အင်္ဂုတ္တရနိကာယ်

၄-ဒေဝဒူတဝဂ်

၈-စတုမဟာရာဇသုတ်

၃၈။ ရဟန်းတို့ လဆန်းပက္ခ လဆုတ်ပက္ခ၏ ရှစ်ရက်မြောက်နေ့၌ နတ်မင်းကြီး လေးယောက်တို့၏ အလုပ်အကျွေးနတ်တို့သည် ဤလောကကို လှည့်လည်စုံစမ်းကုန်၏ “လူ့ပြည်တို့၌ များစွာ ကုန်သော လူတို့သည် အမိ၌ ကောင်းစွာ ပြုသင့်သော ကျင့်ဝတ်ကို ကျင့်ကြပါကုန်၏လော၊ အဖ၌ ကောင်းစွာ ပြုသင့်သော ကျင့်ဝတ်ကို ပြုကျင့်ကြပါကုန်၏လော၊ သမဏ၌ ကောင်းစွာ ပြုသင့်သော ကျင့်ဝတ်ကို ပြုကျင့်ကြပါကုန်၏လော၊ ဗြာဟ္မဏတို့၌ ကောင်းစွာ ပြုသင့်သော ကျင့်ဝတ်ကို ပြုကျင့်ကြပါ ကုန်၏လော၊ အမျိုးထဲ၌ ကြီးသောသူ (အဖိုး အဖွား ဦးကြီး ဦးလေးစသည်)တို့ကို ရိုသေစွာ ပြုကျင့် ကြပါကုန်၏လော၊ ဥပုသ်သီတင်းကို ကျင့်သုံးကြပါကုန်၏လော၊ အကြိုအပိုနှင့်တကွ ဥပုသ်သီတင်းကို ကျင့်သုံးကြပါကုန်၏လော၊ ကောင်းမှုတို့ကို ပြုကြပါကုန်၏လော”ဟု (လှည့်လည်စုံစမ်းကုန်၏)။ ရဟန်းတို့ လဆုတ်ပက္ခ၏ တစ်ဆယ့်လေးရက်မြောက် လကွယ်နေ့၌ နတ်မင်းကြီးလေးယောက်တို့၏ သားတို့သည် ဤလောကကို လှည့်လည်စုံစမ်းကုန်၏ “လူ့ပြည်တို့၌ များစွာကုန်သော လူတို့သည် အမိ၌ ကောင်းစွာ ပြုသင့်သော ကျင့်ဝတ်ကို ပြုကျင့်ကြပါကုန်၏လော၊ အဖ၌ ကောင်းစွာ ပြုသင့်သော ကျင့်ဝတ်ကို ပြုကျင့်ကြပါကုန်၏လော၊ သမဏ၌ ကောင်းစွာ ပြုသင့်သော ကျင့်ဝတ်ကို ပြုကျင့်ကြပါကုန်၏လော၊ ဗြာဟ္မဏတို့၌ ကောင်းစွာ ပြုသင့်သော ကျင့်ဝတ်ကို ပြုကျင့်ကြပါကုန်၏လော၊ အမျိုးထဲ၌ ကြီးသော သူ (အဖိုး အဖွား ဦးကြီး ဦးလေးစသည်)တို့ကို ရိုသေစွာ ပြုကျင့်ကြပါကုန်၏လော၊ ဥပုသ်သီတင်းကို ကျင့်သုံးကြပါကုန်၏လော၊ အကြိုအပိုနှင့်တကွ ဥပုသ်သီတင်းကို ကျင့်သုံးကြပါကုန်၏လော၊ ကောင်းမှုကို ပြုကြပါကုန်၏လော”ဟု (လှည့်လည်စုံစမ်းကုန်၏)။ ရဟန်းတို့ လဆန်းတစ်ဆယ့်ငါးရက်မြောက် ဥပုသ် နေ့၌ နတ်မင်းကြီးလေးယောက်တို့သည် ကိုယ်တိုင်ပင်လျှင် ဤလောကကို လှည့်လည်စုံစမ်းကုန်၏ “လူ့ပြည်တို့၌ များစွာကုန်သော လူတို့သည် အမိ၌ ကောင်းစွာ ပြုသင့်သော ကျင့်ဝတ်ကို ပြုကျင့်ကြပါ ကုန်၏လော၊ အဖ၌ ကောင်းစွာ ပြုသင့်သော ကျင့်ဝတ်ကို ပြုကျင့်ကြပါကုန်၏လော၊ သမဏ၌ ကောင်းစွာ ပြုသင့်သော ကျင့်ဝတ်ကို ပြုကျင့်ကြပါကုန်၏လော၊ ဗြာဟ္မဏတို့၌ ကောင်းစွာ ပြုသင့်သော ကျင့်ဝတ်ကို ပြုကျင့်ကြပါကုန်၏လော၊ အမျိုးထဲ၌ ကြီးသောသူ (အဖိုး အဖွား ဦးကြီး ဦးလေးစသည်)တို့ကို ရိုသေစွာ ပြုကျင့်ကြပါကုန်၏လော၊ ဥပုသ်သီတင်းကို ကျင့်သုံးကြပါကုန်၏လော၊ အကြိုအပိုနှင့်တကွ ဥပုသ်သီတင်း ကို ကျင့်သုံးကြပါကုန်၏လော၊ ကောင်းမှုကို ပြုကြပါကုန်၏လော”ဟု (လှည့်လည် စုံစမ်းကုန်၏)။

