မဇ္ဈိမနိကာယ်
၂—အာနန္ဒဘဒ္ဒေကရတ္တသုတ်
၂၇၆။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန် ကျောင်း၌ သီတင်းသုံးနေတော်မူ၏၊ ထိုအခါ အသျှင်အာနန္ဒာသည် စည်းဝေးရာဇရပ်၌ ရဟန်းတို့အား တရားစကားဖြင့် ကောင်းစွာ ပြ၏၊ ကောင်းစွာ ဆောက်တည်စေ၏၊ ကောင်းစွာ ထက်စေ၏၊ ကောင်းစွာ ရွှင်စေ၏၊ ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’ နှင့် အကျယ် ‘နိဒ္ဒေသ’ ကို ပြောဟော၏။
ထိုအခါ မြတ်စွာဘုရားသည် ညနေချမ်းအခါ ကိန်းအောင်းရာမှ ထတော်မူ၍ စည်းဝေးရာဇရပ်သို့ ချဉ်းကပ်တော်မူပြီးလျှင် ခင်းထားသော နေရာ၌ ထိုင်နေတော်မူပြီးသော် မြတ်စွာဘုရားသည် ရဟန်းတို့ကို မိန့်တော်မူ၏— “ရဟန်းတို့ အဘယ်ရဟန်းသည် စည်းဝေးရာဇရပ်၌ ရဟန်းတို့အား တရားစကားဖြင့် ကောင်းစွာ ပြသနည်း၊ ကောင်းစွာ ဆောက်တည်စေသနည်း၊ ကောင်းစွာ ထက်စေသနည်း၊ ကောင်းစွာ ရွှင်စေသနည်း၊ ဘဒ္ဒေကရတ္တ သုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’ နှင့် အကျယ် ‘နိဒ္ဒေသ’ ကို ပြောဟောသနည်း”ဟု (မေးတော်မူ၏)။ အသျှင်ဘုရား အသျှင်အာနန္ဒာသည် စည်းဝေးရာဇရပ်၌ ရဟန်းတို့အား တရား စကားဖြင့် ကောင်းစွာ ပြ၏၊ ကောင်းစွာ ဆောက်တည်စေ၏၊ ကောင်းစွာ ထက်စေ၏၊ ကောင်းစွာ ရွှင်လန်း စေ၏၊ ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း’ဥဒ္ဒေသ’နှင့် အကျယ် ‘နိဒ္ဒေသ’ကို ပြောဟောပါ၏ဟု (လျှောက်၏)။
ထိုအခါ မြတ်စွာဘုရားသည် အသျှင်အာနန္ဒာကို “အာနန္ဒာ သင်သည် အဘယ်သို့လျှင် ရဟန်းတို့ အား တရားစကားဖြင့် ကောင်းစွာ ပြသနည်း၊ ကောင်းစွာ ဆောက်တည်စေသနည်း၊ ကောင်းစွာ ထက် စေသနည်း၊ ကောင်းစွာ ရွှင်လန်းစေသနည်း၊ ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’ နှင့် အကျယ် ‘နိဒ္ဒေသ’ကို ပြောဟောဘိသနည်း”ဟု (မေးတော်မူ၏)။ အသျှင်ဘုရား အကျွန်ုပ်သည် ဤသို့လျှင် ရဟန်း တို့အား တရားစကားဖြင့် ကောင်းစွာ ပြပါ၏၊ ကောင်းစွာ ဆောက်တည်စေပါ၏၊ ကောင်းစွာ ထက်စေ ပါ၏၊ ကောင်းစွာ ရွှင်လန်းစေပါ၏၊ ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’နှင့် အကျယ် ‘နိဒ္ဒေသ’ကို ပြောဟောပါ၏—
