းဟု မြဲစွာဖြစ်၏။ (၁)
ရဟန်းတို့ တစ်ဖန်လည်း သာရိပုတြာသည် ကြံစည်ခြင်း ‘ဝိတက်’ သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’ ငြိမ်းခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကို ကြည်လင်စေတတ်သော စိတ်တည်ကြည်ခြင်း ‘သမာဓိ’ ကို ဖြစ်ပွါး စေတတ်သော ကြံစည်ခြင်း ‘ဝိတက်’မရှိသော သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’မရှိသော တည်ကြည်ခြင်း ‘သမာဓိ’ကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ရှိသော ဒုတိယဈာန်သို့ ရောက်၍ နေ၏။ ဒုတိယဈာန်သမာပတ်အတွင်း၌ မိမိသန္တာန်၌ စိတ်ကို ကြည်လင်စေတတ်သော ‘သဒ္ဓါ’၊ နှစ်သိမ့်ခြင်း ‘ပီတိ’၊ ချမ်းသာခြင်း ‘သုခ’၊ စိတ်တည်ကြည်ခြင်း ‘ဧကဂ္ဂတာ’၊ တွေ့ထိခြင်း’ဖဿ’၊ ခံစားခြင်း’ဝေဒနာ’၊ မှတ်သား ခြင်း ‘သညာ’၊ တိုက်တွန်းခြင်း’စေတနာ’၊ အာရုံကို သိခြင်း ‘စိတ်’၊ ပြုလိုခြင်း ‘ဆန္ဒ’၊ အာရုံကိုဆုံးဖြတ် ခြင်း ‘အဓိမောက္ခ’၊ လုံ့လပြုခြင်း ‘ဝီရိယ’၊ အောက်မေ့ခြင်း ‘သတိ’၊ လျစ်လျူ ရှုခြင်း ‘ဥပေက္ခာ’နှင့် နှလုံး သွင်းခြင်း ‘မနသိကာရ’၊ ထိုသဘောတရားတို့ကို သာရိပုတြာသည် အစဉ်အတိုင်း ပိုင်းခြား၍ သိ၏၊ ထို သာရိပုတြာအား ထင်ထင်ရှားရှား ဖြစ်ကုန်၏၊ ထင်ထင်ရှားရှား တည်ကုန်၏၊ ထင်ထင်ရှားရှား ချုပ်ကုန်၏၊ “ဤသဘောတရားတို့သည် ရှေးက ထင်ရှားမရှိဘဲ အသစ်ဖြစ်ပေါ်လာကုန်၏၊ ဖြစ်ပြီးလျှင် ချက်ချင်း ချုပ်ပျက်ကုန်၏”ဟု သာရိပုတြာသည် သိ၏။ ထိုသာရိပုတြာသည် ထိုတရားတို့၌ (ရာဂဖြင့် ) ကပ်ရောက် ခြင်း မရှိ၊ (ဒေါသဖြင့်) ဖဲခွါခြင်း မရှိ၊ (တဏှာဒိဋ္ဌိဖြင့် ) မမှီ၊ (ဆန္ဒရာဂဖြင့် ) မဖွဲ့၊ (ကာမရာဂမှ ) လွတ်၏၊ (ဆန့်ကျင်ဘက်တရားတို့နှင့်) မယှဉ်၊ ပြုအပ်သောအပိုင်းအခြားမရှိသော စိတ်ဖြင့် နေ၏၊ ထို သာရိပုတြာသည် “ထို့ထက်အလွန် ထွက်မြောက်ရာသည် ရှိ၏”ဟု သိ၏။ ထိုသိခြင်းကို အထပ်ထပ် ပြုခြင်းကြောင့် ထိုသာရိပုတြာအား ထို့ထက်အလွန် ထွက်မြောက်ရာ ရှိသည်သာတည်းဟု မြဲစွာဖြစ်၏။ (၂)
ရဟန်းတို့ တစ်ဖန်လည်း သာရိပုတြာသည် နှစ်သိမ့်ခြင်း ‘ပီတိ’ကိုလည်း မတပ်မက်ခြင်းကြောင့် သတိ, သမ္ပဇဉ်နှင့် ပြည့်စုံသည်ဖြစ်၍ လျစ်လျူရှုလျက် နေ၏၊ ချမ်းသာသုခကိုလည်း ကိုယ်ဖြင့် ခံစား၏။ အကြင် (တတိယဈာန်) ကြောင့် ထိုတတိယဈာန်နှင့် ပြည့်စုံသူကို “လျစ်လျူရှုသူ သတိရှိသူ ချမ်းသာ စွာနေလေ့ရှိသူ”ဟု အရိယာပုဂ္ဂိုလ်တို့သည် ပြောကြားကုန်၏၊ ထိုတတိယဈာန်သို့ ရောက်၍ နေ၏၊ တတိယဈာန်သမာပတ်အတွင်း၌ ချမ်းသာခြင်း ‘သုခ’၊ အောက်မေ့ခြင်း ‘သတိ’၊ အပြားအားဖြင့်သိခြင်း ‘ပညာ’၊ စိတ်တည်ကြည်ခြင်း ‘ဧကဂ္ဂတာ’၊ တွေ့ထိခြင်း ‘ဖဿ’၊ ခံစားခြင်း ‘ဝေဒနာ’၊ မှတ်သားခြင်း ‘သညာ’၊ တိုက်တွန်းခြင်း ‘စေတနာ’၊ အာရုံကိုသိခြင်း ‘စိတ်’၊ ပြုလိုခြင်း ‘ဆန္ဒ’၊ အာရုံကိုဆုံးဖြတ်ခြင်း ‘အဓိမောက္ခ’၊ လုံ့လပြုခြင်း ‘ဝီရိယ’၊ အောက်မေ့ခြင်း ‘သတိ’၊ လျစ်လျူ ရှုခြင်း ‘ဥပေက္ခာ’နှင့် နှလုံးသွင်း ခြင်း ‘မနသိကာရ’၊ ထိုသဘောတရားတို့ကို ထိုသာရိပုတြာသည် အစဉ်အတိုင်း ပိုင်းခြား၍ သိ၏၊ ထို သဘောတရားတို့သည် ထိုသာရိပုတြာအား ထင်ထင်ရှားရှား ဖြစ်ကုန်၏၊ ထင်ထင်ရှားရှား တည်ကုန်၏၊ ထင်ထင်ရှားရှား ချုပ်ကုန်၏။ “ဤသဘောတရားတို့သည် ရှေးက ထင်ရှားမရှိဘဲ အသစ် ဖြစ်ပေါ်လာ ကုန်၏၊ ဖြစ်ပြီးလျှင် ချက်ချင်း ချုပ်ပျက်ကုန်၏”ဟု သာရိပုတြာသည် သိ၏။ ထိုသာရိပုတြာသည် ထို တရားတို့၌ (ရာဂဖြင့် ) ကပ်ရောက်ခြင်း မရှိ၊ (ဒေါသဖြင့်) ဖဲခွါခြင်း မရှိ၊ (တဏှာဒိဋ္ဌိဖြင့် ) မမှီ၊ (ဆန္ဒ ရာဂ ဖြင့် ) မဖွဲ့၊ (ကာမရာဂမှ ) လွတ်၏၊ (ဆန့်ကျင်ဘက်တရားတို့နှင့်) မယှဉ်၊ ပြုအပ်သော အပိုင်း့အခြားမရှိသော စိတ်ဖြင့် နေ၏၊ ထိုသာရိပုတြာသည် “ထို့ထက်အလွန် ထွက်မြောက်ရာသည် ရှိ၏”ဟု သိ၏။ ထိုသိခြင်းကို အထပ်ထပ်ပြုခြင်းကြောင့် ထိုသာရိပုတြာအား ထို့ထက်အလွန် ထွက်မြောက်ရာ ရှိသည်သာတည်းဟု မြဲစွာဖြစ်၏။ (၃)