ရဟန်းတို့ လူ့ပြည်တို့ဝယ် အမိ၌ ကောင်းစွာ ပြုသင့်သော ကျင့်ဝတ်ကို ပြုကျင့်ကုန်သော၊ အဖ၌ ကောင်းစွာ ပြုသင့်သော ကျင့်ဝတ်ကို ပြုကျင့်ကုန်သော၊ သမဏ၌ ကောင်းစွာ ပြုသင့်သော ကျင့်ဝတ်ကို ပြုကျင့် ကုန်သော၊ ဗြာဟ္မဏတို့၌ ကောင်းစွာ ပြုသင့်သော ကျင့်ဝတ်ကို ပြုကျင့်ကုန်သော၊ အမျိုးထဲ၌ ကြီးသောသူ (အဖိုး အဖွား ဦးကြီး ဦးလေးစသည်)တို့ကို ရိုသေစွာ ကျင့်ကုန်သော၊ အကြိုအပိုနှင့်တကွ ဥပုသ်သီတင်းကို ကျင့်သုံးကုန်သော၊ ကောင်းမှုကို ပြုလုပ်သော လူတို့သည် အကယ်၍နည်းပါးကုန်ငြားအံ့၊ ရဟန်းတို့ နတ်မင်းကြီးလေးယောက်တို့သည် ထို အကြောင်းကို သုဓမ္မာနတ်သဘင်၌ အညီ့အညွတ် စည်းဝေးထိုင်နေကုန်သော တာဝတိံ သာနတ်တို့အား ပြောကြားကုန်၏ “အသျှင်နတ်မင်းတို့ လူ့ပြည်၌ အနည်းငယ်သော လူတို့သည်သာလျှင် အမိ၌ ကောင်းစွာ ပြုသင့်သော ကျင့်ဝတ်ကို ပြုကျင့် ကုန်၏၊ အဖ၌ ကောင်းစွာ ပြုသင့်သော ကျင့်ဝတ်ကို ပြုကျင့်ကုန်၏၊ သမဏ၌ ကောင်းစွာ ပြုသင့်သော ကျင့်ဝတ်ကို ပြုကျင့်ကုန်၏၊ ဗြာဟ္မဏတို့၌ ကောင်းစွာ ပြုသင့်သော ကျင့်ဝတ်ကို ပြုကျင့်ကုန်၏၊ အမျိုးထဲ၌ ကြီးသောသူ (အဖိုး အဖွား ဦးကြီး ဦးလေးစသည်)တို့ကို ရိုသေစွာ ပြုကျင့်ကြကုန်၏၊ ဥပုသ် သီတင်းကို ကျင့်သုံးကုန်၏၊ အကြိုအပိုနှင့်တကွ ဥပုသ်သီတင်းကို ကျင့်သုံးကုန်၏၊ ကောင်းမှုကို ပြုလုပ် ကုန်၏”ဟု (ပြောကြားကုန်၏)။ ရဟန်းတို့ ထိုအခါ၌ “အချင်းတို့ နတ်ပြည်တို့သည် ဆုတ်ယုတ်ကုန် လိမ့်တကား၊ အပါယ်လေးဘုံတို့သည် စည်ကားကုန်လိမ့်တကား”ဟု တာဝတိံ သာနတ်တို့သည် နှလုံး မသာဖြစ်ကြကုန်၏။