အတိတ်ခန္ဓာသို့လည်း အစဉ်မလိုက်ရာ၊ အနာဂတ်ခန္ဓာကိုလည်း မတောင့်တရာ၊ အတိတ်ခန္ဓာသည် ချုပ်ပြီးပြီ၊ အနာဂတ်ခန္ဓာလည်း မရောက်လာသေး။
ပစ္စုပ္ပန်ဖြစ်သော သဘောတရားကို ထိုထိုဖြစ်ဆဲခဏ၌သာလျှင် ဝိပဿနာရှုသော ထို ပုဂ္ဂိုလ်သည် တွန့်တိုခြင်း ပျက်စီးခြင်းမရှိသော ထိုဝိပဿနာရှုမှုကို အဖန်ဖန် ပွါးများရာ၏။
အဘယ်သူသည် နက်ဖန်၌ သေရမည်ကို သိနိုင်အံ့နည်း၊ ယနေ့ကပင်လျှင် အား ထုတ်သင့်သော ကုသိုလ်ကောင်းမှုအလုပ်ကို ပြုလုပ်သင့်၏၊ ငါတို့မှာ များသော စစ်သည်ရှိသော ထိုသေမင်းနှင့် ချိန်းချက်ထားမှုသည် မရှိသည်သာတည်း။
ဤသို့ နေလေ့ရှိသော လွန်စွာအားထုတ်ခြင်းရှိသော နေ့ညဉ့်ပတ်လုံး မပျင်းမရိ အားထုတ်သော ထိုရဟန်းကို စင်စစ် ‘ကောင်းသော ညဉ့်တစ်ညဉ့်ရှိသော ရဟန်း’ ဟူ၍ ကိလေသာ ငြိမ်းအေးပြီးသော မြတ်စွာဘုရားသည် ဟောကြားတော်မူ၏။
၂၇၇။ ငါ့သျှင်တို့ အဘယ်သို့လျှင် အတိတ်ခန္ဓာသို့ အစဉ်လိုက်သနည်း။ “အတိတ်ကာလက ဤသို့ နှစ်သက်ဖွယ်ကောင်းသော ရုပ်အဆင်းရှိသူ ဖြစ်ဖူး၏”ဟု ထိုရုပ်၌ နှစ်သက်ခြင်းကို အဖန်ဖန် ဖြစ်စေ၏။ “အတိတ်ကာလက ဤသို့ နှစ်သက်ဖွယ်ကောင်းသော ခံစားခြင်း ‘ဝေဒနာ’ သည် ဖြစ်ဖူး၏”ဟု ထိုဝေဒနာ ၌ နှစ်သက်ခြင်းကို အဖန်ဖန် ဖြစ်စေ၏။ “အတိတ်ကာလက ဤသို့ နှစ်သက်ဖွယ်ကောင်းသော မှတ်သား မှု ‘သညာ’ သည် ဖြစ်ဖူး၏”ဟု ထိုသညာ၌ နှစ်သက်ခြင်းကို အဖန်ဖန် ဖြစ်စေ၏။ “အတိတ်ကာလက ဤသို့ နှစ်သက်ဖွယ်ကောင်းသော ပြုပြင်စီရင်မှု ‘သင်္ခါရ’ သည် ဖြစ်ဖူး၏”ဟု ထိုသင်္ခါရ၌ နှစ်သက်ခြင်းကို အဖန်ဖန် ဖြစ်စေ၏။ “အတိတ်ကာလက ဤသို့ နှစ်သက်ဖွယ်ကောင်းသော သိမှု ‘ဝိညာဏ်’ သည် ဖြစ်ဖူး၏”ဟု ထိုဝိညာဏ်၌ နှစ်သက်ခြင်းကို အဖန်ဖန် ဖြစ်စေ၏။ ငါ့သျှင်တို့ ဤသို့လျှင် အတိတ်ခန္ဓာသို့ အစဉ်လိုက်၏။
ငါ့သျှင်တို့ အဘယ်သို့လျှင် အတိတ်ခန္ဓာသို့ အစဉ်မလိုက်သနည်း။ “အတိတ်ကာလက ဤသို့ နှစ်သက်ဖွယ်ကောင်းသော ရုပ်အဆင်းရှိသူ ဖြစ်ဖူး၏”ဟု ထိုရုပ်၌ နှစ်သက်ခြင်းကို အဖန်ဖန် မဖြစ်စေ။ “အတိတ်ကာလက ဤသို့ နှစ်သက်ဖွယ်ကောင်းသော ဝေဒနာရှိသူ ဖြစ်ဖူး၏”ဟု ထိုဝေဒနာ၌ နှစ်သက် ခြင်းကို အဖန်ဖန် မဖြစ်စေ။ “အတိတ်ကာလက ဤသို့ နှစ်သက်ဖွယ်ကောင်းသော သညာရှိသူ ဖြစ်ဖူး၏”ဟု ထိုသညာ၌ နှစ်သက်ခြင်းကို အဖန်ဖန် မဖြစ်စေ။ “အတိတ်ကာလက ဤသို့ နှစ်သက်ဖွယ် ကောင်းသော သင်္ခါရရှိသူ ဖြစ်ဖူး၏”ဟု ထိုသင်္ခါရ၌ နှစ်သက်ခြင်းကို အဖန်ဖန် မဖြစ်စေ။ “အတိတ် ကာလက ဤသို့ နှစ်သက်ဖွယ်ကောင်းသော သိမှု ‘ဝိညာဏ်’ ရှိသူ ဖြစ်ဖူး၏”ဟု ထိုဝိညာဏ်၌ နှစ်သက် ခြင်းကို အဖန်ဖန် မဖြစ်စေ။ ငါ့သျှင်တို့ ဤသို့လျှင် အတိတ်ခန္ဓာသို့ အစဉ်မလိုက်။
ငါ့သျှင်တို့ အဘယ်သို့လျှင် အနာဂတ်ခန္ဓာကို တောင့်တသနည်း။ “အနာဂတ်ကာလ၌ ဤသို့ နှစ်သက် ဖွယ်ကောင်းသော ရုပ်အဆင်းရှိသူ ဖြစ်လို၏”ဟု ထိုရုပ်၌ နှစ်သက်ခြင်းကို အဖန်ဖန် ဖြစ်စေ၏။ ဤသို့ နှစ်သက်ဖွယ်ကောင်းသော ဝေဒနာရှိသူ ဖြစ်လို၏။ပ။ ဤသို့ နှစ်သက်ဖွယ်ကောင်းသော သညာရှိသူ ဖြစ်လို၏။ ဤသို့ နှစ်သက်ဖွယ်ကောင်းသော သင်္ခါရရှိသူ ဖြစ်လို၏။ “အနာဂတ်ကာလ၌ ဤသို့ နှစ်သက်ဖွယ်ကောင်းသော ဝိညာဏ်ရှိသူ ဖြစ်လို၏”ဟု ထိုဝိညာဏ်၌ နှစ်သက်ခြင်းကို အဖန်ဖန် ဖြစ်စေ၏။ ငါ့သျှင်တို့ ဤသို့လျှင် အနာဂတ်ခန္ဓာကို တောင့်တ၏။
ငါ့သျှင်တို့ အဘယ်သို့လျှင် အနာဂတ်ခန္ဓာကို မတောင့်တသနည်း။ “အနာဂတ်ကာလ၌ ဤသို့ နှစ်သက်ဖွယ်ကောင်းသော ရုပ်အဆင်းရှိသူ ဖြစ်လို၏”ဟု ထိုရုပ်၌ နှစ်သက်ခြင်းကို အဖန်ဖန် မဖြစ်စေ။ ဤသို့ နှစ်သက်ဖွယ်ကောင်းသော ဝေဒနာရှိသူ ဖြစ်လို၏။ပ။ ဤသို့ နှစ်သက်ဖွယ်ကောင်းသော သညာ ရှိသူ ဖြစ်လို၏။ ဤသို့ နှစ်သက်ဖွယ်ကောင်းသော သင်္ခါရရှိသူ ဖြစ်လို၏။ “အနာဂတ်ကာလ၌ ဤသို့ နှစ်သက်ဖွယ်ကောင်းသော ဝိညာဏ်ရှိသူ ဖြစ်လို၏”ဟု ထိုဝိညာဏ်၌ နှစ်သက်ခြင်းကို အဖန်ဖန် မဖြစ် စေ။ ငါ့သျှင်တို့ ဤသို့လျှင် အနာဂတ်ခန္ဓာကို မတောင့်တ။
ငါ့သျှင်တို့ အဘယ်သို့လျှင် ဖြစ်ဆဲပစ္စုပ္ပန်တရားတို့၌ တွန့်တိုသနည်း။ ငါ့သျှင်တို့ ဤလောက၌ အရိယာတို့ကို ဖူးမြင်လေ့မရှိသော, အရိယာတရား၌ မကျွမ်းကျင်သော, အရိယာတရား၌ မယဉ်ကျေးသော၊ သူတော်ကောင်းတို့ကို ဖူးမြင်လေ့မရှိသော, သူတော်ကောင်းတရား၌ မကျွမ်းကျင်သော, သူတော်ကောင်း တရား၌ မယဉ်ကျေးသော, အကြားအမြင်မရှိသော ပုထုဇဉ်သည် ရုပ်ကို အတ္တ ‘ကိုယ်’ဟု ရှု၏၊ (ကြွင်းခန္ဓာ ကို) ရုပ်ရှိသော အတ္တဟုလည်းကောင်း အတ္တ၌ ရုပ်ဟုလည်းကောင်း ရုပ်၌ အတ္တဟုလည်းကောင်း။ ခံစား မှု ‘ဝေဒနာ’ကို။ မှတ်သားမှု ‘သညာ’ ကို။ ပြုပြင်စီရင်မှု ‘သင်္ခါရ’ တို့ကို။ သိမှု ‘ဝိညာဏ်’ ကို အတ္တဟု ရှု၏၊ (ကြွင်းခန္ဓာကို) ဝိညာဏ်ရှိသော အတ္တဟုလည်းကောင်း၊ အတ္တ၌ ဝိညာဏ်ဟုလည်းကောင်း၊ ဝိညာဏ် ၌ အတ္တဟုလည်းကောင်း ရှု၏။့ငါ့သျှင်တို့ ဤသို့လျှင် ဖြစ်ဆဲပစ္စုပ္ပန်တရားတို့၌ တွန့်တို၏။
ငါ့သျှင်တို့ အဘယ်သို့လျှင် ဖြစ်ဆဲပစ္စုပ္ပန်တရားတို့၌ မတွန့်တိုသနည်း။ ငါ့သျှင်တို့ ဤလောက၌ အရိယာတို့ကို ဖူးမြင်လေ့ရှိသော, အရိယာတရား၌ ကျွမ်းကျင်သော, အရိယာတရား၌ လိမ္မာသော၊ သူတော်ကောင်းတို့ကို ဖူးမြင်လေ့ရှိသော, သူတော်ကောင်းတရား၌ ကျွမ်းကျင်သော, သူတော်ကောင်း တရား၌ ယဉ်ကျေးသော, အကြားအမြင်ရှိသော မြတ်စွာဘုရား၏ တပည့်သည် ရုပ်ကို အတ္တဟု မရှု၊ (ကြွင်းခန္ဓာကို) ရုပ်ရှိသော အတ္တဟု မရှု၊ အတ္တ၌ ရုပ်ဟု မရှု၊ ရုပ်၌ အတ္တဟု မရှု။ ခံစားမှု ‘ဝေဒနာ’ ကို။ မှတ်သားမှု ‘သညာ’ ကို။ ပြုပြင်စီရင်မှု ‘သင်္ခါရ’တို့ကို။ သိမှု ‘ဝိညာဏ်’ကို အတ္တဟု မရှု၊ (ကြွင်း ခန္ဓာကို) ဝိညာဏ်ရှိသော အတ္တဟု မရှု၊ အတ္တ၌ ဝိညာဏ်ဟု မရှု၊ ဝိညာဏ်၌ အတ္တဟု မရှု။ ငါ့သျှင်တို့ ဤသို့လျှင် ဖြစ်ဆဲပစ္စုပ္ပန်တရား၌ မတွန့်တို။
အတိတ်ခန္ဓာသို့လည်း အစဉ်မလိုက်ရာ၊ အနာဂတ်ခန္ဓာကိုလည်း မတောင့်တရာ၊ အတိတ်ခန္ဓာသည် ချုပ်ပြီးပြီ၊ အနာဂတ်ခန္ဓာလည်း မရောက်လာသေး။
ပစ္စုပ္ပန်ဖြစ်သော သဘောတရားကို ထိုထိုဖြစ်ဆဲခဏ၌သာလျှင် ဝိပဿနာရှုသော ထိုပုဂ္ဂိုလ်သည် တွန့်တိုခြင်း ပျက်စီးခြင်းမရှိသော ထိုဝိပဿနာရှုမှုကို အဖန်ဖန် ပွါး များရာ၏။
အဘယ်သူသည် နက်ဖန်၌ သေရမည်ကို သိနိုင်အံ့နည်း၊ ယနေ့ကပင်လျှင် အား ထုတ်သင့်သော ကုသိုလ်ကောင်းမှုအလုပ်ကို ပြုလုပ်သင့်၏၊ ငါတို့မှာ များသော စစ်သည်ရှိသော ထိုသေမင်းနှင့် ချိန်းချက်ထားမှုသည် မရှိသည်သာတည်း။
ဤသို့ နေလေ့ရှိသော လွန်စွာအားထုတ်ခြင်းရှိသော နေ့ညဉ့်ပတ်လုံး မပျင်းမရိ အားထုတ်သော ထိုရဟန်းကို စင်စစ် ‘ကောင်းသော ညဉ့်တစ်ညဉ့်ရှိသော ရဟန်း’ ဟူ၍ ကိလေသာ ငြိမ်းအေးပြီးသော မြတ်စွာဘုရားသည် ဟောကြားတော်မူ၏ဟု ( ပြောဟောပါ၏ )။