ရဟန်တို့ တစ်ဖန်လည်း သာရိပုတ္တရာသည် ချမ်းသာခြင်း ဆင်းရဲခြင်းကို ပယ်ခြင်းကြောင့်လည်း ကောင်း၊ ရှေးဦးကပင်လျှင် ဝမ်းသာခြင်း နှလုံးမသာခြင်းတို့၏ ချုပ်နှင့်ခြင်းကြောင့်လည်းကောင်း ဆင်းရဲ ချမ်းသာမရှိသော လျစ်လျူရှုမှု ‘ဥပေက္ခာ’ ကြောင့်ဖြစ်သည့် သတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက်၍ နေ၏။ စတုတ္ထ ဈာန်သမာပတ်အတွင်း၌ လျစ်လျူရှုသော ဒုက္ခလည်းမဟုတ် သုခလည်းမဟုတ် သော ခံစားခြင်း ‘ဝေဒနာ’၊ စိတ်ငြိမ်းအေးခြင်းကြောင့် နှလုံးမသွင်းခြင်း၊ စင်ကြယ်သော သတိ၊ စိတ်၏တည်ကြည်ခြင်း ‘ဧကဂ္ဂတာ’၊ တွေ့ထိခြင်း ‘ဖဿ’၊ ခံစားခြင်း ‘ဝေဒနာ’၊ မှတ်သားခြင်း ‘သညာ’၊ တိုက်တွန်းခြင်း ‘စေတနာ’၊ အာရုံကိုသိခြင်း ‘စိတ်’၊ ပြုလိုခြင်း ‘ဆန္ဒ’၊ အာရုံကိုဆုံးဖြတ်ခြင်း ‘အဓိမောက္ခ’၊ လုံ့လပြုခြင်း ‘ဝီရိယ’၊ အောက်မေ့ခြင်း ‘သတိ’၊ လျစ်လျူရှုခြင်း ‘ပါရိသုဒ္ဓုပေက္ခာ’ နှင့် နှလုံးသွင်းခြင်း ‘မနသိကာရ’၊ ထိုသဘောတရားတို့ကို ထိုသာရိပုတြာသည် အစဉ်အတိုင်း ပိုင်းခြား၍ သိ၏၊ ထိုသဘော တရားတို့သည် ထိုသာရိပုတြာအား ထင်ထင်ရှားရှား ဖြစ်ပေါ်ကုန်၏၊ ထင်ထင်ရှားရှား တည်ကုန်၏၊ ထင်ထင်ရှားရှား ချုပ်ကုန်၏၊ “ဤသဘောတရားတို့သည် ရှေးက ထင်ရှားမရှိဘဲ အသစ်ဖြစ်ပေါ်လာကုန်၏၊ ဖြစ်ပြီးလျှင် ချက်ချင်း ချုပ်ပျက်ကုန်၏”ဟု သာရိပုတြာသည် သိ၏။ ထိုသာရိပုတြာသည် ထိုတရား တို့၌ (ရာဂဖြင့် ) ကပ်ရောက်ခြင်း မရှိ၊ (ဒေါသဖြင့်) ဖဲခွါခြင်း မရှိ၊ (တဏှာဒိဋ္ဌိဖြင့် ) မမှီ၊ (ဆန္ဒရာဂဖြင့် ) မဖွဲ့၊ (ကာမရာဂမှ ) လွတ်၏၊ (ဆန့်ကျင်ဘက်တရားတို့နှင့်) မယှဉ်၊ ပြုအပ်သော အပိုင်းအခြား မရှိ သော စိတ်ဖြင့် နေ၏၊ ထိုသာရိပုတြာသည် “ထို့ထက်အလွန် ထွက်မြောက်ရာသည် ရှိ၏”ဟု သိ၏။ ထိုသိခြင်းကို အထပ်ထပ် ပြုခြင်းကြောင့် ထိုသာရိပုတြာအား ထို့ထက်အလွန် ထွက်မြောက်ရာရှိသည်သာ တည်းဟု မြဲစွာဖြစ်၏။ (၄)
ရဟန်းတို့ တစ်ဖန်လည်း သာရိပုတြာသည် ရူပသညာတို့ကို လုံးဝလွန်မြောက်၍ ပဋိဃသညာတို့ လုံးဝချုပ်သည့်ပြင် နာနတ္တသညာတို့ကို လုံးဝနှလုံးမသွင်းမူ၍ “ကောင်းကင်သည် အဆုံးမရှိ”ဟု (နှလုံး သွင်းလျက်) အာကာသာနဉ္စာယတနဈာန်သို့ ရောက်၍ နေ၏။ အာကာသာနဉ္စာယတနသမာပတ်အတွင်း၌ အာကာသာနဉ္စာယတနသညာ၊ စိတ်၏တည်ကြည်ခြင်း ‘ဧကဂ္ဂတာ’၊ တွေ့ထိခြင်း ‘ဖဿ’၊ ခံစားခြင်း ‘ဝေဒနာ’၊ မှတ်သားခြင်း ‘သညာ’၊ တိုက်တွန်းခြင်း ‘စေတနာ’၊ အာရုံကိုသိခြင်း ‘စိတ်’၊ ပြုလိုခြင်း ‘ဆန္ဒ’၊ အာရုံကိုဆုံးဖြတ်ခြင်း ‘အဓိမောက္ခ’၊ လုံ့လပြုခြင်း ‘ဝီရိယ’၊ အောက်မေ့ခြင်း ‘သတိ’၊ လျစ်လျူရှုခြင်း ‘ဥပေက္ခာ’ နှင့် နှလုံးသွင်းခြင်း ‘မနသိကာရ’၊ ထိုသဘောတရားတို့ကို ထိုသာရိပုတြာသည် အစဉ်အတိုင်း ပိုင်းခြား၍ သိ၏၊ ထိုသဘောတရားတို့သည် ထိုသာရိပုတြာအား ထင်ထင်ရှားရှား ဖြစ်ပေါ်ကုန်၏။ ထင်ထင်ရှားရှား တည်ကုန်၏၊ ထင်ထင်ရှားရှား ချုပ်ကုန်၏၊ “ဤသဘော တရားတို့သည် ရှေးက ထင်ရှားမရှိဘဲ အသစ်ဖြစ်ပေါ်လာကုန်၏။ ဖြစ်ပြီးလျှင် ချက်ချင်း ချုပ်ပျက်ကုန်၏”ဟု သာရိပုတြာသည် သိ၏၊ ထိုသာရိပုတြာသည် ထိုတရားတို့၌ (ရာဂဖြင့်) ကပ်ရောက်ခြင်း မရှိ၊ (ဒေါသဖြင့်) ဖဲခွါ ခြင်းမရှိ၊ (တဏှာ ဒိဋ္ဌိဖြင့်) မမှီ၊ (ဆန္ဒရာဂ) ဖြင့် မဖွဲ့၊ (ကာမရာဂမှ) လွတ်၏၊ (ဆန့်ကျင်ဘက်တရားတို့နှင့်) မယှဉ်၊ ပြုအပ်သော အပိုင်းအခြားမရှိသော စိတ်ဖြင့် နေ၏။ ထိုသာရိပုတြာသည် “ထို့ထက်အလွန် ထွက် မြောက်ရာသည် ရှိ၏”ဟု သိ၏။ ထိုသိခြင်းကို အထပ်ထပ် ပြုခြင်းကြောင့် ထိုသာရိပုတြာအား ထို့ထက် အလွန် ထွက်မြောက်ရာ ရှိသည်သာတည်းဟု မြဲစွာဖြစ်၏။ (၅)
ရဟန်းတို့ တစ်ဖန်လည်း သာရိပုတြာသည် အာကာသာနဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ “ပဌမာရုပ္ပဝိညာဏ်သည် အဆုံးမရှိ”ဟု နှလုံးသွင်းလျက် ဝိညာဏဉ္စာယတနဈာန်သို့ ရောက်၍ နေ၏။ ဝိညာဏဉ္စာယတနသမာပတ်အတွင်း၌ ဝိညာဏဉ္စာယတနသညာ၊ စိတ်၏တည်ကြည်ခြင်း ‘ဧကဂ္ဂတာ’၊့တွေ့ထိခြင်း’ဖဿ’၊ ခံစားခြင်း ‘ဝေဒနာ’၊ မှတ်သားခြင်း ‘သညာ’၊ တိုက်တွန်းခြင်း ‘စေတနာ’၊ အာရုံကို သိခြင်း ‘စိတ်’၊ ပြုလိုခြင်း ‘ဆန္ဒ’ အာရုံကိုဆုံးဖြတ်ခြင်း ‘အဓိမောက္ခ’၊ လုံ့လပြုခြင်း ‘ဝီရိယ’၊ အောက်မေ့ ခြင်း ‘သတိ’၊ လျစ်လျူရှုခြင်း ‘ဥပေက္ခာ’နှင့် နှလုံးသွင်းခြင်း ‘မနသိကာရ’၊ ထိုသဘောတရားတို့ကို ထို သာရိပုတြာသည် အစဉ်အတိုင်း