ရဟန်းတို့ လူ့ပြည်တို့ဝယ် အမိ၌ ကောင်းစွာ ပြုသင့်သော ကျင့်ဝတ်ကို ပြုကျင့်ကုန်သော၊ အဖ၌ ကောင်းစွာ ပြုသင့်သော ကျင့်ဝတ်ကို ပြုကျင့်ကုန်သော၊ သမဏ၌ ကောင်းစွာ ပြုသင့်သော ကျင့်ဝတ်ကို ပြုကျင့် ကုန်သော၊ ဗြာဟ္မဏတို့၌ ကောင်းစွာ ပြုသင့်သော ကျင့်ဝတ်ကို ပြုကျင့်ကုန်သော၊ အမျိုးထဲ၌ ကြီးသောသူ (အဖိုး အဖွား ဦးကြီး ဦးလေးစသည်)တို့ကို ရိုသေစွာ ကျင့်ကုန်သော၊ ဥပုသ်သီတင်းကို ကျင့်သုံးကုန်သော၊ အကြိုအပိုနှင့်တကွ ဥပုသ်သီတင်းကို ကျင့်သုံးကုန်သော၊ ကောင်းမှုကို ပြုလုပ်ကုန် သော လူတို့သည် အကယ်၍ များကုန်ငြားအံ့၊ ရဟန်းတို့ နတ်မင်းကြီးလေးယောက်တို့သည် ထို အကြောင်းကို သုဓမ္မာနတ်သဘင်၌ အညီအညွတ် စည်းဝေးထိုင်နေကုန်သော တာဝတိံသာနတ်တို့အား ပြောကြားကုန်၏ “အသျှင်နတ်မင်းတို့ လူ့ပြည်၌ များစွာသော လူတို့သည် အမိ၌ ကောင်းစွာ ပြုသင့် သော ကျင့်ဝတ်ကို ပြုကျင့်ကုန်၏၊ အဖ၌ ကောင်းစွာ ပြုသင့်သော ကျင့်ဝတ်ကို ပြုကျင့်ကုန်၏၊ သမဏ၌ ကောင်းစွာ ပြုသင့်သော ကျင့်ဝတ်ကို ပြုကျင့်ကုန်၏၊ ဗြာဟ္မဏတို့၌ ကောင်းစွာ ပြုသင့်သော ကျင့်ဝတ်ကို ပြုကျင့်ကုန်၏၊ အမျိုးထဲ၌ ကြီးသောသူ (အဖိုး အဖွား ဦးကြီး ဦးလေးစသည်)တို့ကို ရိုသေစွာ ကျင့် ကုန်၏၊ ဥပုသ်သီတင်းကို ကျင့်သုံးကုန်၏၊ အကြိုအပိုနှင့်တကွ ဥပုသ်သီတင်းကို ကျင့်သုံးကုန်၏၊ ကောင်းမှုကို ပြုလုပ်ကြကုန်၏”ဟု (ပြောကြားကုန်၏)။ ရဟန်းတို့ ထိုအခါ၌ “အချင်းတို့ နတ်ပြည်တို့သည် စည်ကားကြကုန်လိမ့်တကား အပါယ်လေးဘုံတို့သည် ဆုတ်ယုတ်ကုန်လိမ့်တကား”ဟု တာဝတိံ သာနတ်တို့သည် ဝမ်းမြောက်ကြကုန်၏။