မြတ်စွာဘုရား အကျွန်ုပ်သည် ဤသို့လျှင် ရဟန်းတို့အား တရားစကားဖြင့် ကောင်းစွာ ပြ၏၊ ကောင်းစွာ ဆောက်တည်စေ၏၊ ကောင်းစွာ ထက်စေ၏၊ ကောင်းစွာ ရွှင်လန်းစေ၏၊ ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’နှင့် အကျယ် ‘နိဒ္ဒေသ’ ကို ပြောဟောပါ၏ဟု (လျှောက်ထား၏)။
၂၇၈။ အာနန္ဒာ ကောင်းပေစွ ကောင်းပေစွ၊ အာနန္ဒာ သင်သည် ကောင်းစွာသာလျှင် ရဟန်းတို့ အား တရားစကားဖြင့် ကောင်းစွာ ပြပေ၏၊ ကောင်းစွာ ဆောက်တည်စေ၏၊ ကောင်းစွာ ထက်စေ၏၊ ကောင်းစွာ ရွှင်လန်းစေ၏၊ ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’ နှင့် အကျယ် ‘နိဒ္ဒေသ’ ကို ပြောဟော ပေ၏။
“အတိတ်ခန္ဓာသို့လည်း အစဉ်မလိုက်ရာ။ပ။ ထိုရဟန်းကို ‘ကောင်းသော ညဉ့် တစ်ညဉ့်ရှိသော ရဟန်း’ ဟူ၍ ကိလေသာ ငြိမ်းအေးပြီးသော ငါဘုရားသည် ဟော ကြား၏”။
အာနန္ဒာ အဘယ်သို့လျှင် အတိတ်ခန္ဓာသို့ အစဉ်လိုက်သနည်း။ပ။ အာနန္ဒာ ဤသို့လျှင် အတိတ် ခန္ဓာသို့ အစဉ်လိုက်၏။ အာနန္ဒာ အဘယ်သို့လျှင် အတိတ်ခန္ဓာသို့ အစဉ်မလိုက်သနည်း။ပ။ အာနန္ဒာ ဤသို့လျှင် အတိတ်ခန္ဓာသို့ အစဉ်မလိုက်။ အာနန္ဒာ အဘယ်သို့လျှင် အနာဂတ်ခန္ဓာကို တောင့်တ သနည်း။ပ။ အာနန္ဒာ ဤသို့လျှင် အနာဂတ်ခန္ဓာကို တောင့်တ၏။ အာနန္ဒာ အဘယ်သို့လျှင် အနာဂတ် ခန္ဓာကို မတောင့်တသနည်း။ပ။ အာနန္ဒာ ဤသို့လျှင် အနာဂတ်ခန္ဓာကို မတောင့်တ။ အာနန္ဒာ အဘယ် သို့လျှင် ဖြစ်ဆဲပစ္စုပ္ပန်တရားတို့၌ တွန့်တိုသနည်း။ပ။ အာနန္ဒာ ဤသို့လျှင် ဖြစ်ဆဲပစ္စုပ္ပန်တရားတို့၌ တွန့်တို၏။ အာနန္ဒာ အဘယ်သို့လျှင် ဖြစ်ဆဲပစ္စုပ္ပန် တရားတို့၌ မတွန့်တိုသနည်း။ပ။ အာနန္ဒာ ဤသို့ လျှင် ဖြစ်ဆဲပစ္စုပ္ပန်တရားတို့၌ မတွန့်တို။
အတိတ်ခန္ဓာသို့လည်း အစဉ်မလိုက်ရာ။ပ။ ထိုရဟန်းကို စင်စစ် ‘ကောင်းသော ညဉ့်တစ်ညဉ့်ရှိသော ရဟန်း’ဟူ၍ ကိလေသာ ငြိမ်းအေးပြီးသော မြတ်စွာဘုရား သည် ဟောကြားတော်မူ၏ဟု (မိန့်တော်မူ၏)။
မြတ်စွာဘုရားသည် ဤတရားဒေသနာတော်ကို ဟောတော်မူ၏။ အသျှင်အာနန္ဒာသည် မြတ်စွာဘုရား၏ တရားဒေသနာတော်ကို ဝမ်းမြောက်ဝမ်းသာ လွန်စွာ နှစ်သက်လေပြီ။
နှစ်ခုမြောက် အာနန္ဒဘဒ္ဒေကရတ္တသုတ် ပြီး၏။