ပိုင်းခြား၍ သိ၏၊ ထိုသဘောတရားတို့သည် ထိုသာရိပုတြာအား ထင်ထင် ရှားရှား ဖြစ်ပေါ်ကုန်၏။ ထင်ထင်ရှားရှား တည်ကုန်၏၊ ထင်ထင်ရှားရှား ချုပ်ကုန်၏၊ “ဤသဘောတရား တို့သည် ရှေးက ထင်ရှားမရှိဘဲ အသစ် ဖြစ်ပေါ်လာကုန်၏။ ဖြစ်ပြီးလျှင် ချက်ချင်း ချုပ်ပျက်ကုန်၏”ဟု သာရိ ပုတြာသည် သိ၏၊ ထိုသာရိပုတြာသည် ထိုတရားတို့ ၌ (ရာဂဖြင့်) ကပ်ရောက်ခြင်း မရှိ၊ (ဒေါသ ဖြင့်) ဖဲခွါခြင်း မရှိ၊ (တဏှာဒိဋ္ဌိဖြင့်) မမှီ၊ (ဆန္ဒရာဂဖြင့်) မဖွဲ့၊ (ကာမရာဂမှ) လွတ်၏၊ (ဆန့်ကျင်ဘက် တရားတို့နှင့်) မယှဉ်၊ ပြုအပ်သော အပိုင်းအခြားမရှိသော စိတ်ဖြင့် နေ၏။ ထိုသာရိပုတြာသည် “ထို့ ထက်အလွန် ထွက်မြောက်ရာသည် ရှိ၏”ဟု သိ၏။ ထိုသိခြင်းကို အထပ်ထပ် ပြုခြင်းကြောင့် ထို သာရိပုတြာအား ထို့ထက်အလွန် ထွက်မြောက်ရာ ရှိသည်သာတည်းဟု မြဲစွာဖြစ်၏။ (၆)
ရဟန်းတို့ တစ်ဖန်လည်း သာရိပုတြာသည် ဝိညာဏဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ “တစ်စုံ တစ်ခုမျှ မရှိ”ဟု (နှလုံးသွင်းလျက်) အာကိဉ္စညာယတနဈာန်သို့ ရောက်၍ နေ၏။ အာကိဉ္စညာယတန သမာပတ်အတွင်း၌ အာကိဉ္စညာယတနသညာ၊ စိတ်၏တည်ကြည်ခြင်း ‘ဧကဂ္ဂတာ’၊ တွေ့ထိခြင်း ‘ဖဿ’၊ ခံစားခြင်း ‘ဝေဒနာ’၊ မှတ်သားခြင်း ‘သညာ’၊ တိုက်တွန်းခြင်း ‘စေတနာ’၊ အာရုံကို သိခြင်း ‘စိတ်’၊ ပြုလို ခြင်း ‘ဆန္ဒ’၊ အာရုံကို ဆုံးဖြတ်ခြင်း ‘အဓိမောက္ခ’၊ လုံ့လပြုခြင်း ‘ဝီရိယ’၊ အောက်မေ့ခြင်း ‘သတိ’၊ လျစ် လျူရှုခြင်း ‘ဥပေက္ခာ’ နှင့် နှလုံးသွင်းခြင်း ‘မနသိကာရ’၊ ထိုသဘောတရားတို့ကို ထိုသာရိပုတြာသည် အစဉ်အတိုင်း ပိုင်းခြား၍ သိ၏၊ ထိုသဘောတရားတို့သည် ထိုသာရိပုတြာအား ထင်ထင်ရှားရှား ဖြစ်ပေါ် ကုန်၏။ ထင်ထင်ရှားရှား တည်ကုန်၏၊ ထင်ထင်ရှားရှား ချုပ်ကုန်၏၊ “ဤသဘောတရားတို့သည် ရှေးက ထင်ရှားမရှိဘဲ အသစ်ဖြစ်ပေါ်လာကုန်၏။ ဖြစ်ပြီးလျှင် ချက်ချင်း ချုပ်ပျက်ကုန်၏”ဟု သာရိပုတြာသည် သိ၏၊ ထိုသာရိပုတြာသည် ထိုတရားတို့၌ (ရာဂဖြင့်) ကပ်ရောက်ခြင်း မရှိ၊ (ဒေါသဖြင့်) ဖဲခွါခြင်း