ရဟန်းတို့ ရှေးအခါက နတ်တို့၏အရှင် သိကြားမင်းသည် တာဝတိံ သာနတ်တို့ကို သိစေလိုသည်ဖြစ်၍ ထို အချိန်၌ ဤဂါထာကို ရွတ်ဆိုလေ၏— “အကြင်သူသည် ငါနှင့်တူသူ ဖြစ်ရာ၏၊ ထိုသူသည် လဆန်းပက္ခ လဆုတ်ပက္ခ၏ တစ်ဆယ့်လေးရက်မြောက် တစ်ဆယ့်ငါးရက်မြောက်နေ့တို့၌လည်းကောင်း၊ လဆန်း ပက္ခလဆုတ်ပက္ခ၏ ရှစ်ရက်မြောက်နေ့တို့၌လည်းကောင်း၊ အလွတ်ရက်ရှည်နေ့တို့၌လည်းကောင်း အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော ဥပုသ်ကို ကျင့်သုံးဆောက်တည် ရာ၏”ဟု (ရွတ်ဆို၏)။

ရဟန်းတို့ နတ်တို့၏အရှင် သိကြားမင်းသည် ထို ဂါထာကို မကောင်းသောအားဖြင့် သီဆိုအပ်၏၊ ကောင်းသောအားဖြင့် သီဆိုအပ်သည် မဟုတ်ပေ။ မှားသောအားဖြင့် ရွတ်ဆိုအပ်၏၊ မှန်သောအားဖြင့် ရွတ်ဆိုအပ်သည် မဟုတ်ပေ။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ရဟန်းတို့ နတ်တို့၏အရှင် သိကြားမင်းသည် ရာဂ ဒေါသ မောဟ မကင်းသေးသောကြောင့်ပေတည်း။

ရဟန်းတို့ အကြင် ရဟန်းသည် အာသဝေါကုန်ပြီးသူ မဂ်အကျင့်ကို ကျင့်သုံးပြီးသူ မဂ်ကိစ္စကို ပြုပြီးသူ ခန္ဓာဝန်ကို ချပြီးသူ မိမိ အကျိုး အရဟတ္တဖိုလ်သို့ ရောက်ပြီးသူ ဘဝသံယောဇဉ်ကုန်ပြီးသူ ကောင်းစွာ သိ၍ လွတ်မြောက်ပြီးသူ ရဟန္တာ ဖြစ်၏။ ရဟန်းတို့ ထိုရဟန်းအားသာ ဤဂါထာကို ရွတ်ဆိုခြင်းငှါ သင့်လျော်၏— ့“အကြင်သူသည် ငါနှင့်တူသူ ဖြစ်ရာ၏၊ ထိုသူသည် လဆန်းပက္ခ လဆုတ်ပက္ခ၏ တစ်ဆယ့်လေးရက်မြောက် တစ်ဆယ့်ငါးရက်မြောက်နေ့တို့၌လည်းကောင်း၊ လဆန်း ပက္ခလဆုတ်ပက္ခ၏ ရှစ်ရက်မြောက်နေ့တို့၌လည်းကောင်း၊ အလွတ်ရက်ရှည်နေ့တို့၌လည်းကောင်း အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော ဥပုသ်ကို ကျင့်သုံးဆောက်တည်ရာ၏”ဟု (ရွတ်ဆိုခြင်းငှါ သင့်လျော်၏)။

