သုတ္တနိပါတ်ပါဠိတော်

၂-ဂုဟဋ္ဌကသုတ်

၇၇၉။ (ခန္ဓာတည်းဟူသော) လိုဏ်ဂူ၌ ငြိကပ်တတ်သော များစွာသော ကိလေသာ အပေါင်းဖြင့် ဖုံးလွှမ်းခံရသော တွေဝေစေတတ်သည့် ကာမဂုဏ်ငါးပါး၌ နစ်မြုပ်လျက် တည်သူသည် လောက၌ ကာမတို့ကို ပယ်ရန် မလွယ်ကုန်သောကြောင့် အမှန်အားဖြင့် ဆိတ်ငြိမ်မှု 'ဝိဝေက'မှ ဝေးကွာလှ၏။ (၁)

၇၈ဝ။ တဏှာလျှင် အကြောင်းရင်းရှိကုန်သော ဘဝ၌သာယာမှုတဏှာ၏ အချည်အ နှောင်ခံရကုန်သော ထိုသတ္တဝါတို့သည် နောက်အနာဂတ်ကာမတို့ကိုလည်းကောင်း၊ ရှေးအတိတ်ကာမတို့ကိုလည်းကောင်း့ငဲ့ကွက်ကုန်သည်ဖြစ်၍ ဤပစ္စုပ္ပန်ကာမ ရှေးဆိုပြီးအတိတ် အနာဂတ်ကာမတို့ကို လိုလားတောင့်တကုန်သည် ဖြစ်ရကား မိမိကိုယ်တိုင်လည်း လွတ်မြောက်ရန် ခဲယဉ်းကုန်၏။ အခြားသူတို့ကိုလည်း မလွတ်မြောက်စေနိုင်ကုန်။ (၂)

၇၈၁။ ကာမတို့၌ မက်မော လိုက်စား မိုက်မှားကုန်သောတရားကို မနာယူကြကုန်သော မညီညွတ်မှုဒုစရိုက်၌ သက်ဝင်ကုန်သော ထိုသတ္တဝါတို့သည် မရဏ ဒုက္ခနီးကပ်လာခဲ့ကုန်သော် ငါတို့သည် ဤဘဝမှစုတေကုန်မူကား အဘယ်သို့ ဖြစ်ကုန်မည်နည်းဟု ငိုကြွေးကြကုန်၏။ (၃)

၇၈၂။ ထို့ကြောင့် သာလျှင် သတ္တဝါသည် ဤသာသနာတော်၌ပင် သိက္ခာသုံးပါးကို ကျင့်ရာ၏။ လောက၌ မည်သည့်တရားကို မဆို မညီညွတ်မှု ဒုစရိုက်တရားဟူ၍ သိခဲ့မူ ထိုမညီညွတ်မှု၏အကြောင်းကြောင့် မညီမညွတ် မကျင့်ရာ၊ အကြောင်းသော်ကား ဤအသက်သည် တိုတောင်းလှ၏ဟု ပညာရှိတို့ ဆိုကြသောကြောင့် တည်း။ (၄)

၇၈၃။ လောကဝယ် ဘဝသုံးပါးတို့၌ တဏှာနှိပ်စက်ခံရသည်ဖြစ်၍ အမျိုးမျိုး တုန်လှုပ်နေသော ဤသတ္တဝါအပေါင်းကို ငါ မြင်ရ၏။ ဘဝကြီးငယ်တို့၌ တပ်မက်မှု 'တဏှာ' မကင်းကြကုန်သော ယုတ်ညံ့သူတို့သည် သေခါနီးအခါ သေမင်း၏ ခံတွင်း၌ ငိုကြွေး မြည်တမ်းကြရကုန်၏။ (၅)

၇၈၄။ ရေစီးပြတ်စဲ၍ ရေနည်းသော ချောင်းမြောင်း၌ လှုပ်ရှားနေသော ငါးတို့ကို တွေ့မြင်ကြရသကဲ့သို့ မြတ်နိုးဖွယ် ဝတ္ထုအာရုံ၌ လှုပ်ရှားနေသူတို့ကို ရှုကြကုန်လော့၊ ဤသို့ သော အပြစ်ကိုလည်း တွေ့မြင်ကြရသဖြင့် မြတ်နိုးခြင်းမရှိဘဲ ဘဝတို့၌ ကပ်ငြိတွယ်တာခြင်းမပြုမူ၍ ကျင့်ရာ၏။ (၆)

၇၈၅။ ပညာရှိသည် ဖဿနှင့် ဖဿဖြစ်ကြောင်း နှစ်ပါးသောတရားအစုတို့၌ ဆန္ဒရာဂကို ပယ်ဖျောက်၍ တွေ့ထိမှု 'ဖဿ'ကို ပိုင်းခြားသိပြီးလျှင် တပ်မက်မောမှု မရှိဘဲ မိမိကိုယ်ကို မိမိကဲ့ရဲ့အပ်သော အမှုကို မပြုလုပ်သောကြောင့် မြင်ရ ကြား ရသောတရားတို့၌ တဏှာဒိဋ္ဌိတို့ဖြင့်မလိမ်းကျံ မကပ်ငြိတော့ပေ။ (၇)

၇၈၆။ (ထိုပညာရှိသည်) ကာမ ရူပ အရူပသညာကို ပိုင်းခြားသိပြီး၍ သြဃ လေးဖြာ သံသရာကို ကူမြောက်ရာ၏။ သိမ်းဆည်းမှု တဏှာဒိဋ္ဌိတို့၌ မလိမ်းကျံသော ထိုရဟန္တာပုဂ္ဂိုလ်သည် ကိလေသာမြားငြောင့်ကို နုတ်ပြီးလျှင် မမေ့မလျော့ ကျင့်ပြီးသည်ဖြစ်၍ ဤပစ္စုပ္ပန်လောကနှင့်တမလွန်လောကကို မတောင့်တတော့ပေ။ (၈)

နှစ်ခုမြောက် ဂုဟဋ္ဌကသုတ် ပြီး၏။