မရှိ၊ (တဏှာဒိဋ္ဌိဖြင့်) မမှီ၊ (ဆန္ဒရာဂ) ဖြင့် မဖွဲ့၊ (ကာမရာဂမှ) လွတ်၏၊ (ဆန့်ကျင်ဘက်တရားတို့နှင့်) မယှဉ်၊ ပြုအပ်သော အပိုင်းအခြားမရှိသော စိတ်ဖြင့် နေ၏။ ထိုသာရိပုတြာသည် “ထို့ထက်အလွန် ထွက် မြောက်ရာသည် ရှိ၏”ဟု သိ၏။ ထိုသိခြင်းကို အထပ်ထပ် ပြုခြင်းကြောင့် ထိုသာရိပုတြာအား ထို့ ထက်အလွန် ထွက်မြောက်ရာ ရှိသည်သာတည်းဟု မြဲစွာဖြစ်၏။ (၇)
၉၅။ ရဟန်းတို့ တစ်ဖန်လည်း သာရိပုတြာသည် အာကိဉ္စညာယတနဈာန်ကို လုံးဝလွန်မြောက်၍ နေဝသညာနာသညာယတနဈာန်သို့ ရောက်၍ နေ၏။ ထိုသာရိပုတြာသည် ထိုသမာပတ်မှ သတိ (ပညာ)နှင့် ပြည့်စုံ၍ ထ၏၊ ထိုသာရိပုတြာသည် ထိုသမာပတ်မှ သတိ (ပညာ)နှင့် ပြည့်စုံ၍ ထပြီးလျှင် လွန်ကုန်ပြီး ချုပ်ကုန်ပြီး ဖောက်ပြန်ကုန်ပြီးသော တရားတို့ကို “ဤသို့လျှင် ဤသဘောတရားတို့သည် ရှေးက ထင်ရှားမရှိဘဲ အသစ်ဖြစ်ပေါ်လာကုန်၏။ ဖြစ်ပြီးလျှင် ချက်ချင်း ချုပ်ပျက်ကုန်၏”ဟု အပေါင်း (ကလာပ) အားဖြင့် ရှု၏။ ထိုသာရိပုတြာသည် ထိုတရားတို့၌ (ရာဂဖြင့်) ကပ်ရောက်ခြင်း မရှိ၊ (ဒေါသ ဖြင့်) ဖဲခွါခြင်း မရှိ၊ (တဏှာဒိဋ္ဌိဖြင့်) မမှီ၊ (ဆန္ဒရာဂဖြင့် ) မဖွဲ့၊ (ကာမရာဂမှ) လွတ်၏၊ (ဆန့်ကျင်ဘက် တရားတို့နှင့်) မယှဉ်၊ ပြုအပ်သော အပိုင်းအခြား မရှိသော စိတ်ဖြင့် နေ၏။ ထိုသာရိပုတြာသည် “ထို့ ထက်အလွန် ထွက်မြောက်ရာသည် ရှိ၏”ဟု သိ၏။ ထိုသိခြင်းကို အထပ်ထပ် ပြုခြင်းကြောင့် ထို သာရိပုတြာအား ထို့ထက်အလွန် ထွက်မြောက်ရာ ရှိသည်သာတည်းဟု မြဲစွာဖြစ်၏။ (၈)
၉၆။ ရဟန်းတို့ တစ်ဖန်လည်း သာရိပုတြာသည် နေဝသညာနာသညာယတနဈာန်ကို လုံးဝလွန့်မြောက်၍ သညာဝေဒနာတို့၏ ချုပ်ရာ နိရောဓသမာပတ်သို့ ရောက်၍ နေ၏။ ထိုသာရိပုတြာအား မဂ် ပညာဖြင့် (သစ္စာလေးပါးတို့ကို) မြင်ရခြင်းကြောင့် အာသဝေါတရားတို့သည် ကုန်ခန်းကုန်၏၊ ထို သာရိပုတြာသည် ထိုသမာပတ်မှ သတိ (ပညာ)နှင့် ပြည့်စုံ၍ ထ၏၊ ထိုသာရိပုတြာသည် ထိုသမာပတ်မှ သတိ (ပညာ) နှင့် ပြည့်စုံ၍ ထပြီးလျှင် လွန်ကုန်ပြီး ချုပ်ကုန်ပြီး ဖောက်ပြန်ကုန်ပြီးသော