ထိုသို့ သင့်လျော်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ရဟန်းတို့ ထိုရဟန်းသည် ရာဂ ဒေါသ မောဟ ကင်းပြီးသောကြောင့်တည်း။ ရဟန်းတို့ ရှေးအခါက နတ်တို့အရှင် သိကြားမင်းသည် တာဝတိံသာနတ်တို့ကို သိစေလိုသည်ဖြစ်၍ ထို အချိန်၌ ဤဂါထာကို ရွတ်ဆိုလေ၏၊— “အကြင်သူသည် ငါနှင့်တူသူ ဖြစ်ရာ၏၊ ထိုသူသည် လဆန်းပက္ခ လဆုတ်ပက္ခ၏ တစ်ဆယ့်လေးရက်မြောက် တစ်ဆယ့်ငါးရက်မြောက်နေ့တို့၌လည်းကောင်း၊ လဆန်း ပက္ခလဆုတ်ပက္ခ၏ ရှစ်ရက်မြောက်နေ့တို့၌လည်းကောင်း၊ အလွတ်ရက် ရှည်နေ့တို့၌လည်းကောင်း အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော ဥပုသ်ကို ကျင့်သုံးဆောက်တည် ရာ၏”ဟု (ရွတ်ဆို၏)။

ရဟန်းတို့ နတ်တို့၏အရှင် သိကြားမင်းသည် ထို ဂါထာကို မကောင်းသောအားဖြင့် သီဆိုအပ်၏၊ ကောင်းသောအားဖြင့် သီဆိုအပ်သည် မဟုတ်ပေ။ မှားသောအားဖြင့် ရွတ်ဆိုအပ်၏၊ မှန်သောအားဖြင့် ရွတ်ဆိုအပ်သည် မဟုတ်ပေ။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ရဟန်းတို့ နတ်တို့၏အရှင် သိကြားမင်းသည် ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်း စိုးရိမ်ခြင်း ငိုကြွေးခြင်း ဆင်းရဲခြင်း နှလုံးမသာခြင်း ပြင်းစွာပင်ပန်းခြင်းတို့မှ မကင်းလွတ်သေးသောကြောင့် ဆင်းရဲမှ မလွတ်ဟု ငါဆို၏။

ရဟန်းတို့ အကြင် ရဟန်းသည် အာသဝေါကုန်ပြီးသူ မဂ်အကျင့်ကို ကျင့်သုံးပြီးသူ မဂ်ကိစ္စကို ပြုပြီးသူ ခန္ဓာဝန်ကို ချပြီးသူ မိမိအကျိုး အရဟတ္တဖိုလ်သို့ ရောက်ပြီးသူ ဘဝသံယောဇဉ်ကုန်ပြီးသူ ကောင်းစွာ သိ၍ လွတ်မြောက်ပြီးသူ ရဟန္တာဖြစ်၏။ ရဟန်းတို့ ထိုရဟန်းအားသာ ဤဂါထာကို ရွတ်ဆိုခြင်းငှါ သင့်လျော်၏— “အကြင်သူသည် ငါနှင့်တူသူ ဖြစ်ရာ၏၊ ထိုသူသည် လဆန်းပက္ခ လဆုတ်ပက္ခ၏ တစ်ဆယ့်လေးရက်မြောက် တစ်ဆယ့်ငါးရက်မြောက်နေ့တို့၌လည်းကောင်း၊ လဆန်း ပက္ခ လဆုတ်ပက္ခ၏ ရှစ်ရက်မြောက်နေ့တို့၌လည်းကောင်း၊ အလွတ်ရက်ရှည်နေ့တို့၌လည်းကောင်း အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော ဥပုသ်ကို ကျင့်သုံးဆောက်တည် ရာ၏”ဟု (ရွတ်ဆိုခြင်းငှါ သင့်လျော်၏)။

ထိုသို့ သင့်လျော်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ရဟန်းတို့ အကြင် အကြောင်းကြောင့် ထိုရဟန်းသည် ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်း စိုးရိမ်ခြင်း ငိုကြွေးခြင်း ဆင်းရဲခြင်း နှလုံးမသာခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့မှ ကင်းလွတ်ပြီးသောကြောင့် ဆင်းရဲမှ လွတ်၏ဟု ငါဆို၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။