တရားတို့ကို “ဤသို့လျှင် ဤသဘောတရားတို့သည် ရှေးက ထင်ရှားမရှိဘဲ အသစ်ဖြစ်ပေါ်လာကုန်၏။ ဖြစ်ပြီးလျှင် ချက်ချင်း ချုပ်ပျက်ကုန်၏”ဟု အပေါင်း (ကလာပ) အားဖြင့် ရှု၏။ ထိုသာရိပုတြာသည် ထိုတရားတို့၌ (ရာဂဖြင့်) ကပ်ရောက်ခြင်း မရှိ၊ (ဒေါသဖြင့်) ဖဲခွါခြင်း မရှိ၊ (တဏှာ ဒိဋ္ဌိဖြင့်) မမှီ၊ (ကာမရာဂမှ) လွတ်၏၊ (ဆန့်ကျင်ဘက်တရားတို့နှင့်) မယှဉ်၊ ပြုအပ်သော အပိုင်းအခြားမရှိသော စိတ်ဖြင့် နေ၏။ ထို သာရိပုတြာသည် “ထို့ထက်အလွန် ထွက်မြောက်ရာသည် မရှိတော့”ဟု သိ၏။ ထိုသိခြင်းကို အထပ်ထပ် ပြုခြင်းကြောင့် ထိုသာရိပုတြာအား ထို့ထက်အလွန် ထွက်မြောက်ရာ မရှိတော့သည်သာတည်းဟု မြဲစွာ ဖြစ်၏။ (၉)
၉၇။ ရဟန်းတို့ “မြတ်သော သီလ၌ အလေ့အလာများသည့် အဖြစ်သို့ ရောက်သူ, တစ်ဖက် ကမ်းခပ် ကူးမြောက်တတ်သည့်အဖြစ်သို့ ရောက်သူ၊ မြတ်သောသမာဓိ၌ အလေ့အလာများသည့် အဖြစ်သို့ ရောက်သူ, တစ်ဖက်ကမ်းခပ် ကူးမြောက်တတ်သည့်အဖြစ်သို့ ရောက်သူ၊ မြတ်သောပညာ၌ အလေ့အလာ များသည့် အဖြစ်သို့ ရောက်သူ, တစ်ဖက်ကမ်းခပ် ကူးမြောက်တတ်သည့်အဖြစ်သို့ ရောက်သူ၊ မြတ်သော ကိလေသာမှလွတ်ပြီးသော အရဟတ္တဖိုလ်၌ အလေ့အလာများသည့်အဖြစ်သို့ ရောက်သူ, တစ်ဖက်ကမ်းခပ် ကူးမြောက်တတ်သည့်အဖြစ်သို့ ရောက်သူဟူ၍ ပြောဆိုလိုလျှင် သာရိပုတြာကိုသာလျှင် ကောင်းစွာ ပြော ဆိုရာ၏။ ရဟန်းတို့ “မြတ်စွာဘုရား၏ သားတော်, ရင်နှစ်တော်, ခံတွင်းတော်မှ ဖွားမြင်သူ, တရား ကြောင့် ဖြစ်ပေါ်လာသူ, တရားဖြင့်ဖန်ဆင်းထားသူ, တရားအမွေခံယူသူ, အာမိသအမွေခံ မဟုတ်သူဟူ၍ ပြောဆိုလိုလျှင် သာရိပုတြာကိုသာလျှင် ကောင်းစွာ ပြောဆိုရာ၏။ ရဟန်းတို့ သာရိပုတြာသည် ငါဘုရား ဖြစ်စေ လည်စေအပ်သော အတုမဲ့မြတ်သော တရားစကြာကို ကောင်းစွာသာလျှင် အတုလိုက်၍ ဖြစ်စေ လည်စေနိုင်၏ဟု (မိန့်တော်မူ၏)။
မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏။ ထိုရဟန်းတို့သည် မြတ်စွာဘုရား၏ တရား တော်ကို ဝမ်းမြောက်ဝမ်းသာ လွန်စွာ နှစ်သက်ကုန်ပြီ။
ရှေးဦးစွာသော အနုပဒသုတ် ပြီး၏။